မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ အစိုးရသိမ်းယူထားသည့် လယ်ယာမြေ ဧက ၄၀၀ တွင် မူလမြေပိုင်ရှင်များကို သီးနှံပြန်လည်စိုက်ပျိုးခွင့် မပြုသဖြင့် မြေပိုင်ရှင်များစုပေါင်းကာ ထွန်တုံးတိုက်ပွဲပြုလုပ်၍ သီးနှံများ စိုက်ပျိုးနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၁၉၉၈ – ၁၉၉၉ ခုနှစ်အတွင်းက ပြင်စာကျေးရွာရှိ လယ်ယာမြေ ဧက ၄၀၀ ကို အစိုးရက ကော်ဖီစီမံကိန်း ဆောင်ရွက်ရန် သိမ်းယူခဲ့ပြီးနောက် ကော်ဖီလုပ်ငန်းရှင်များကို မြေနေရာခွဲတမ်း သတ်မှတ်ပေး၍ ကော်ဖီပင်များ စိုက်ပျိုးစေခဲ့ရာ အောင်မြင်ခြင်းမရှိသဖြင့် ကော်ဖီစီမံကိန်း ရပ်နားခဲ့သော်လည်း မူလမြေပိုင်ရှင်များကို ပြန်လည်လုပ်ကိုင်ခွင့် မပြုသဖြင့် အောက်တိုဘာ ၈ ရက်ကစတင်ပြီး ထွန်တုံးတိုက်ပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း ထွန်တုံးတိုက်ပွဲကို ဦးဆောင်နေသည့် မူလမြေပိုင်ရှင်တဦးဖြစ်သူ ကိုချမ်းမြေ့အောင်က ပြောသည်။
“အရင်အစိုးရလက်ထက် ၂၀၁၂ ခုနှစ် လောက်ကတည်းက တရားဝင်စာတင်ပြီး အကြိမ်ကြိမ် တောင်းဆိုခဲ့တာ ဖြေရှင်းမပေးဘူး။ လက်ရှိအစိုးရဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူအထိ ၂ ကြိမ် စာတင်ထားပြီးဖြစ်တယ်၊။ စက်တင်ဘာ ၆ ရက်က နောက်ဆုံးအကြိမ် တင်ထားတယ်။ ဖြေရှင်းပေးမှုကိုလည်း စောင့်ရင်းနဲ့ စိုက်ပျိုးဖို့ ဆုံးဖြတ်လိုက်တာ” ဟု ကိုချမ်းမြေ့အောင်က ဆိုသည်။
ကော်ဖီစီမံကိန်းအရ သိမ်းဆည်းခံ လယ်ယာမြေများကို ၁၈၉၄ ဥပဒေအရ စီမံကိန်းလုပ်ဆောင်ရာ၌ ၄ နှစ်အတွင်း စီမံကိန်း အောင်မြင်မှုမရှိပါက မူရင်းလက်ငုတ်တောင်သူများထံ ပြန်လည်ပေးအပ်ရန်၊ ပေးအပ်ခြင်းမရှိက ၂၀၁၂ လယ်ယာမြေ ဥပဒေအရ သီးနှံလျော်ကြေး တနှစ်အတွက် သုံးဆပေးအပ်ရန်၊ တောင်သူလယ်သမားများ နစ်နာကြေးကို တနှစ်အတွက် ၃ ဆပေးအပ်ရန်၊ မြေယာလျော်ကြေးအဖြစ် ကာလပေါက်စျေးအတိုင်း ပေးအပ်ရန်ဟု ဥပဒေပြဌာန်းခဲ့ သော်လည်း ယနေ့အချိန်အထိ တစုံတရာ ပေးအပ်ဖြေရှင်းပေးခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။
လုပ်ကိုင်ခွင့်ရ ကော်ဖီခြံလုပ်ငန်းရှင်များက ခွဲတမ်းရရှိထားသည့် မြေဧရိယာများကို တာဝန်ရှိသူများနှင့် ပူးပေါင်း၍ တဆင့်ပြန်လည်ရောင်းခြင်း၊ တဆင့်ပြန်လည် ဝယ်ယူထားသူများကလည်း ထိုစိုက်ပျိုးမြေများပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း မရှိကြသဖြင့် မူလမြေပိုင်ရှင်များက ထိုမြေများပေါ်တွင် ပန်း၊ နှမ်း၊ နေကြာ သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရန် ထွန်တုံးတိုက်ပွဲဆင်နွဲရခြင်းဟု ပြင်စာကျေးရွာနေ တောင်သူဦးသန်းထွန်းက ပြောသည်။
“အခုလို ထွန်းတုံးတိုက်ပြီး ဝင်ရောက်စိုက်ပျိုးရတာက သီးနှံစိုက်ပျိုးရာသီအမှီ စိုက်ပျိုးနိုင်မှ အကျိုးခံစားခွင့် ရှိတာပါ၊ ဒီမြေတွေဟာ လက်ရှိအချိန်မှာ လစ်လပ်မြေ၊ ပလပ်မြေတွေ ဖြစ်နေသလို ဘာမှစိုက်ပျိုးထားခြင်း မရှိဘူး။ အားလုံးက ခြုံတွေတောတွေ ဖြစ်နေတယ်။ အခုလို ဝင်ရောက်စိုက်ပျိုးရာမှာ တောင်သူ စုစုပေါင်း ၆၀ ကျော်ပါတယ်” ဟု ၎င်းက ဆိုသည်။
မူလမြေပိုင်ရှင်များက ထွန်တုံးတိုက်ပွဲပြုလုပ်၍ သီးနှံစိုက်ပျိုးနေမှုကို အောက်တိုဘာ ၁၁ ရက်က မြို့နယ်လယ်ယာ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေး အဖွဲ့များနှင့် ပြင်ဦးလွင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့က လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ထွန်တုံးတိုက်ပွဲအား ကူညီပေးနေသည့် တောင်သူလယ်သမား၊ အလုပ်သမားအရေး ကူညီဆောင်ရွက်သူများ ကွန်ရက် (FNIFL) မှ ဦးမျိုးဝင်းက ပြောသည်။
အဆိုပါမြေများကို ခွဲတမ်းရထားသူ၊ ဝေစုရထားသည့် ပိုင်ရှင်များစွာ ရှိနေသော်လည်း ၎င်းတို့ထံတွင် ထိုမြေနှင့် ပက်သက်သည့် ပိုင်ဆိုင်မှု စာရွက်စာတမ်းများ ရှိမနေဘဲ မူလပိုင်ရှင် တောင်သူများလက်ထဲ၌ မြေပိုင်ဆိုင်မှု စာရွက်စာတမ်းများ ယခုအချိန်ထိ ရှိနေသောကြောင့် ထွန်တုံးတိုက်ပွဲပြုလုပ်၍ သီးနှံများ ပြန်လည်စိုက်ပျိုးကြခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
ထွန်တုံးတိုက်ပွဲကို ပြင်စာကျေးရွာနှင့် မြေပုံကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် ကတ္တရာလမ်းမပေါ်တွင် ပြုလုပ်နေခြင်းဖြစ်ပြီး အဆိုပါနေရာများ၌ ခြံစည်းရိုးခတ်၍ မြေနေရာပိုင်ဆိုင်သူများဟုဆိုသူ အများစုမှာ တပ်မတော်အရာရှိများဖြစ်ကြောင်း ကိုချမ်းမြေ့အောင်က ဆိုသည်