သတင်း

မန္တလေး-ပြင်ဦးလွင်လမ်းသစ်စီမံကိန်း ဆိုင်းငံ့ရန် တိုင်းအစိုးရ ဆုံးဖြတ်

မန္တလေး- ပြင်ဦးလွင် ကားလမ်းသစ်ဖောက်လုပ်ခြင်း စီမံကိန်းကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ကန့်ကွက် ထားသဖြင့် ဆိုင်းငံ့ထားကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။

“လမ်းသစ်စီမံကိန်းမှာ သစ်တောမြေတွေနဲ့ အဖိုးတန်သစ်တွေ ပါနေတာရှိတယ်၊ ဝန်ကြီး ဌာန ၂ ခုကလည်း ခေတ္တဆိုင်းငံ့ဖို့ သဘောထား မှတ်ချက်ပြုထားတဲ့အတွက် လမ်းဖောက်မယ့် ကုမ္ပဏီကို တိုင်းအစိုးရအဖွဲ့က ဆိုင်းငံ့ခိုင်းထားပါတယ်” ဟု ဝန်ကြီးဦးဇာနည်အောင်က ပြောသည်။

စီမံကိန်းတွင် ပုသိမ်ကြီးမြို့နယ် စိိုက်ပျိုးရေး သိပ္ပံကျောင်းဧရိယာ အတွင်း လည်းကောင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ စခန်းကြီး သစ်တောကြိုးဝိုင်းနှင့် တောင်ကျွန်း သစ်တောကြိုးဝိုင်း အတွင်းက တမလန်းနှင့် အခြားသစ်မာပင် စုစုပေါင်း ၇၀၀၀၀ ကျော်ကို ခုတ်လှဲ ပစ်ရမည်ဖြစ်သောကြောင့် ယင်းစီမံကိန်းနှင့် ပတ်သက်၍ သုံးသပ်ချက်များကို လျှပ်စစ်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနက တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ မေလလယ်ပိုင်းက တင်ပြခဲ့ရာ ဝန်ကြီးဌာန ၂ ခုက ခေတ္တဆိုင်းငံ့ရန် သဘောထားမှတ်ချက်ကို စက်တင်ဘာ လကုန်ပိုင်းတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် လမ်းသစ်ဖောက်လုပ်ရာတွင်လည်း ဆောက်လုပ်ရေးဝန်ကြီး ဌာန လက်အောက်ရှိ လမ်းဦးစီးဌာန၏ ခွင့်ပြုချက် တစုံတရာမရဘဲ ဖောက်လုပ်ခွင့်မရှိသဖြင့် ဌာနက ဆိုင်းငံ့ထားကြောင်း သိရသည်။

မန္တလေး-ပြင်ဦးလွင်လမ်းသစ် စီမံကိန်း မစတင်မီ ၂၀၁၆ နှစ်ဆန်းပိုင်းက စီမံကိန်းတွင် ပါဝင်သည့် ပုသိမ်ကြီး မြို့နယ်အတွင်းရှိ လယ်မြေဧကများကို အပြိုင်အဆိုင်ဝယ်ယူမှုများ ရှိခဲ့ရာ တဧကလျှင် ကျပ်သိန်း ထောင်ဂဏန်းအထိ စျေးရှိခဲ့သော်လည်း စီမံကိန်း ရပ်ထားရမည့် အခြေအနေကြောင့် လတ်တလောတွင် ဝယ်လက် မရှိသလောက် ဖြစ်သွားကြောင်း ရွှေမန္တလေးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၏ မန်နေဂျင်း ဒါရိုက်တာ ဦးနေလင်းအောင်က ပြောသည်။

အဆိုပါ လမ်းစီမံကိန်းကို၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက တိုင်းအစိုးရအဖွဲ့ဟောင်းက AXION ကုမ္ပဏီအား BOT စနစ်ချထားပေးခဲ့ခြင်း ဖြစ်ပြီး ကုမ္ပဏီက လမ်းဖောက်လုပ်ခြင်းလုပ်ငန်းအတွက် ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှပ်နှံမှုပြုလုပ်မည်ဖြစ်ကြောင်း BOT စာချုပ်အရ သိရသည်။

BOT စာချုပ်အရ ကုမ္ပဏီက လမ်းအသုံးပြုခများ ကောက်ခံသွားမည်ဖြစ်ပြီး လုပ်ငန်းစတင်သည့်ပထမနှစ်မှ ၅ နှစ်အတွင်း အခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ရာ လုပ်ပိုင်ခွင့်သက်တမ်းမှာ နှစ် ၆၀ ရရှိမည်ဖြစ်ကြောင်း သိရသည်။
“တိုင်းအတွက် ဘာတွေအကျိုးရနိုင်မလဲ၊ နစ်နာမှုရှိမလဲဆိုတာတွေ ပြန်သုံးသပ်ပါမယ်။ ဒီလမ်းဖောက် လိုက်ရင် Traffic အတွက်ကတော့ ပြေလည်မှုရသွားမှာ မှန်ပေမယ့် ဒေသစီးပွားရေး ဖွံ့ဖြိုးဖို့ဆိုတာ အဲဒီ လမ်းအနီးအနားမှာ လူနေအိမ်ခြေတောင် သိပ်မရှိပါဘူး၊ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်က နောင်မှာ ဒီလမ်းကို အမှီပြုပြီး မြို့တည်မယ့်သဘောမျိုးရှိတယ်” ဟု ဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။

စီမံကိန်းကို ဆိုင်းင့ံထားစေသည့် ဝန်ကြီး ဌာန၂ ခု၏ သဘာထား မှတ်ချက်များ အပေါ် လုပ်ပိုင်ခွင့်ရကုမ္ပဏီနှင့်ပေါင်းစပ် ညှိနှိိုင်းဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

“ဒီနှစ်ဆန်းပိုင်းလောက်က မေမြို့လမ်းသစ်ဖောက်မယ့် နေရာက လယ်မြေတွေက စျေးမရှိတဲ့ အခြေအနေကနေ တကွက်ကို သိန်းထောင်ချီဖြစ်သွားတယ်။ စီမံကိန်းရှိတဲ့ နေရာမှာ ကြိုပြီးလာဝယ် ကြတာလေ။ တကွက်ချင်း ဝယ်တဲ့သူတွေရှိသလို ဧက ရာချီဝယ်ထားတာတွေလည်းရှိတယ်” ဟု ဦးနေလင်းအောင်က ပြောသည်။

မန္တလေး-ပြင်ဦးလွင်ကားလမ်းသည် တရုတ်ပြည် နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့ အထိ ဆက်စပ်နေသည့် ကုန်စည်ပို့ဆောင်ရေး လမ်းပိုင်း၏ တစိတ်တဒေသဖြစ်ရာ ခရီးသွားရာသီနှင့် အသွားအလာများသည့် ကာလများတွင် အပန်းဖြေ လာသည့်ယာဉ်များ၊ ကုန်စည်ပို့သည့် တွဲကားများနှင့် မကြာခဏ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလေ့ရှိသည့် လမ်းကြောလည်း ဖြစ်သည်။

Loading