ရခိုင်အရေးမှာ ဘာသာရေးပဋိပက္ခမဟုတ် သွေးထိုးလှုံဆော်မှုဖြစ်ဟု ကာချုပ်ပြော
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိဖြစ်ပွားနေသည့် ရခိုင် ပြည်နယ် အရေးကိစ္စများသည် ဘာသာရေးပဋိပက္ခများမဟုတ်ဘဲ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ အရေးအကြီးဆုံးမှာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လိုက်နာ ရန်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံသားများကို ကာကွယ်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများ သည် နံပါတ်တစ်ဦးစားပေးဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ပတ်သက်၍ နိုင်ငံတကာ ကျင့်ထုံးများနှင့် အညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နယ်သာလန် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Bert Koenders နှင့် မနေ့က နေပြည်တော်၌ တွေ့ဆုံရာတွင် ပြောဆိုလိုက်ပါတယ်။
မိမိနိုင်ငံ ဗြိတိသျှကိုလိုနီ လက်အောက်ကျရောက်စဉ် ဘင်္ဂလားနယ်မှခေါ်လာသည့် ဘင်္ဂါလီများ မြန်မာ နိုင်ငံ ရခိုင်ဒေသသို့ရောက်ရှိပြီး မပြန်တော့ခြင်းမှ ဒေသခံများနှင့် ပဋိပက္ခစတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းတို့သည် မြန်မာနိုင်ငံဓလေ့ထုံးစံများကို လိုက်နာခြင်းမရှိသဖြင့် ဒေသခံရခိုင်တိုင်းရင်းသားများက လက်မခံနိုင်ကြောင်း၊ ၄င်းဘင်္ဂါလီများအနေဖြင့် ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်မှုဥပဒေအရ စစ်ဆေးမှုကို မခံယူကြောင်း၊ အရေးကြီးဆုံးမှာ ဥပဒေနှင့်အညီစစ်ဆေးမှုကို ခံယူခြင်း၊ ဥပဒေနှင့်ညီညွတ်သူများကို ရသင့်ရထိုက်သည့် အခွင့်အရေးများပေးခြင်း၊ ဥပဒေနှင့်မကိုက်ညီ သည်များကိုလည်း UNHCR ၏ အစီအစဉ်ဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီဆောင်ရွက်မှုများအား အကောင်းဆုံး ကူညီလုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ဆက်လက် ပြောပါတယ်။
နယ်သာလန်နိုင်ငံခြားရေး ဝန်ကြီးကလည်း ရခိုင်ဒေသဖြစ်စဉ်မှာ ဆွေစဉ်မျိုးဆက် စဉ်းစားလုပ်ဆောင် ရခြင်း၊ အခြားနိုင်ငံဒေသမှ မြန်မာနိုင်ငံအတွင်း ပြောင်းရွှေ့ဝင်ရောက် ပေါက်ဖွားလာကြသူများ ဖြစ်ခြင်း တို့ကြောင့် ဖြေရှင်းရန် လွန်စွာခက်ခဲပါကြောင်း၊ ဥပဒေနှင့်ကိုက်ညီသူများသာ နိုင်ငံသားဖြစ်ခွင့်ရှိသည် မှာ လည်း သဘာဝကျပါကြောင်း၊ ပြဿနာပိုမိုကြီးထွား မလာစေရန်အတွက် အဓိကထား စီမံဆောင် ရွက်သင့်သည်ကို အကြံပြုလိုကြောင်း၊ ကိုဖီအာနန်၏ ကော်မရှင်ဖွဲ့စည်း ဆောင်ရွက်နေသည်ကိုလည်း သိရှိပါကြောင်း၊ နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာကို လေးစားစွာထည့်သွင်း စဉ်းစားရန်၊ စိတ်ကောင်း စေတနာကောင်းဖြင့် ဆောင်ရွက်ရန်လိုပါကြောင်း ပြန်လည်ဆွေးနွေးခဲ့တယ်လို့ လည်း မြဝတီသတင်းက ဆိုပါတယ်။
ကာကွယ်ရေးဦးစီးချုပ်နှင့် နယ်သာလန်နိုင်ငံခြားရေး ဝန်ကြီးသည် ရခိုင်အရေးသာမက နှစ်နိုင်ငံအကျိုး စီးပွားအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စွမ်းရည်ဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်မှ ပါဝင်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေးတိုးမြှင့်ရေး၊ စစ်ဘက်အရပ်ဘက်ဆက်ဆံရေး၊ ပဋိပက္ခ ဖြေရှင်းမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သင်တန်းများတက်ရောက်ရေး၊ မြန်မာ့တပ်မတော်မှ ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးတပ်ဖွဲ့များတွင် ပါဝင်တာဝန်ထမ်းဆောင်မှု တို့ကို ဆွေးနွေးကြောင်းသိရပါတယ်။