အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ တံဆိပ်တုံးကို အသုံးပြု၍ ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်ကို ပါတီမှ အနားပေးလိုက်ကြောင်း ကြေညာချက်အတု ထုတ်ပြန်ခဲ့မှုဖြင့် မုံရွာမြို့နယ် NLD ပါတီဝင်တဦးဖြစ်သူ ကိုအောင်မြင့်ထွန်း (ခ) ဖိုးထောင်ကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆/ဃ ဖြင့် မုံရွာမြို့ အမှတ် (၂) ရဲစခန်းက အောက်တိုဘာလ ၁၃ ရက် ညနေပိုုင်းတွင် ထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။
ကိုအောင်မြင့်ထွန်း (ခ) ဖိုးထောင်ကို မုံရွာမှ နေပြည်တော်သို့ ခေါ်ယူစစ်ဆေးမည် ဖြစ်သဖြင့် ခရီးသွား ရမန်ဖြင့် ခေါ်ခိုင်းထားသည်ဟု နေပြည်တော် CID ရဲတပ်ဖွဲ့၏ တပ်ဖွဲ့မှူး ရဲမှူးချုပ် အောင်နိုင်သူက ဧရာဝတီသို့ ပြောသည်။
“စစ်ဆေးဖို့ ရှိလို့ ခေါ်ခိုင်းထားတာ ဟုတ်ပါတယ်။ မုံရွာကနေ နေပြည်တော်ကို ခရီးသွား ရမန်နဲ့ ခေါ်ခိုင်းထားပါတယ်” ဟု ရဲမှူးချုပ်က ပြောသည်။
၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် အတွင်းရေးမှူး အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန် သည် ကျန်းမာရေး အခြေအနေ ယိုယွင်းနေပါသဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လုပ်ငန်းတာဝန် အသီးသီးမှ အနားယူ ခွင့်ပြုလိုက်သည်ဆိုသော NLD တံဆိပ်တုံးဖြင့် ကြေညာချက်တစောင် အွန်လိုင်းပေါ်တွင် ပျံ့နှံခဲ့ပြီးနောက် ကာယကံရှင်တဦး ဖြစ်သူ ဦးဝင်းထိန်က ကြေညာချက် အတု ပြလုပ်သူကို တရားစွဲဆိုရန် ဆုံးဖြတ် ခဲ့သည်။
ယခုအမှုတွင် တရားလိုဖြစ်သူ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က “အခု အဖမ်းခံရတဲ့ ဖိုးထောင်က သူတယောက်တည်း မဖြစ်နိုင်ဘူး။ သူ့နောက်ကွယ်မှာ တခြားသူတွေ ရှိသေးတယ်။ CID ကတော့ ကျနော်ဆီကို တရားဝင် အကြောင်းမကြားသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ကိုဖိုးထောင်၏ ဇနီးဖြစ်သူ မနုနုထားကမူ NLD ပါတီဝင် တဦးဖြစ်သည့် ၄င်း၏ ယောကျ်ားသည် ကြေညာချက်အတု ပြုလုပ်သူ မဟုတ်ဘဲ ယင်းကြေညာချက်ကို အစစ်ထင်၍ Facebook တွင် Save လုပ်ကာ ၄င်း၏ ကိုယ်ပိုင် လူမှုကွန်ရက် စာမျက်နှာတွင် အသစ်ပြန်လည် တင်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။
“သူက ကြေညာချက်ကို အစစ်လို့ ထင်ပြီး အပျက်သဘော မဟုတ်ဘဲ အပြုသဘောနဲ့ ဖေ့ဘုတ်စ်မှာ ပြန်တင်လိုက်တာ။ တံဆိပ်ကြီး ကလည်းပါတော့ အစစ်လို့ ထင်ခဲ့တယ်လို့ သူက ပြောတယ်။ အဲဒါကို ပြန်တင်တာ။ သူက မူရင်း လုပ်တဲ့သူ မဟုတ်ပါဘူး” ဟု မနုနုထားက ပြောသည်။
ကိုဖိုးထောင်သည် မနေ့က ညနေပိုင်းတွင် မုံရွာမြို့နယ်၊ ဘုရားကြီး ရပ်ကွက်၊ ဆုတောင်းပြည့်ဘုရား အနောက်ဖက်မုဒ် အနီးတွင် ခေါ်ယူ ထိန်းသိမ်းခံခြင်း ဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် မုံရွာ မြို့နယ် တရားရုံး၌ ခရီးသွား ရမန်ဖြင့် ရုံးထုတ်ခဲ့ကြောင်း သိရသည်။
ယခုအမှုတွင် တရားလို ဖြစ်သူ ဦးဝင်းထိန်က အွန်လိုင်းပေါ်တွင် NLD တံဆိပ်တုံး သုံး၍ တင်ခဲ့သူသည် NLD ပါတီဝင် တဦးပင် ဖြစ်ကြောင်း၊ လူတိုင်းမသိနိုင်သည့် ပါတီ၏ အတွင်းရေးများကိုလည်း သိနေကြောင်း၊ ပါတီ၏ ဘဲဥပုံ တံဆိပ်တုံး အသုံးပြုသည်အထိ သိနေသဖြင့် ပါတီဝင်ဖြစ်နေပါက ပါတီမှ ထုတ်ပစ်မည်ဟု စက်တင်ဘာလ ၂၈ ရက်နေ့က မီဒီယာများသို့ ပြောဆိုထားသည်။