သတင်း

ဟုမ္မလင်း-မုံရွာ ရေယာဉ် တိမ်းမှောက်၊ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မိချောင်းတွင်း ကျေးရွာအနီး၌ ဟုမ္မလင်းမှ မုံရွာသို့ စုန်လာသည့် ချင်းတွင်းမြစ် ကြောင်းသွား အေးငြိမ်းချမ်းသာ အမြန်ရေယာဉ်အသင်းမှ အောင်စိုးမိုးကျော် (၂) အမြန်ရေယာဉ်သည် ယနေ့နံနက် ၅ နာရီခွဲခန့်က တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

“မနေ့က ညနေ ၅ နာရီက ညမောင်း မောင်းပြီး ထွက်လာတယ်၊ ကနီမြို့နယ်၊ မိချောင်းတွင်း ကျေးရွာအနီး အရောက်မှာ တိမ်းမှောက်ခဲ့တာပါ၊ ၀ိတ်တွေ တအားများပြီး ဖြစ်တာ။ ခရီးသည်တွေ ထပ်မတင်ဖို့ ခဏခဏပြောနေတာ မရဘူး။ တချို့က ရေပုံးတွေ တပုံးတထောင်ပေးပြီး တက်လိုက်လာတဲ့ သူတွေကတော့ ရှင်တာပေါ့။ အောက်ထဲ ရေငုပ်သမားတွေနဲ့ ရှာဖွေ နေကြပါတယ်” ဟု ကနီမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ် ဦးထွန်းထွန်းဝင်းကပြောသည်။

အဆိုပါရေယာဉ် တိမ်းမှောက်မှုဖြစ်ပွားရာ ကနီမြို့နယ်သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိနေပြီး ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

“ရေယာဉ်နစ်မြုပ်မှုမှာ ပျောက်နေတဲ့သူတွေထဲ သေဆုံးသူတွေ ရှိနိုင်သေးတာကြောင့် လောလောဆယ် မပုပ်ခင် အမြန်ဆုံး ပေါ်လာအောင်လို့ စောင့်ပြီး ကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။ မင်းကင်းအဖွဲ့၊ ကနီအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်နေကြပါတယ်။ ကယ်ဆယ်ရေးအင်အား ရေငုပ်ရှာဖွေသူများ အပါအဝင် ၁၀၀ ကျော် ရှိပါတယ်” ဟု ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။

ရေယာဉ် တိမ်မြုပ်မှုတွင် ကယ်ဆယ်ရရှိသူများအတွက် လက်ရှိအချိန်တွင် မိချောင်းတွင်းကျေးရွာ ဓမ္မာရုံနှင့် အထက်ကင်း ဘုန်းတော်ကြီးကျောင်း၊ ဆေးရုံများ၌ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က လတ်တလော အခြေအနေအရ လူနာတယောက်လျှင် ကျပ် ၂ သောင်းနှုန်း ထောက်ပံ့ကူညီပေးထားကြောင်း သိရသည်။

“ရေယာဉ်မှာပါတဲ့ ခရီးသည် အရေအတွက်ကို ဂိတ်တွေမှာ လိုက်လံစုံစမ်းလိုက်တော့ လက်မှတ်ဖြတ်ပြီး တရားဝင် ပါသွားတဲ့ အရေအတွက်က ၁၈၆ ယောက်လို့ စာရင်းရတယ်။ ကျန်တာတွေက လမ်းကတက်ပြီး လိုက်တာတွေနဲ့ဆိုရင် ၃၀၀ ကျော်ပါတယ်လို့ သိရပါတယ်” ဟု ဦးထွန်းထွန်းဝင်းက ဆက်လက်ပြောသည်။

အဆိုပါရေယာဉ် တိမ်းမှောက်မှုကြောင့် လတ်တလော လူ ၅ ဦးသေဆုံးပြီး လူဦးရေ ၁၅၅ ဦး ဆယ်ယူရရှိထားပြီး ဖြစ်ကြောင်း၊ လူ ၁၀၀ ကျော် ပျောက်ဆုံးလျက် ရှိကြောင်းနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

“ကျနော်တို့ ဂိတ်ကနေပြီး ရွှေစင်မြင့်၊ အောင်မြင့်ဇော်၊ မြဝတ်ရည်၊ ကျော်ဇေယျာဟိန်း ဆိုတဲ့ မော်တော် ၄ စီး ကယ်ဆယ်ဖို့ သွားနေပါပြီ။ အဲဒီရေယာဉ် ၄ စီးမှာ ကော်ဖီမစ်၊ ရေ၊ စားစရာတွေ အပြည့်အစုံနဲ့ သွားရောက် ကယ်ဆယ်နေပါတယ်။ ကင်းက ပရဟိတ အသင်းတွေနဲ့ လက်ပံစုရွာ၊ ကျောက်လှေခါး၊ ကနီမြို့က ကယ်ဆယ်ရေး အသင်းတွေကလည်း ကူညီကယ်ဆယ် နေကြပါတယ်။ ဖြစ်ပွားရာနေရာက မြစ်ကမ်းအနီး ဖြစ်တာ ဆိုပေမယ့် ခရီးသည် အသေအပျောက်စာရင်း အတိအကျ မသိရသေးပါဘူး” ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေယာဉ်များ ကြီးကြပ်ရေးကော်မတီမှ ဦးသောင်းညွှန့်က ပြောသည်။

ယခုရေယာဉ် တိမ်းမှောက်မှုတွင် ပါရှိခဲ့သည့် ခရီးသည်များမှ တချို့သော ခရီးသည်များသည် ကနီဆေးရုံ၊ ကင်းဆေးရုံနှင့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများတွင်လည်း ဆေးကုသမှုများ ခံယူလျက်ရှိကြသည်ဟု သိရသည်။
“မြစ်ကြောင်းသွား ရေယာဉ်တွေအားလုံး သတ်မှတ်ထားတဲ့ စည်းကမ်းများအတိုင်း ပြေးဆွဲခြင်း ရှိ၊ မရှိကို နေ့စဉ် ရေယာဉ် မထွက်ခွာမီ စစ်ဆေးပြီးမှ ပြေးဆွဲခွင့် ပြုပေးတာပါ။ အခုဖြစ်စဉ်ကတော့ ရေယာဉ်မှတ် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာမှု အားနည်းလို့ ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ လမ်းခရီးမှာ ခရီးသည်နဲ့ ကုန်တွေ ထပ်မတင်ဖို့ မကြာခဏ သတိပေးနေပေမယ့် ရေယာဉ်အသင်းတွေက လိုက်နာမှု အားနည်းကြတာလည်း ပါပါတယ်။ လတ်တလော ဆုံးရှုံးမှု တန်ဖိုးကိုတော့ ပြောလို့ မရနိုင်သေးပါဘူး” ဟု ရေကြောင်းပို့ဆောင်ရေး (စစ်ကိုင်းတိုင်းဒေသကြီး) တာဝန်ရှိသူ တဦးက ပြောသည်။

Loading