တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အထောက်အကူ ဖြစ်ရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ကောင်စီ (UNFC) တို့အကြား ဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။
ထိုအစည်းအဝေးကို နေပြည်တော်တွင် ယခုလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်မည်ဖြစ်ပြီး အစိုးရဘက်က ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) နှင့် UNFC က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့အကြား တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
နေပြည်တော်တွင် ပြုလုပ်မည့် အစည်းအဝေးတွင် DPN ဘက်မှ NCA အတွက် အထောက်အကူ ဖြစ်စေမည့် အချက် ၈ ချက်ကို တင်ပြသွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယနေ့ ပြုလုပ်သော UNFC ဗဟို အလုပ်မှုဆောင် ကော်မတီ အစည်းအဝေး ခေတ္တ ရပ်နားချိန်တွင် UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက သတင်းထောက်များကို ပြောသည်။
UNFC ဒု ဥက္ကဋ္ဌ နိုင်ဟံသာက “ဒီအစည်းအဝေးက DPN အဖွဲ့အနေနဲ့ ပြည်တွင်းထဲကို ဝင်ရမယ်။ သွားညှိရမယ်။ အဲဒီအတွက်ကို သူတို့အနေနဲ့ ဗဟိုအလုပ်မှုဆောင်ရဲ့ သဘောထားကို ရယူတဲ့သဘောပါ။ တချို့အမြင်တွေ တချို့ကိစ္စတွေကို တင်ပြတာပါ။ အဓိက ကတော့ မနက်ဖြန် သန်ဘက်ခါသွားမယ်လေ။ NCA အတွက် အထောက်အကူ ဖြစ်ဖို့ တင်ပြထားတဲ့ ၈ ချက်ကို နေပြည်တော်မှာ သွားပြီးတော့ ညှိမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ အချက် ၈ ချက်ထဲတွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲကြောင်း ကြေညာခြင်းကို အစိုးရ၊ တပ်မတော်မှ ဤသဘော တူညီချက် ရရှိပြီးနောက် ၂၄ နာရီအတွင်း ထုတ်ပြန်ပြီး UNFC အဖွဲ့ဝင် အဖွဲ့အစည်းများမှ ၄၈ နာရီအတွင်း အသီးသီး ထုတ်ပြန် သွားရန်၊ အာမခံချက် အပြည့်အဝရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ဆောက်သွားရန်၊ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ကိုယ်စားလှယ်များနှင့် တရားဝင် နိုင်ငံရေးပါတီများ ပါဝင်စေပြီး တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တခြား ပါဝင်သင့် ပါဝင်ထိုက်သူ ကိုယ်စားလှယ်များကို ၎င်းတို့နှင့် စပ်ဆိုင်သော ကဏ္ဍများတွင်သာ ပါဝင်စေရမည်ဟု သိရသည်။
၂၁ ရာစု ပင်လုံညီလာခံမှ ထွက်ပေါ်လာသော ဆုံဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဥပဒေများကို ရေးဆွဲပြဌာန်းရန်၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဆိုင်ရာ မူဘောင်အပါအဝင် နှစ်ဖက်လိုက်နာရမည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ် (COC) နှင့် စောင့်ကြည့်ရေး လမ်းညွှန် (TOR) နှင့် တပ်နေရာ ပြန်လည် ချထားရေးတို့ကို ကြိုတင်သဘောတူညီမှု ရယူရန်တို့ ပါဝင်ကြောင်းလည်း သိရသည်။
ထို့အပြင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များမှ အများယုံကြည် လေးစားရသော ပုဂ္ဂိုလ်များ ပါဝင်သော အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ တရပ်ကို နှစ်ဘက် သဘောတူ လက်ခံနိုင်သည့် နိုင်ငံတကာမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ကြီးကြပ် စောင့်ကြည့်ရေး အဖွဲ့နှင့်အတူ ဖွဲ့စည်းရန်၊ NCA နှင့် သဘောတူညီချက်ပါ လိုက်နာရမည့် တာဝန်၊ စည်းကမ်းချက်များနှင့် စပ်လျဉ်း၍ မပြေလည်မှုများ ပေါ်ပေါက်လျှင် ပြည်တွင်း နိုင်ငံတကာမှ သဘောတူညီသော ဥပဒေပညာရှင်များနှင့် တရားသူကြီးများ ပါဝင်သော လွတ်လပ်သည့် ဖျန်ဖြေရေး ကော်မရှင်၏ ဆုံးဖြတ်မှုရယူရန်နှင့် အပစ်ရပ်ဒေသများတွင် စီမံကိန်းများ ဖော်ဆောင်ရာတွင် ဒေသခံလူထုများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး နိုင်ငံတကာ စံနှုန်းနှင့်အညီ ဖော်ဆောင်သွားရန်တို့ ပါဝင်သည်။
နိုင်ဟံသာက “အဓိက အဲဒီ ၈ ချက်မှာကတော့ အခုလက်နက်ကိုင် တိုက်ပွဲတွေဖြစ်နေတဲ့ဟာ အားလုံး အပစ်ရပ်ပြီးတော့မှ အားလုံး အပစ်အခတ် ရပ်စဲရေးကို ခိုင်ခိုင်မာမာဖြစ်ဖို့ အဲဒီလို အပစ်ရပ်ရေးကိစ္စမှာလည်း စောင့်ကြည့်ရေးအဖွဲ့ကို နိုင်ငံတကာက ပါဝင်တဲ့ပုံစံမျိုး ဖြစ်လာဖို့ အဲဒါကိုလည်း အန်ကယ်တို့ဘက်က ကြိုးစားတယ်။ ဘာကြောင့်လဲဆိုတော့ အခု တချို့က NCA တောင်ထိုးထားတယ်။ အခု RCSS နဲ့တောင် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်။ ဒါက NCA ရဲ့ မခိုင်မာမှု သဘောပါပဲ။ ကျနော်တို့ ကတော့ NCA ကို ခိုင်ခိုင်မာမာ ဖြစ်စေချင်တယ်။ နောက် JMC အဲဒီကိစ္စမှာလည်း စောင့်ကြည့်တဲ့ အဖွဲ့တွေ ကောင်းကောင်း မွန်မွန် ခိုင်ခိုင်မာမာ ရှိထားဖို့ လိုတယ်။ အဲဒါတွေကို သွားပြီး ညှိနှိုင်းမှာပါ” ဟု ပြောသည်။
ထိုအချက် ၈ ချက်နှင့်ပတ်သက်ပြီး နေပြည်တော်တွင် ဆွေးနွေးမှု ပြေလည်ပါက ယခုလ ၁၈-၁၉ ရက်နေ့များတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ပြုလုပ်မည်ဖြစ်သော နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာမူဘောင် သုံးသပ်ခြင်း အစည်းအဝေးကို တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။
“Frame Work မှာတော့ မူလရပ်တည်ချက်က အားလုံးပါဝင်ရေးနဲ့ သုံးပွင့်ဆိုင် ဖြစ်ရေးပဲ။ ဒါက အဓိက အကျဆုံးပဲ” ဟု နိုင်ဟံသာ ကပြောသည်။
DPN အဖွဲ့အနေဖြင့် ယခုလ ၁၇ ရက်နေ့တွင် အပစ်ရပ် ၈ ဖွဲ့က ဖွဲ့စည်းထားသော ဆွေးနွေးညှိနှိုင်းရေး အလုပ်အဖွဲ့ (CT) နှင့် ရန်ကုန်မြို့တွင် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာမူဘောင် အကြို သုံးသပ်ခြင်း သီးခြားတွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်သွားမည်ဟုလည်း သိရသည်။