တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) လက်မှတ် ရေးထိုးခြင်း မရှိဘဲ NCA စာချုပ်ပါ ကိစ္စရပ်များကို ကျော်လွန်၍ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများသို့ သွားရန် ကြိုးစားနေကြခြင်းသည် ယခုအချိန်တွင် မဖြစ်သင့်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
“NCA ကို လက်မှတ်ရေးထိုးခြင်း မရှိဘဲ NCA စာချုပ်ပါ ကိစ္စရပ်များကို ကျော်လွန်ပြီး အမျိုးသားအဆင့် ဆွေးနွေးပွဲများကို သွားနိုင်ဖို့ ကြိုးစားနေခြင်းဟာ မဖြစ်သင့်ပါဘူး” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ နေပြည်တော်တွင် ကျင်းပသည့် NCA စာချုပ် ချုပ်ဆိုခြင်း တနှစ်ပြည့် အခမ်းအနား၌ အမှာစကားတွင် ပြောကြားသည်။
NCA စာချုပ်သည် အစိုးရ တရပ်တည်း၏ သဘောထားအမြင်၊ တပ်မတော်၏ သဘောထားအမြင်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့၏ သဘောထား အမြင် မဟုတ်ဘဲ NCA စာချုပ်ထဲတွင် ပါဝင်သည့် သဘောထား အမြင်အားလုံးသည် တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ တင်ပြချက်များအပေါ် အခြေခံ၍ အစိုးရဘက်က ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောသည်။
“ကျနော်တို့ ဘာတွေ လုပ်ခဲ့ကြတယ်။ ဘယ်လို သဘောထားတွေ ရှိခဲ့ကြတယ်။ ငြိမ်းချမ်းရေးကို ဘယ်လို ဖော်ဆောင်ခဲ့ကြ တယ်ဆိုတာကို သမိုင်းက သက်သေခံပါလိမ့်မယ်” ဟု သူက ပြောသည်။
NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ကောင်စီ (UNFC) ကမူ NCA ကို အထောက်အထောက်အကူ ဖြစ်စေမည့် အချက် ၈ ချက်ကို အစိုးရထံ တင်ပြထားပြီး ယနေ့ မွန်းလွဲပိုင်းတွင် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် UNFC တို့ နေပြည်တော်တွင် ယင်းအချက် ၈ ချက်ကို ဆွေးနွေးကြမည် ဖြစ်သည်ဟု သိရသည်။
NCA ထိုးထားသည့် အဖွဲ့တချို့နှင့်ပါ တပ်မတော်တို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသဖြင့် NCA စာချုပ်ကို ပိုမို ခိုင်မာစေရန်နှင့် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲ့များကိုလည်း ပိုမို ခိုင်မာမှု ရှိစေရန် UNFC က လိုလားလျက် ရှိသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အတိတ်တွင် တိုင်းရင်းသားများ၏ လူများစု ဗမာများကြောင့် ထိခိုက်ခံစားခဲ့ရသည်ကို လက်ခံသော်လည်း အတိတ်တွင် ကျန်မနေခဲ့ဘဲ အနာဂတ် မျိုးဆက်များအတွက် အကောင်းဆုံးအမွေ ဖြစ်သည့် “ငြိမ်းချမ်းရေး” ကို ထားရှိခဲ့နိုင်ရန် ကြိုးစားပေးကြပါဟု ယနေ့ အခမ်းအနား အဖွွင့်မိန့်ခွန်းတွင် ပြောကြားသည်။
“NCA ကို လက်မှတ်ထိုးတာ ၁ နှစ်ကြာပြီ ဖြစ်ပေမယ့် ကျန်တဲ့သူတွေက တဖွဲ့မှ လက်မှတ် မထိုးတာ ဝမ်းနည်းစရာ ဖြစ်ပါတယ်။ ကျမ ပြောချင်တာကတော့ အစိုးရအဖွဲ့၊ တပ်မတော်အဖွဲ့နဲ့ တိုင်းရင်းသားများအဖွဲ့ အားလုံးမှာ ဘယ်သူတွေက ပိုပြီးတော့ သဘောထား ကြီးနိုင်သလဲ။ ဘယ်သူတွေက ပိုပြီးတော့ ခွင့်လွှတ် သည်းခံနိုင်သလဲ။ ဘယ်သူတွေက ပိုပြီးတော့ နိုင်ငံရဲ့ အနာဂတ်ကို အတိတ်ထက် ပိုတန်ဖိုး ထားနိုင်သလဲဆိုတာကို ပြိုင်ကြပါလို့ ကျမက ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်၍ “Fire Power လို့ခေါ်တဲ့ တိုက်ချင်းခိုက်ခြင်း တိုက်နိုင်ခြင်း ခိုက်နိုင်ခြင်းကို ပြိုင်မယ့်အစား မီးငြိမ်းအောင် လုပ်နိုင်မယ့်အင်အားကို ပြိုင်ကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံ လိုပါတယ်” ဟု ပြောကြားခဲ့သည်။
ယနေ့ အခမ်းအနားအပြီးတွင် NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ခြင်း တနှစ်ပြည့် ကြေညာချက်တစောင်ကို အစိုးရက ထုတ်ပြန်ခဲ့သည်။
ကြေညာချက်တွင် NCA စာချုပ်ကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ကြား ပြည်တွင်းနှင့် နိုင်ငံတကာ သက်သေများ ရှေ့မှောက်တွင် လက်မှတ်ထိုးကြပြီးနောက် ၂၀၁၅ ဒီဇင်ဘာလတွင် ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုပေးသဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီး တခုလုံးအတွက် သမိုင်းဝင် အခြေခံအုတ်မြစ် တခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။