မြန်မာနိုင်ငံအတွင်း၌ အလုပ်အကိုင်ရှာဖွေ လျှောက်ထားရာတွင် ပြီးခဲ့သည့် ၅ လအတွင်း အမျိုးသမီးများက အမျိုးသား များ ထက် များစွာမြင့်တက် ခဲ့သော်လည်း ယခုလတွင် အမျိုးသမီး အလုပ်အကိုင်ရှာဖွေ လျှောက်ထားသည့် နှုန်း ရုတ် တရက် ကျဆင်းသွားကြောင်း work.com.mm ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ ကျဆင်းသွားရခြင်းသည် အလုပ်အကိုင် ရှာဖွေလျှောက်ထားသူနှင့် အလုပ်အကိုင်ပေးမည့်သူ ကြားတွင် တဘက် နှင့် တဘက် လိုအပ်သည့် မျှော်မှန်းချက်နေရာတွင် ကွာခြားမှုများ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။
work.com.mm ၏ ပြည်သူ့ဆက်ဆံရေး မန်နေဂျာ မကေခိုင်က “ပြီးခဲ့တဲ့ ၅ လအထိ အမျိုးသမီးတွေက ပုံမှန်ထက် အမြဲ များတယ်။ ဒီလက ရုတ်တရက်ကျတာ။ အဓိက အကြောင်းက မရှိဘူး။ အလုပ်လျှောက်ထားနိုင်တဲ့ အလုပ် နေရာ လွတ်က များပြီး အလုပ်လိုချင်သူက မရွေးချယ်တာ။ အလုပ်ရှင်ဘက်က ခေါ်တဲ့ မျှော်မှန်းချက်နဲ့ အလုပ်လျှောက်မယ့် သူက မျှော်မှန်းချက် ကြည့်ပြီး မလျှောက်ကြတာ”ဟု ပြောသည်။
အလုပ်အကိုင်ရှာဖွေမှု အချိုးအစားအရ ယခုလတွင် အမျိုးသမီး ဦးရေအချိုးသည် ၄၉ ဒသမ ၂၀ ရာခိုင်နှုန်းနှင့် အမျိုးသား ဦးရေအချိုးသည် ၅၀ ဒသမ ၈၀ ရာခိုင်နှုန်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ရာခိုင်နှုန်းသည် စက်တင်ဘာလ က အမျိုးသမီးဦးရေ အချိုးထက် ၇ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခြင်း ဖြစ် သည်ဟု work.com.mm ၏ ထုတ်ပြန်ချက်အရ သိရသည်။
အလုပ်အကိုင် ရှာဖွေနေသည့် အမျိုးသမီး တဦးကလည်း “အိမ်အလုပ်နဲ့ အပြင်အလုပ် ယှဉ်တွဲလာပြီဆို အမျိုးသမီး တွေက အိမ်ကို ဦးစားပေးလိုက်တော့ အပြင်အလုပ် မလုပ်ဖြစ်တော့ဘူး။ နောက်ပြီး သူများဆီမှာ ဝင်လုပ်တာထက် ကိုယ်ပိုင် လုပ်တာကို သဘောကျလာတယ်။ ဥပမာ စက်ချုပ်တာ။ လက်မှုပညာလုပ်တာ။ အချက်အပြုတ်နဲ့ ပိုက်ဆံ ရှာတာ စတဲ့ အိမ်နဲ့မကွာ လုပ်ရတာကို ပိုရွေးချယ်လာတော့ အပြင်ထွက် လုပ်ရတာ နည်းလာတယ်လို့ မြင်တယ်”ဟု ပြောသည်။
စက်တင်ဘာလ က ဝန်ထမ်းခန့်အပ်မှု အများဆုံး လုပ်ငန်းများသည် ဆက်သွယ်ရေးနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်ခဲ့ကြောင်း၊ ဒုတိယ အများဆုံး လုပ်ငန်းများသည် ဖြန့်ုဖြူးပို့ဆောင်ရေးလုပ်ငန်း၊ တတိယ နေရာတွင် အိုင်တီ၊ ကွန်ပျူတာ ဆက်စပ်လုပ်ငန်းများ၊ ပဥ္စမနေရာတွင် ပို့ကုန် သွင်းကုန်နှင့် ကုန်သွယ်ရေး လုပ်ငန်းများနှင့် ကုန် ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းများ ဖြစ်ကြောင်း work.com.mm က ထုတ်ပြန်ထားသည်။
အလုပ်အကိုင် ရှာဖွေသူများဘက်မှ အများဆုံးရှာဖွေကြသည့် အလုပ်အကိုင်များမှာ အိုင်တီပိုင်းဆိုင်ရာ၊ လူ့ စွမ်းအား အရင်းအမြစ် ဆိုင်ရာ ၊ အင်ဂျင်နီယာ ၊ ယာဉ်မောင်း အလုပ်များ ဖြစ်သည်ဟု ဆိုသည်။
Work.com.mm ဝက်ဘ်ဆိုက််သည် မြန်မာနိုင်ငံ အလုပ်အကိုင် ရှာဖွေရေး စျေးကွက်၏ ဦးဆောင် ဝက်ဘ်ဆိုက် တခု ဖြစ်ပြီး အဓိကလုပ်ငန်းသည် အလုပ်ရှာဖွေသူများ အတွက် အလုပ်အကိုင် ကောင်းများ ရရှိစေရန် နှင့် လုပ်ငန်းရှင်များ အတွက် ဝန်ထမ်းများ ရရှိစေရန်ဖြစ်ပြီ်း အလုပ်ရှာဖွေသူနှင့် ဝန်ထမ်းခေါ်ယူလို သူတို့အား ကူညီပေးလျက်ရှိသော ကြားခံ ဝက်ဘ်ဆိုက်တခု ဖြစ်သည်။
Work.com.mm ဝက်ဘ်ဆိုက်သည် အာရှတွင် အွန်လိုင်း စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာ လုပ်ကိုင် လျက် ရှိသော Asia Pacific Internet Group(APACIG) ကြီး ၏ အစိတ်အပိုင်း တခုသည်။
APACIG သည် Rocket Internet Group ကြီး နှင့် Ooredoo တို့၏ စီးပွားဖက် အဖွဲ့အစည်း တခုဖြစ်ပြီး အာရှနိူင်ငံ များမှ အွန်လိုင်းစီးပွားရေး လုပ်ကိုင်လျက် ရှိသော ထိပ်တန်းကုမ္ပဏီများကို ပံ့ပိုးပေးလျက် ရှိကြောင်း သ်ရသည်။