ဒီမိုကရက်တစ် မြန်မာ့ အသံ သတင်း ဌာန(DVB) ၏ ပဲခူးတိုင်း လက်ပံတန်းမြို့အခြေစိုက် အလွတ် သတင်းထောက် ကိုဝဏ္ဏထွန်း နှင့် ဒေသခံ ကိုရဲနိုင် ဆိုသူတို့အား လက်ပံတန်းမြို့နယ် ရေငံ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနိုင်ဦး က အီလက်ထရွန်နစ် ဆက်သွယ်ရေး ပုဒ်မ နှင့် အမှုဖွင့် စွဲဆိုထားကြောင်း သိရသည်။
တောင်သူများ၏ စိုက်ပျိုးစရိတ် ချေးငွေများကို ဦးနိုင်ဦးက မမှန်မကန် ထုတ်ယူ အသုံးပြုနေကြောင်း ကိုဝဏ္ဏထွန်း ရိုက်ကူးထားသော ရုပ်သံဖိုင်ကို လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်သို့ ကိုရဲနိုင် က တင်လိုက်ခြင်းနှင့် ပတ်သက်၍ ပြီးခဲ့ သည့် အောက်တိုဘာလ ၆ ရက်နေ့က လက်ပံတန်းမြို့မ ရဲစခန်းတွင် အီလက်ထရွန်နစ် ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ယင်း ရုပ်သံဖိုင်သည် ရေငံအုပ်စုအပိုင် သစ်ဆိမ့်ပင်ကျေးရွာမှ တောင်သူများက DVB သတင်းထောက် ကိုဝဏ္ဏထွန်းထံ စက်တင်ဘာလ ၁၃ ရက်က သတင်းရေးသားပေးရန် လာရောက်ပြောဆိုခဲ့သဖြင့် သတင်း မျှတမှုရှိစေရန် သက်ဆိုင် ရာ အဖွဲ့အစည်းများနှင့် တိုင်ကြားခံရသူ အုပ်ချုပ်ရေးမှူးတို့အား သွားရောက် တွေ့ဆုံမေးမြန်းပြီး DVB သတင်းဌာနသို့ သတင်းပေးပို့ခဲ့သော်လည်း ရုပ်သံသတင်း မလွှင့်ဖြစ်ဘဲ သတင်းအကျဉ်းသာ ဖတ်သွားခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ကိုဝဏ္ဏထွန်း က ပြောပြသည်။
ထိုသို့ သတင်း မလွှင့်ဖြစ်သည့် အပေါ် ကိုဝဏ္ဏထွန်း က ရေငံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးထံမှ ငွေကြေးရယူ၍ သတင်း မလွှင့်ခဲ့ခြင်း ဖြစ်သည်ဟု တောင်သူများက အထင်အမြင် လွဲမှားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တောင်သူများနှင့် ဆက်သွယ်ပေးသူ ဖြစ်သော ကိုရဲနိုင်ကလည်း ဖေ့စ်ဘုတ် ပေါ်တွင် ဝေဖန်ပြောဆိုမှုများ ပြုလုပ် သဖြင့် DVB သတင်း ဋ္ဌာနသို့ ပေးပို့ထားသည့် ရုပ်သံ သတင်းအား ကိုရဲနိုင်ကို ခေါ်ပြခဲ့ရာ တောင်သူများကို ရှင်းပြရန် ဟု ကိုရဲနိုင်က ပြောဆို တောင်းယူခဲ့ပြီး ၎င်း၏ ဖေ့စ်ဘုတ်ပေါ်တွင် ဖြန့်ဝေခဲ့ခြင်းဖြစ်သည်ဟုလည်း ကိုဝဏ္ဏထွန်း က ပြောသည်။
အဆိုပါ ရုပ်သံမှတ်တမ်းတွင် သစ်ဆိမ့်ပင်ကျေးရွာမှ တောင်သူ ကိုသိန်းဇော်ထွန်း ဆိုသူက ၎င်း၏ စိုက်ပျိုးစရိတ် ချေး ငွေ ဘဏ်စာအုပ်တွင် ကျပ် ၁၀ သိန်းကျော် ထုတ်ယူထားကြောင်း လက်မှတ်ထိုး ထုတ်ခဲ့ရသော်လည်း ၄ သိန်းခွဲသာ ရရှိခဲ့ကြောင်း၊ ကျန်ငွေများအား အုပ်ချုပ်ရေးမှူးက ယူထားကြောင်း ပြောဆိုချက်များကို ရိုက်ကူးထားကြောင်း သိရ သည်။
ထို့အပြင် ပဲခူးတိုင်း လယ်ဆည်ဝန်ကြီး ဦးအောင်ဇော်နိုင်၊ လက်ပံတန်းမြို့ မြန်မာ့လယ်ယာ ဖွံဖြိုးရေး ဘဏ်မှ တာဝန် ရှိသူ တဦးနှင့် ရေငံကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို့က ကိုဝဏ္ဏထွန်းအား ဖြေဆိုထားသည့် အင်တာဗျူး ရုပ်သံများ ပါရှိ သည် ဟုလည်း ဆိုသည်။
ထို ရုပ်သံမှတ်တမ်းအား ကိုရဲနိုင်က စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဖေ့စ်ဘုတ်ပေါ် တင်ခဲ့သည့်အတွက် ရေငံ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက ၎င်း၏ ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ဆိုပြီး ပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူပေးရန် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုဝဏ္ဏထွန်းက“ကိုရဲနိုင်က လယ်သမားတွေကို ပြန်ပြရအောင်ဆိုပြီး ကျနော်သတင်း လုပ်ထားတဲ့ ဗီဒီယိုဖိုင်ကို တောင်းတယ်။ မပေး ခင် ကတည်းက ဒါ ခင်ဗျား လယ်သမားတွေကို ပဲပြဖို့နော် ဖေ့စ်ဘုတ် ပေါ် တင်လို့မရဘူး ဆိုတာကို သူတို့ လင် မယား နှစ်ယောက်စလုံးကို ကျနော် သေချာပြောပြီး ပေးလိုက်တယ်။ အဲဒါကို သူ တင်လိုက် တာ”ဟု ပြောသည်။
အမှုဖွင့်တိုင်ကြားခံရပြီးနောက် ကိုရဲနိုင်၏ဖုန်းကိုလည်း လက်ပံတန်းမြို့မရဲစခန်းက သိမ်းယူထားကြောင်း၊ သတင်း ရုပ်သံ မှတ်တမ်းအား တောင်းစဉ်က ဖေ့စ်ဘုတ်ပေါ် မတင်ရန် ကိုဝဏ္ဏထွန်းက ပြောကြားခဲ့သော်လည်း အမှန်တရား ပေါ်ပေါက် စေလို၍ တင်လိုက်ရခြင်း ဖြစ်ကြောင်း ကိုရဲနိုင်၏ ဇနီး ဒေါ်သင်းသင်းရီကလည်း ပြောပြသည်။
“ကျမတို့က အမှန်တရား လုပ်တာဖြစ်လို့ သမ္မတ ဦးထင်ကျော် အထိကို တက်တိုင်မှာပါ။ ကိုဝဏ္ဏထွန်းက ဖေ့စ်ဘုတ် မတင်ဖို့ ကျမတို့ လင်မယားက ုိပြောတယ်။ ဒါပေမယ့် ဒီ ဗီဒီယိုကို ဖေ့စ်ဘုတ်ပေါ် တင်တယ်ဆိုတာ အမှန်တရား အတွက် တင်တာ”ဟုလည်း ဒေါ်သင်းသင်းရီက ဆက်ပြောသည်။
ရွာငံအုပ်စု အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးကမူ ၎င်းအား မဟုတ်မမှန် ပြောဆို စွပ်စွဲထားသော ဗီဒီယိုဖိုင်ကို ဖေ့စ်ဘုတ် ပေါ် တင်လိုက် သောကြောင့် အမှုဖွင့် စွဲဆိုရခြင်း ဖြစ်သည်ဟု ပြောသည်။
“ကျနော့်ကို မဟုတ်မမှန်ပြောပြီး ဖေ့စ်ဘုတ် ပေါ်မှာတင်တယ်။ ကိုဝဏ္ဏထွန်းက ကိုရဲနိုင်ကို သူဗျူးထားတဲ့ ဖိုင်ပေးလိုက် တယ်လေ။ ဒီဖိုင်ပေးလိုက်လို့ တောင်သူတွေရဲ့ ထွက်ချက်နဲ့ သူ့ကို(ကိုဝဏ္ဏထွန်း) ပါ စွဲလိုက်တာပါ”ဟု ဦးနိုင်ဦးက ရှင်းပြ သည်။
DVB သတင်းဋ္ဌာနအနေနှင့်လည်း ကိုဝဏ္ဏထွန်းနှင့် ပတ်သက်၍ ဥပဒေနှင့် အညီ အကူအညီပေးနိုင်ရန် အမှုဖြစ်စဉ်အား စောင့်ကြည့်နေကြောင်း DVB သတင်းဋ္ဌာနမှ တာဝန်ရှိသူ တဦး ဖြစ်သော ကိုသန်းဝင်းထွဋ်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ကာယကံရှင် ကိုဝဏ္ဏကို မေးထားတယ်။ ကျနော်တို့ရုံးဘက်က ဘာလုပ်ပေးရမလဲ ဆိုတာရယ်။ စာ ထုတ် ပေးစရာလိုသလား မေးထားတယ်။ အခုထိတော့ ဘာမှ အကြောင်းမပြန်သေးဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေ ကြားဝင် ညှိပေးမယ်လို့လည်း ပြောတယ်။ ဒါကို ကျနော်တို့ စောင့်ကြည့်နေတယ်”ဟုလည်း ကိုသန်းဝင်းထွဋ်က ပြောဆို သည်။
အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)တွင် ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ကျူးလွန်ပါက ၃ နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ် ၃ သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။