ဗြိတိန် အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန် ဘာကိုး (John Bercow) က ကချင်၊ ရှမ်းပြည် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ပဋိပက္ခဒဏ် ခံစားနေရသော လူ့သိုင်းအဝိုင်းများသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ကန့်သတ်ခြင်းကို အလျင်အမြန် ဖယ်ရှားသင့်ကြောင်း ပြောကြားခဲ့သည်။
စက်တင်ဘာလ ၇ ရက်နေ့တွင်် Park Royal ဟိုတယ်၌ ရန်ကုန် နိုင်ငံရေး သိပ္ပံကျောင်းနှင့် ပူးတွဲ ကျင်းပခဲ့သော အခမ်းအနားတခုတွင် ဗြိတိန် လွှတ်တော် ဥက္ကဋ္ဌက မြန်မာပြည်သူများအား၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ခြင်း နှင့် ယခုအချိန်အထိ ရရှိထားသော ဒီမိုကရေစီ ရလဒ်များအတွက် ဂုဏ်ပြုခဲ့သည်။ ယခင်အစိုးရ၏ အပြုသဘော ဆောင်သော ဆောင်ရွက်မှုများကို အသိအမှတ်ပြုသော်လည်း ပြီးဆုံးအောင် လုပ်ဆောင်ရန် အများကြီး လိုအပ်သေးကြောင်းလည်း ပြောကြားခဲ့သည်။
တက်ရောက်သော ပရိတ်သတ် ၅၀၀ ရှေ့တွင် သူက အားကောင်းသော လွှတ်တော်နှင့် တခြား ဒီမိုကရီစီ အဖွဲ့ အစည်းများ၊ သင့်လျော်သည့် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေး၊ လူမျိုးဘာသာ ခွဲခြားဆက်ဆံမှုများ အဆုံးသတ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲမှတဆင့် ပြည်တွင်းစစ် ဖြေရှင်းရေး၊ အောက်ခြေအဆင့်အထိ အာဏာဖြန့်ဝေပေးရေးတို့ အပါအဝင် မြန်မာနိုင်ငံ၏ ဦးစားပေး ဆောင်ရွက်ရမည့် အချက်များကို အလေးပေး ပြောကြားခဲ့သည်။
ဆယ်စုနှစ်များစွာ ပဋိပက္ခ ဖြစ်ပွားခဲ့သော အိုင်ယာလန် မြောက်ပိုင်းတွင် ကြာရှည်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို နိုင်ငံရေး ဆွေးနွေးပွဲမှတဆင့် ဖြေရှင်းခဲ့ခြင်း နှင့် စကော့တလန်နှင့် ဝေလနိုင်ငံတွင် အာဏာခွဲဝေပေးခဲ့သည့် အကြောင်း များကို မြန်မာနိုင်ငံမှ ပဋိပက္ခများ ဖြေရှင်းရေးအတွက် ဥပမာများအဖြစ် သူက ပြောကြားခဲ့သည်။
John Bercow က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ရင်းနှီးသော ဆက်ဆံရေးရှိကြောင်း ပြောကြားခဲ့။ (၎င်းတို့ နှစ်ဦးသည် လန်ဒန်တွင် တွေ့ဆုံခဲ့ကြပြီး ပြီးခဲ့သည့်လကလည်း နေပြည်တော်တွင် တွေ့ဆုံခဲ့ကြ သည်။) လွန်ခဲ့သော ၁၂ နှစ်က ကရင်ဒုက္ခသည်စခန်းသို့ ရောက်ရှိခဲ့သောအခါတွင် မြန်မာနိုင်ငံ၏ ဆယ်စုနှစ်များစွာ ရှည်လျားသော ပြည်တွင်းစစ်၌ ပိတ်မိနေခဲ့သော ပြည်သူများ၏ ကြီးစွာသော ဒုက္ခများကို ကြားသိခဲ့ရသည့် အတွေ့အကြုံ များကိုလည်း ပြောသည်။
ထို့အပြင် ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ပိုင်းကဲ့သို့ လက်ရှိ ပဋိပက္ခဖြစ်ပွားသော နေရာများမှ ဆိုးရွားသော အခြေအနေနှင့် ပတ်သက်၍ “အကူအညီတွေက လိုအပ်နေတဲ့ သူတွေဆီကို အမြဲတမ်း မရောက်ဘူး” ဟု John Bercow က ပြောသည်။
John Bercow က ၎င်းနှင့် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်က ပဋိပက္ခ ဖြစ်ပွားသော ဒေသများတွင် ရွေ့ပြောင်းနေရာချခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် တရားလက်လွတ် သတ်ဖြတ်ခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်းကို ဆွေးနွေးခဲ့ကြောင်း ပြောသည်။
အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် အစိုးရ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အကြား တိုက်ပွဲများကြောင့် လူပေါင်း ၁ သိန်း ခန့် နေအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ ပြီးခဲ့သည့် သီတင်းပတ်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ထောင်ပေါင်းများစွာသော ပြည်သူများက ကချင်ပြည်နယ်တွင် တပ်မတော်၏ ထိုးစစ်စင်ခြင်း ရပ်တန့်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
ပြီးခဲ့သည့် လအတွင်းက ကချင်ပြည်နယ်တွင် တပ်မတော်က မြေပြင်တိုက်ခိုက်မှု အပြင် လေကြောင်းမှ လည်းကောင်း၊ လက်နက်ကြီးများ အသုံးပြု၍ လည်းကောင်း တိုက်ခိုက်ခဲ့သည်။
မကြာသေးခင် လများအတွင်းတွင် KIA ထိန်းချုပ်သော ဒေသများ (တရုတ်-မြန်မာ နယ်စပ် အစွန်အဖျား နေဒေသများ အပါအဝင်) ရှိ ရွေ့ပြောင်းဒုက္ခသည် စခန်းများသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးပို့ရာတွင် တပ်မတော်၏ ဟန့်တားမှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နီးစပ်သော သတင်း အရင်းအမြစ်များနှင့် မြစ်ကြီးနား အခြေစိုက် ဒေသခံ လှုမှုကွန်ရက်အဖွဲ့တခု၏ အဆိုအရ သိရသည်။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းများက ကချင်ပြည်နယ် အစိုးရနှင့် ပြုလုပ်သော အစည်းအဝေး၌ ထိုသို့ ကန့်သတ်မှုများကို ဖယ်ရှားရန် တင်ပြခဲ့သည်။ ထိုအစည်းအဝေးသို့ တပ်မတော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် KIA ထိန်းချုပ်ဒေသများသို့ အကူအညီများ ပေးပို့ရန် ပြည်ထောင်စု အစိုးရထံမှ ခွင့်ပြုချက် ယူရသလို ကချင်ပြည်နယ် အစိုးရထံမှ ခွင့်ပြုချက်လည်း တောင်းခံရသည်ဟု သိရသည်။ ထိုသို့ ဆောင်ရွက်ခဲ့သည့်တိုင် မြစ်ကြီးနားတွင် အခြေစိုက်သည့် မြောက်ပို်င်းတိုင်း စစ်ဌာနချုပ်က အကူအညီပေးပို့ ခွင့်ကို ငြင်းပယ်ခဲ့သည်။