တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေး၊ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် “ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ”(UNFC) က အစိုးရထံသို့ အချက် ၈ ချက် တောင်းဆို ထားရာ မနေ့က နေပြည်တော်၌ နှစ်ဖက်တွေ့ဆုံစဉ် အချက် ၄ ချက်ကို ညှိနှိုင်းနိုင်ခဲ့ပြီး၊ ကျန်၄ ချက်ကို ဆက်လက် ဆွေးနွေးရန် သဘော တူညီမှုရရှိခဲ့သည်ဟု သိရသည်။
မနေ့က နေပြည်တော် သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့သည့် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission)နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့အကြား တွေ့ဆုံဆွေးနွေးရာ သဘောတူညီချက်တချို့ရရှိ ခဲ့သဖြင့် နှစ်ဖက်နားလည်မှု ပိုမိုတည်ဆောက်နိုင်ခဲ့ပြီး NCA လက်မှတ်ရေးထိုးနိုင်ရေး လမ်းပွင့်သွားကြောင်း နှစ်ဖက်လုံးက မီဒီယာများသို့ ပြော သည်။
“ဒီနေ့ကျနော်တို့ တင်ပြချက်တွေထဲက တချို့ကို သဘောတူညီလိုက်နိုင်ပြီဆိုတော့ NCA ထိုးဖို့ဖြစ်လာမယ်”ဟု DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ်က တွေ့ဆုံပွဲအပြီးတွင် မီဒီယာများသို့ ပြောသည်။
သဘောတူညီမှု ရရှိသည့် အချက် ၄ ချက်ကို ၂ ဖက်စလုံးက အတိအကျပြောဆိုခြင်း မရှိသော်လည်း နိုင်ငံရေး ဆွေးနွေးပွဲများ၌ ဆက်၍ အဖြေရှာရမည့် ကိစ္စများဖြစ်နေခြင်း၊ တချို့ကိစ္စများမှာ နိုင်ငံရေးနှင့် တိုက်ရိုက်မပတ်သက်သော်လည်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ မရောက်မီ ဆုံးဖြတ်ချက်ချထားရန် လိုအပ်သည့်အတွက် သဘောတူညီမှု အရင်ယူမည့် သဘောဖြစ်ကြောင်း ခူရီးရယ်က မီဒီယာများသို့ ပြောသည်။
အစိုးရငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေကလည်း ကျန်အချက် ၄ ချက်မှာ အများကြီး ညှိနှိုင်းရတော့မည် မဟုတ်ဘဲ ၄င်းတို့ထဲမှ အချက်တချို့ကို ညှိနှိုင်းနိုင်ပါက လာမည့် နိုဝင်ဘာလဆန်းပိုင်းတွင် ပြန်လည်ကျင်းပမည့် အစည်းအဝေးတွင် ပြီးပြတ်နိုင် သဖြင့် အောက်တိုဘာလ ၁၈၊ ၁၉ ရက်နေ့ ရန်ကုန်မြို့ NRPC ရုံးတွင် ပြုလုပ်မည့် Frame Work Meeting ကို DPN က တက်ရောက် တော့မည်ဟု မီဒီယာများသို့ ပြောသည်။
ဦးလှမောင်ရွှေ “နောက်တကြိမ် ဆွေးနွေးပွဲမှာတော့ တချို့ကိစ္စရပ်တွေကို ရှင်းလင်းသွားအောင် ဆောင်ရွက်ပေးဖို့တချို့ ရှိပါတယ်။ ဒီကြားထဲမှာတော့ GMC နဲ့ Code of Conduct တွေကို အလုပ်အဖွဲ့တွေက ရှင်းပြပြီးတော့ နောက်တကြိမ်ကို နိုဝင်ဘာလဆန်းမှာ ဆွေးနွေးဖို့ ပြင်နေပါတယ်။ ဒီဘက်ဆွေးနွေးပွဲမှာ ၂ ဖက်လုံးက အားရကျေနပ်တဲ့ အနေအထားမျိုး ရှိပါတယ်။ တချို့ကိစ္စ တွေကလည်း DPN ဘက်က ပြန်ဆွေးနွေးတာတွေကြောင့် နားလည်မှု တည်ဆောက်နိုင်ခဲ့ပါတယ်”ဟု ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ)က အတည်ပြုထားသည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ Framework များကို ရန်ကုန်တွင် ကျင်းပမည့် အစည်းအဝေးတွင် သုံးသပ်ပြီးနောက် အချောသတ်မည်ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာလ ၂၁၊ ၂၂ ရက်နေ့များတွင် နေပြည်တော်၌ ပြန်လည်ကျင်းပမည့် UPDJC အစည်းအဝေးတွင် အတည်ပြုသွားမည်ဟု အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်က ပြောသည်။
စစ်ရေးကိစ္စနဲ့ ပတ်သက်၍ ညှိနှိုင်းမှု မပြီးပြတ်သဖြင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက် တပ်နေရာသတ်မှတ်ခြင်းနှင့် သက်ဆိုင်ရာ တပ်များ၏ စည်းမျဉ်း၊ စည်းကမ်းများသတ်မှတ်ခြင်း၊ နယ်မြေသတ်မှတ် လှုပ်ရှားမှုများကို စောင့်ကြည့်ခြင်းများ ဆွေးနွေးနိုင်ရန် လာမည့် တခေါက် တွေ့ဆုံပွဲတွင် ညှိနှိုင်းရဦးမည်ဟု နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)က ပြောသည်။
စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိရန်၊ နိုင်ငံတကာမှ ပံ့ပိုးပေးသည့် အကူအညီများကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ညှိနှိုင်းဆွေးနွေးပြီး ကူညီပံ့ပိုးမှုကို တကယ်လိုအပ်သည့် လူထုဆီသို့ စနစ်တကျ ရောက်ရှိရန် ပူးပေါင်း ဆောင်ရွက် ကြရေးတို့ကို သဘောတူခဲ့ကြသည်ဟု သိရသည်။
“ဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်ဖို့ လိုပါတယ်။ အဲဒီအပေါ်မှာ ကြည့်ပြီးကျနော်တို့က NCA ထိုး/မထိုး ဆိုတာကို ဆုံးဖြတ်မှာ ပါ”ဟု ခူဦးရယ်က ပြောသည်။