မန္တလေးတိုင်း အတွင်းရှိ လုပ်ငန်း အကောင်အထည်ဖော်မှု မရှိသည့့် မြေဧကပေါင်း ၃၀၀၀ ကျော်ကို ပြန်သိမ်းမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာ စိုးသန်းက ပြော သည်။
အဆိုပါ မြေများသည် လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့် လျှောက်တင်ထားပြီး ၆ လအတွင်း အကောင်အထည် ဖော်မှု မရှိသည့် မြေများ ဖြစ်သည်ဟု ဆိုသည်။
“လယ်ယာမြေကို အခြားနည်း သုံးစွဲခွင့်ရဖို့ လျှောက်တယ်။ ၆ လအတွင်းမှာ ဘာလုပ်ငန်းမှ မလုပ်သေးတဲ့ မြေတွေကို ပြန်သိမ်းမယ်။ ဥပဒေမှာ သိမ်းတယ်ဆိုတာက မြေကို သိမ်းမှာ မဟုတ်ပါဘူး၊ သူ့ကို ခွင့်ပြုထားတဲ့ အခြားနည်းသုံးစွဲခွင့် ကို ပြန်ရုပ်မှာပါ”ဟု ဒေါက်တာ စိုးသန်း က ရှင်းပြသည်။
ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရန်အတွက် လယ်ယာမြေများကို အခြားနည်းဖြင့် သုံးစွဲခွင့် ပုံစံ (၃၀) လျှောက်ထား ကြရာ ခွင့်ပြုမိန့်ရပြီး ၆ လအတွင်း လုပ်ငန်း အကောင်အထည်ဖော်မှု မရှိသေးပါက ထိုသုံးစွဲခွင့်အား ပြန်လည် ရုပ်သိမ်း နိုင်ကြောင်း ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေတွင် ပြဌာန်းထားသည်။
၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေတွင် လယ်ယာမြေပေါ်တွင် သီးနှံစိုက်ပျိုးခြင်း မဟုတ်ဘဲ ဆေးရုံ၊ စာသင်ကျောင်း၊ စျေးဝယ်စင်တာ၊ ဟိုတယ်နှင့် ဓာတ်ဆီဆိုင်စသည့် အဆောက် အအုံများ ဆောက်လုပ်ခြင်း၊ စက်မှုဇုန်နှင့် ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် အသုံးပြုခြင်းစသည့် အခြားနည်းဖြင့် အသုံးပြုလိုပါက ပုံစံ (၃၀) ဖြင့် သက်ဆိုင်ရာ မြို့နယ် မြေ စာရင်း ဦးစီးဌာနသို့ လျှောက်ထားရမည် ဖြစ်သည်ဟု ဆိုထားသည်။
ထို့အပြင် ဧက ၅၀ အောက် ယာမြေဖြစ်ပါက သက်ဆိုင်ရာ တိုင်းဒေသ အစိုးရအဖွဲ့က ခွင့်ပြုချက် ချထားပေးနိုင်ပြီး လယ်မြေဖြစ်ပါက ပြည်ထောင်စု အစိုးရ ခွင့်ပြုချက်ရမှသာ လုပ်ပိုင်ခွင့် ရရှိမည် ဖြစ်ကြောင်းလည်း ဖော်ပြ ပါရှိသည်။
မန္တလေးတိုင်းအတွင်းက အခြားနည်းသုံးစွဲခွင့်ရထားပြီး လုပ်ငန်းစတင်ခြင်းမရှိသေးသည့် လယ်ယာမြေ ဧကပေါင်း ၃၀၀၀ ကျော်နှင့် မြေလွတ်မြေရိုင်း ဧကပေါင်း ၃ သောင်း ကျော်တို့အား အောက်တိုဘာ တတိယပတ် အတွင်း တိုင်း ဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေး အဖွဲ့က အပြီးသတ် စိစစ်၍ ဗဟို လယ်ယာမြေ စီမံခန့်ခွဲရေး အဖွဲ့ထံ တင်ပြသွား မည်ဟု သိရသည်။
“စီမံကိန်းဆောင်ရွက်ဖို့ တခြားဝန်ကြီးဌာန တခုခုကနေ ခွင့်ပြုမိန့်ကျဖို့ စောင့်နေတာမျိုး ဆိုရင်တော့ တမျိုးပေါ့၊ တချို့ က ရေဝင်ဧရိယာမှန်း သိရဲ့နဲ့ စီမံကိန်းလုပ်ဖို့ လာလျှောက်ကြတယ်၊ ပြီးတော့ မြေဦးပြီး ရောင်းစားဖို့ လုပ်တာတွေ များ နေကြတယ်။ မြေလွတ်မြေရိုင်း လျှောက်ထားမှုမှာဆို လူတဦးတည်းနဲ့ တောင်တတောင်လုံး ပိုင်နေတာတွေရှိတယ်”ဟု ဝန်ကြီး ဒေါက်တာ စိုးသန်းက ပြောသည်။
အခြားနည်းဖြင့် သုံးစွဲခွင့်ကျပြီးသား ဧက ၃၀၀၀ ကျော်၏ ထက်ဝက်နီးပါးသည် မြို့ပြစီမံကိန်း လုပ်ငန်း လုပ်ကိုင်ရန် ခေါင်းစဉ်ဖြင့် လျှောက်ထားကြပြီး တချို့စီမံကိန်းများသည် ယနေ့အထိ အကောင်အထည်ဖော်မှု မရှိသေးကြောင်း လည်း ၄င်းက ပြောဆိုသည်။
ယင်းမြေယာ ကိစ္စများအား ဗဟိုလယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့၏ အတည်ပြုချက်ရရှိပြီးပါက ၂ လအတွင်း အပြီး ဆောင်ရွက်သွားမည်ဟု ဆိုသည်။
မန္တလေးတိုင်းအတွင်း၌ လယ်ယာမြေကို အခြားနည်းဖြင့် သုံးစွဲခွင့် လျှောက်ထားမှု အများဆုံးမြို့နယ်မှာ အမရပူရ မြို့နယ်ဖြစ်ပြီး မြေလွတ်မြေရိုင်း လျှောက်ထားမှုတွင် ပုသိမ်ကြီးနှင့် ပြင်ဦးလွင်မြို့နယ်က အများဆုံးဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။
ထိုမြေများအား အခြားနည်းဖြင့် သုံးစွဲခွင့် ပြန်လည်ရုပ်သိမ်းပြီးပါက မြေပေါ်တွင် လယ်ယာ စိုက်ပျိုးခြင်းမှ အပ အခြား လုပ်ငန်းများ ဆောင်ရွက်ခွင့်မရှိတော့ဘဲ လုပ်ငန်းပြန်လည် လုပ်ကိုင်လိုပါက မြို့နယ် မြေစာရင်း ဦးစီးဌာနသို့ လယ်ယာ မြေ အခြားနည်းဖြင့် သုံးစွဲခွင့် ပြန်လည် လျှောက်ထားရမည်ဟု ဆိုသည်။
ဖွံ့ဖြိုးရေး စီမံကိန်းများသည် ငွေကြေး ရင်းနှီးမြှုပ်နှံမှု အများအပြားဖြင့် ဆောင်ရွက်ရသောကြောင့် အစိုးရတရပ်က တည်ငြိမ်သည့် မူဝါဒများ ချထားပေးရန် လိုအပ်ပြီး ထိုသို့မဟုတ်ပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် အဟန့်အတား ဖြစ်စေနိုင်သည်ဟု မန္တလေးမြို့ အမရပူရမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် တောင်သမန်သစ္စာ ဟိုတယ်ဇုန် စီမံကိန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။
စိမ်းရောင်စိုနှင့် Natural Green Alliance (သဘာဝစိမ်း) အရပ်ဘက် လူ့အဖွဲ့အစည်းမှ ဦးမောင်မောင်ဦးကလည်း “လယ်ယာမြေဥပဒေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး အရင်အစိုးရမပြောင်းခင်က သူတို့နဲ့ နီးစပ်ရာလူတွေ ကပဲ အကွက်အကွင်း ကောင်းတဲ့နေရာတွေကို လက်ဝါးကြီးအုပ် သိမ်းဆည်းခဲ့ပါတယ်။ နောင်မှာ စီမံကိန်းတွေနဲ့ ပတ်သတ်ပြီး လူထုအပေါ် ပွင့်လင်းမြင်သာစွာ ချပြဖို့က အရေးကြီးဆုံး အချက်လို့ မြင်ပါတယ်”ဟု ပြောဆိုသည်။
ထို့အတူ မန္တလေးတိုင်းအတွင်း အစိုးရ အကူးအပြောင်းကာလ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းခေါင်းစဉ်ဖြင့် အများပြည်သူနှင့် သက်ဆိုင်သည့် မြေဧကများ ချထားပေးမှုနှင့် ပတ်သက်ပြီး တိုင်း လွှတ်တော်တွင် အဆိုပြုခဲ့ရာ အစိုးရအဖွဲ့က မြေယာ အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ကာ စက်တင်ဘာ လလယ်ပိုင်းမှ စတင်စစ်ဆေးမှုများလည်း ဆောင်ရွက်လျက်ရှိသည် ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်က ပြောသည်။