သတင်း

မောင်တောမြို့မှ နေရပ်ပြန်မည့် ဆရာ၊ဆရာမ ၂၀ ကျော် ကျန်နေသေး

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ကျေးရွာများမှ နေရပ်ပြန်ကြမည့် ဆရာ၊ဆရာမကို တပ်မတော်ရဟတ်ယာဉ်ဖြင့် ခေါ်ယူပေးလျက်ရှိရာ၌ တောင်ပြိုဒေသတွင် ဆရာ၊ဆရာမ ၂၀ ဦးကျော် ကျန်ရှိနေသေးကြောင်း မောင်တောမြို့နယ်ပညာရေးမှူးက ပြောသည်။

မောင်တောမြို့နယ် ပညာရေးမှူးဦးခင်အောင်က “ဆရာတွေကိုတော့ ဘာမှမလုပ်ပါဘူး။ ခုထိ ထိခိုက်ဒဏ်ရာ ရကြသူလည်း မရှိဘူး။ တောင်ပြိုဘက်မှာ ၂၀ လောက် ကျန်တာကို ရဟတ်ယာဉ်နဲ့ပဲခေါ်ဖို့ ပြင်နေတယ်” ဟု ပြောသည်။

အောက်တိုဘာ ၁၃ ရက်က တောင်ပြိုဝဲကျေးရွာနှင့် အနီးပတ်ဝန်းကျင်မှ ဒေသခံများကို စုရပ်ပြုလုပ်၍ တပ်မတော်က ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခေါ်ယူပေးရာ၌ သံဃာတော် ၁ ပါး၊ ဆရာ၊ဆရာမ ၁၁၄ ဦး၊ ဌာနဆိုင်ရာဝန်ထမ်း ၅၀ ဦးနှင့် ဒေသခံပြည်သူ ၁၆ ဦး၊ စုစုပေါင်း ၁၈၁ ဦးတို့ကို ဘူးသီးတောင်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အကြမ်းဖက် တိုက်ခိုက်သူများအကြား ပစ်ခတ်မှုများ ရှိနေသေးသည့်အတွက် ကျေးရွာများမှ ရှောင်တိမ်းလာသူအချို့သည် မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းအချို့၌ ယာယီတည်းခို နေလျက်ရှိကြောင်း သိရသည်။

မောင်တော အမှတ် (၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်က “ ရွာသားတွေက စားနပ်ရိက္ခာ ပြတ်မှာစိုးလို့ မြို့ပေါ်တက်လာကြတဲ့သူတွေပါ။ စျေးရောင်းတဲ့သူ အများစုကလည်း အစ္စလာမ်တွေ များတယ်။ အခုဖြစ်ရပ်တွေကြောင့် သူတို့က ဆိုင်တွေပိတ်ထားကြတော့ စိုးရိမ်ပြီး မြို့ပေါ်တက်လာကြတာပါ ” ဟု ပြောသည်။

အောက်တိုဘာ ၉ ရက် နံနက် ၁ နာရီခန့်က စတင်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မောင်တောမြို့နယ်အတွင်း ကျောင်းပေါင်း ၄၀၀ ခန့် ပိတ်ထားခဲ့ပြီး ပထမနှစ်ဝက်စာမေးပွဲများကိုလည်း ရပ်နားထားခဲ့ကြောင်း ပညာရေးမှူး ဦးခင်အောင်က ပြောသည်။

လက်ရှိအချိန်သည် သီတင်းကျွတ်ကျောင်းပိတ်ရက်များဖြင့် တိုက်ဆိုင်နေပြီး ကျောင်းဖွင့်ရက်များ ပြန်လည်ရောက်မှသာ စာမေးပွဲကျင်းပရေးနှင့် ကျောင်းဖွင့်လှစ်ရေးကို လုံခြုံရေး အခြေအနေ စောင့်ကြည့်၍ လုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

Loading