သတင်း

မူးယစ်ဆေးနှင့် လက်နက်များ ပါသည့် ကားတစီး ကျောင်းကုန်းမြို့နယ်တွင် ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ရေဇလုပ် ကျေးရွာအုပ်စု၊ ပေါက်ငူကျေးရွာ အနီးတွင် လက်နက်များ တင်ဆောင်ထားသည့် ကားတစီးကို ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုအစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့် ကရင်လက်နက်ကိုင် တပ်ဖွဲ့တခုမှ အရာရှိတဦး စီးနင်းလာသည့် SURF အမျိုးအစားကားမှာ ကျောင်းကုန်းမြို့နယ်၊ ပေါက်ငူကျေးရွာ အနီးတွင် ဆိုက်ကားတစီးအား ဝင်တိုက်မှု ဖြစ်ပွားပြီးနောက် အဆိုပါကားကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာမှ ပစ္စတိုနှင့် စနိုက်ပါ သေနတ်များ အပါအဝင် လက်နက်များနှင့် ဓားရှည်များ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ကျောင်းကုန်းမြို့ခံ ကိုတင်ထွန်းက ဧရာဝတီကို ပြောသည်။

“ပေါက်ငူရွာနားမှာ အဲဒီကားက ဆိုက်ကားသမားကို ဝင်တိုက်ပြီးတော့ ရပ်မပေးဘဲ မောင်းပြေးသွားတယ်။ မောင်းရင်းကနေ လမ်းဘေးဗွက်ထဲကို ကားထိုးကျသွားတော့ အဲဒီလူကနေ ကားပေါ်ကဆင်းပြီး ပြောင်းရှည် စနိုက်ပါ သေနတ်တလက်နဲ့ ပစ္စတို တလက်ယူပြီး ကားပေါ်က ဆင်းပြေးတယ်။ နောက်တော့ ဆိုင်ကယ်တက္ကစီနဲ့ ထွက်ပြေးတာမှာ ရဲတွေက လိုက်လံဖမ်းတော့ အခုတော့ သူ့ကို ဖမ်းမိလို့ ကျောင်းကုန်းမြို့မစခန်းကို ခေါ်လာပြီ” ဟု သူက ပြောသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူမှာ ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့မှဖြစ်ပြီး မူးယစ်ဆေးဝါးများ၊ လက်နက်များနှင့်အတူ ဖမ်းမိခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းက ပြောဆိုပြီး အသေးစိတ်ဖြေကြားရန် ငြင်းဆိုခဲ့သည်။

“ဖမ်းမိတဲ့သူကတော့ ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့က လူလို့သိရတယ်။ မူးယစ်ဆေးဝါးရော၊ လက်နက်တချို့ ပါတယ်လည်း သိရတယ်၊ အသေးစိတ် သိနိုင်ဖို့တော့ ဆက်လက် စုံစမ်းနေပါတယ်” ဟု ရဲမှူးကြီး ထွန်းမင်းက ပြောသည်။

ဖမ်းဆီးခံရသူမှာ ကရင်ငြိမ်းချမ်းမှု ကာကွယ်ရေးတပ်ဖွဲ့ (KPDF) မှ ဗိုလ်မှုးအဆင့်ရှိသူ တဦးဖြစ်ပြီး ထားဝယ်ဒေသမှ လာရောက်သူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောဆိုသော်လည်း ဧရာဝတီ တိုင်းဒေသကြီးရဲတပ်ဖွဲ့ တာဝန်ရှိသူများမှ အဆိုပါအချက်များကို အတည်ပြုပေးရန် ငြင်းဆိ်ုခဲ့သည်။

ကားတိုက်မှုဖြစ်ပြီးနောက် လက်နက်များ ယူဆောင်၍ ထွက်ပြေးသွားသည့် အဆိုပါ ပုဂ္ဂိုလ်အား ဖမ်းဆီးရမိရေး အတွက် ကျောင်းကုန်း မြို့နယ်ရဲတပ်ဖွဲ့ နှင့်အတူ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်သည့် ပေါက်ငူရွာနှင့် ၄ မိုင်ကျော်အကွာ စစ်ကိုင်းဒေါင့် ကျေးရွာတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ကျောင်းကုန်း ဒေသခံများက ပြောသည်။

လက်ရှိတွင် အဆိုပါ ပုဂ္ဂိုလ်အား ကျောင်းကုန်းမြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေပြီး ၎င်းစီးနင်းလာသည့် ကားကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီး ထိမ်းသိမ်းထားကြောင်း သိရသည်။

Loading