သတင်း

ကြောက်ရွံ့မှု အမှောင်ထဲက မောင်တော

တစုံတယောက်က သင်၏အိမ်တွင် အလုပ်လာလုပ်ပြီး သင်၏ပစ္စည်းများကို ခိုးသည်။ ထို့နောက် သင်၏ ပိုင်ဆိုင်မှုများကို ယူဆောင်သွားသည်။ ထိုနေ့က သင်ဆုံးရှုံးသောနေ့ ဖြစ်ပါသည်။

အောက်တိုဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ် မောင်တော မြို့နယ် ကျီးကန်းပြင်၊ ကိုးတန်ကောက်နှင့် ငါးခူရ အခြေစိုက် စခန်းများတွင် တုုိက်ခိုက်ခံခဲရပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ကာ သေနတ် ၅၁ လက် သိမ်းဆည်း ယူဆောင်သွားခဲ့သည့် ဖြစ်ရပ်မှန် ဇာတ်လမ်းတွင်လည်း ယင်းနယ်ခြားစောင့် ရဲဌာန ၃ ခုတွင် သန့်ရှင်းရေးလုပ်သော ဒေသခံ မွတ်စလင် တချို့ ပါဝင်ခဲ့သည်ဟု ရဲအများစုက ကောက်ချက်ချ ယုံကြည်ခဲ့သည်။

သွေးများ၊ ဦးထုပ်များ၊ စောင်များနှင့် သောက်ရေသန့်ဘူးများသာ ကျန်ရှိနေသော ကိုးတန်ကောက် ရဲအခြေစိုက်စခန်း ကို အောက်တိုဘာလ ၉ ရက်နေ့ ညက အမည်မသိ လက်နက်ကိုင် အမျိုးသားများက ဝင်ရောက် တိုက်ခိုက်ခဲ့ရာတွင် ရဲ ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

စစ်တွေမြို့မှ ရဲအရာရှိကြီး တဦးနှင့် အတူ ကိုးတန်ကောက်တွင် အောက်တိုဘာလ ၁၅ ရက်နေ့က စုံစမ်းစစ်ဆေးမှု ပြုလုပ် ရာတွင် လိုုက်ပါခဲ့သော ရဲတပ်ဖွဲ့နှင့် ရင်းနှီးသည့် သတင်း အရင်းအမြစ် တခုက လက်နက်ကိုင် အမျိုးသားများ အခြေစိုက် စခန်းသို့ မည်သို့ တိုက်ခိုက်ခဲ့ခြင်းနှင့် မည်သည့်နေရာမှ လက်နက်များ သိမ်းယူသွားသည်ကို ဖော်ပြထားသည့် ဓာတ်ပုံ ကျနော့်ကို ပြသခဲ့သည်။

“သူတို့တွေ အဲဒီအခန်းကို အခုထိ သန့်ရှင်းရေး မလုပ်ရသေးပါဘူး။ အခန်းထဲမှာ သွေးတွေ ရှိနေသေးတဲ့အတွက် အနံ့တွေ မကောင်းပါဘူး။ ရဲတွေက သေနတ်တွေကို တနေရာကနေ တနေရာပြောင်းပြီးတော့ ဝှက်ထားခဲ့တာပါ။ အဲဒါတောင်မှ ဒီ လက်နက်ကိုင်တွေက သေနတ်တွေ ဘယ်မှာ ဝှက်ထားတယ်ဆိုတာ အတိအကျ သိပါတယ်”ဟု အဆိုပါ သတင်း ရင်းမြစ် က ပြောသည်။

ထို့အပြင် ကျီးကန်းပြင် ရဲဌာနချုပ်စခန်းကိုလည်း လက်နက်ကိုင် အမျိုးသားများ မည်ကဲ့သို့ ဝင်ရောက် တိုက်ခိုက်ခဲ့သည် ဆိုသည် ကိုလည်း ကျနော့်ကို ပြောပြပါသည်။ အဆိုပါ စခန်းတွင် ရဲတပ်ဖွဲ့ဝင် ၅ဦး သေဆုံးခဲ့ရသည်။

“ရဲတပ်ဖွဲ့ဝင် ၅ဦး အသတ်ခံခဲ့ရတဲ့ ဌာနချုပ်စခန်းတွေကို ပထမဆုံး ဝင်တိုက်တာလို့ သူတို့က ယုံကြည်ထားတယ်။  နောက် တော့ အခြားအခြေစိုက်စခန်း ၂ ခုလည်း တိုက်ခိုက်ခံခဲ့ရပါတယ်”ဟု သူကပြောသည်။

ထိုလက်နက်ကိုင် အမျိုးသားများက ရဲဌာနချုပ်စခန်းကို တိုက်ခိုက်ကာ သေနတ်များကို သိမ်းပိုက်ပြီးနောက် ထိုလက်နက် များ ကို သယ်ဆောင်ရန် စခန်းမှ ကားကို အသုံးပြုခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ အခြေစိုက်စခန်းတွင် သန့်ရှင်းရေး လုပ်သူများနှင့် အလုပ်လုပ်သူများသည် ယင်းတိုက်ခိုက်မှုတွင် ပါဝင်သည်ဟု ကောက်ချက်ချကြောင်းလည်း ၎င်းက ပြောသည်။

“ကျီးကန်းပြင်စခန်းမှာ သေနတ်တွေ ဘယ်မှာသိမ်းထားတယ်ဆိုတာ သူတို့တွေ အကုန်သိနေ တယ်။ ပြီးတော့ ကိုးတန်ကောက်မှာလည်း သေနတ်တွေ ဖွက်ထားတဲ့နေရာကိုတောင် သိတယ်။ အဲဒါကြောင့် ဒီတိုက်ခိုက် မှုမှာ သန့်ရှင်းရေး လုပ်တဲ့သူတွေ ပါတယ်လို့ ပြောကြတာပါ”ဟု သတင်းရင်းမြစ် က ပြောဆိုသည်။

ရဲစခန်းများနှင့် ရုံးများတွင် ဒေသခံမွတ်စလင် အမျိုးသားများကို သန့်ရှင်းရေးနှင့် အလုပ်လုပ်ရန် စေခိုင်းခြင်းသည် မောင်တောရှိ အစိုးရရုံးများ၏ လုပ်ရိုးလုပ်စဉ်ဖြစ်ပြီး ရခိုင် တိုင်းရင်းသား စီးပွားရေးလုပ်ငန်းများသည်လည်း စျေးဆိုင်မှ သို့မဟုတ် စျေးမှ ပစ္စည်းများ သယ်ဆောင်ရာတွင် ထို အမျိုးသားများကို ခိုင်းစေကြသည်။ ဧည့်ရိပ်သာများတွင်လည်း သန့်ရှင်းရေး အတွက် မွတ်စလင် လူငယ်များကို ခိုင်းစေကြသည်။

အောက်တိုဘာလ ၁၆ ရက်နေ့က ဧရာဝတီ သတင်းဌာနမှ သတင်းထောက်များက ကျီးကန်းပြင်ရွာသို့ အခြား သတင်း ထောက်များနှင့်အတူ သွားရောက်ခဲ့သည်။

ထိုသို့ သွားရောက်ရာတွင် အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်တွင် တပ်မတော် နှင့် ရဲတပ်ဖွဲ့က ကျနော်တို့ကို တားမြစ်ခဲ့သည်။

တပ်မတော်က သတင်းထောက်များကို မြောက်ဘက်ဒေသသို့ ဆက်လက်ဝင်ရောက်ခွင့် မပြုခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် တပ်မတော်က ထိုလက်နက်ကိုင် တပ်ဖွဲ့များကို ရှာဖွေမည် ဖြစ်သောကြောင့် ဂျာနယ်လစ်များ အတွက် လုံခြုံမှု မရှိ၍ ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် ကျနော်တို့က နောက်ထပ် ၄မိုင်ဝေးသော အောင်မင်္ဂလာ ကျေးရွာသို့ သွားရောက်ရန် ရည်ရွယ်ခဲ့ကြသည်။

အောင်မင်္ဂလာသို့ သွားရောက်ရန် ရဲမှူးကြီး မျိုးလင်းအောင်ကို ဖုန်းဖြင့် ခွင့်ပြုချက်တောင်းခဲ့ရာ ၎င်းက အောင်မင်္ဂလာ ကျေးရွာသို့ မသွားရောက်ရန်နှင့် ဘာကြောင့် အာဏာပိုင်များက ခွင့်မပြုသည့် အကြောင်းကိုလည်း ရှင်းပြခဲ့သည်။

“လက်နက်ကိုင် အဖွဲ့တွေက အချို့ဒေသတွေမှာ သုံးလစာအတွက် အစားအစာတွေ ဝှက်ထားတယ်လို့ ကျနော်တို့ သတင်း ရထားပါတယ်။ အဲဒီဒေသတွေမှာပဲ ကျနော်တို့ဆီက ယူသွားတဲ့ သေနတ်တွေကို ဝှက်ထားတယ်လို့လည်း သတင်းရထားပါ တယ်။ လက်နက်ကိုင်အဖွဲ့ဝင်တွေက အဲဒီဒေသတွေမှာ လှုပ်ရှားခဲ့ပါတယ်။ အဲဒါကြောင့် အဲဒီဒေသတွေမှာ သူတို့ကို ရှာဖို့ စစ်တပ်က ဆောင်ရွက်နေတာပါ”ဟု သူက ပြောသည်။

ကျီးကန်းပြင် ရဲဌာနချုပ်ရှိ စစ်ဆေးရေးဂိတ်တွင် တပ်မတော်မှ ဗိုလ်မှူး တဦးက ထိုနေ့တွင် တပ်မတော် ထိပ်ပိုင်းအရာရှိ ထံမှ ခရီးသွားလာခွင့် ပိတ်ပင်ရန် အမိန့်ရ ရှိခဲ့ကြောင်း ကျနော်တို့ကို ပြောပြသည်။

သေနတ်သမားတွေက ဘယ်လိုလူတွေလဲ

“ဘင်္ဂလားဒေ့ရှ်မှ ကြိုဆိုပါသည်”ဆို သော ဖုန်းမက်ဆေ့ တစောင် ကျနော် ရရှိခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်သို့ ဖုန်းခေါ် ဆိုပါက တမိနစ်လျှင် တထောင်ကျပ် ကျသင့်မည်ဖြစ်ပြီး မက်ဆေ့ပို့လျှင် ငါးရာကျပ် ကျသင့်မည်ဟုလည်း ဆိုသည်။

ဘင်္ဂလားဒေ့ရှ်မှ ထိုသို့ ဖုန်းမက်ဆေ့ပို့သည်မှာ အံအားသင့်စရာဖြစ်ခဲ့သည်။ သို့သော် ကျနော်ရပ်နေသည်မှာ ဘင်္ဂလား ဒေ့ရှ်နှင့် မြန်မာနယ်စပ်ဖြစ်သော မြစ်ကြောင်းတွင် ရပ်နေခြင်းဖြစ်သည်။

ထိုနယ်စပ်တလျှောက်တွင် တရားမဝင် မူးယစ် ဆေးဝါးများ၊ သေနတ် လက်နက်များ၊ သစ်တင်ပို့မှုများ နေ့စဉ်လွတ်လပ်စွာ ကုန်သွယ် နေကြပြီး မောင်တောမှ ရခိုင်ဒေသခံများက တရားမဝင် လူများဟု စွပ်စွဲပြောဆိုသော သူများ ဖြတ်ကျော် ဝင်ရောက် သော အဓိကနေရာဖြစ်သည်။

မွတ်စလင် အများစု နေထိုင်ပြီး အိမ်ထောင်စု ၁၂၀၀ နေထိုင်သော အလယ်သံကျော်ရွာမှ ရခိုင်တိုင်းရင်းသား ကျေးရွာ လူကြီး ဦးဇော်ထူးက “ကျနော်တို့ရွာမှာ လုံခြုံရေးအတွက် အရမ်းကို စိုးရိမ်နေကြပါတယ်။ ဒီမြစ်ကနေ သူတို့တွေ နေ့တိုင်း ဖြတ်လာနေတာကို အဝေးကနေ မြင်ရပါတယ်။ မလာဖို့ ဘယ်သူကမှ သူတို့ကို တားလို့ မရပါဘူး။ ကျနော်တို့နဲ့ အရမ်းကပ် နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လိုလည်း အချိန်မရွေး ဝင်ထွက်နေကြပါတယ်။ သူတို့တွေ ဒီမြစ်ကနေတောင် သေနတ်တွေ သယ်နိုင်ပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ထို့အပြင် ၂၀၁၂ခုနှစ်က တကြိမ် ထိုရွာအနီးဝန်းကျင်တွင် မြန်မာအစိုးရက လက်နက်များ သိမ်းဆည်း ရရှိခဲ့ကြောင်း လည်း ဦးဇော်ထူးက ပြောပြသည်။

အောက်တိုဘာလ ၉ရက်နေ့တွင် အဆိုပါ ပဋိပက္ခ ဖြစ်ပွားပြီးနောက် စာသင်ကျောင်းအားလုံး ပိတ်ထားခဲ့ပြီး အစိုးရ ဝန်ထမ်း များလည်း ထိုရွာမှ ရွေ့ပြောင်းခဲ့ကြသည်။

သို့သော် အလယ်သံကျော်ရွာတွင် ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း မရှိပါ။ အလယ်သံကျော်ရွာမှ လူနည်းစုဖြစ်သော ရခိုင် တိုင်းရင်း သား ၁၀၀ ကျော်တို့သည်လည်း ပဋိပက္ခ ဖြစ်ပွားမည်ကို စိုးရိမ်၍ ရွာမှ ရွှေ့ပြောင်း လာခဲ့ကြသည်။

“ဒီမှာ သူတို့ လှုပ်ရှားမှုက နေရာတိုင်းမှာ ရှိတယ်။ ကျနော်တို့ သတင်းရထားပေးမယ့် မျက်စိနဲ့တော့ မမြင်ရသေးဘူး”ဟု ဦးဇော်ထူးကပြောသည်။

အများစုသည် မွတ်စလင်များဖြစ်ကြပြီး ၎င်းတို့၏ လှုပ်ရှားမှုကို မြင်တွေ့ရန် ခက်ခဲကြောင်းလည်း ဦးဇော်ထူးက ရှင်းပြသည်။

သူတို့က လူစိမ်းတယောက် ဝင်လာသည်ကို တွေ့လျင် ချက်ချင်း မေးမြန်းပါသည်။ ထို့ကြောင့် သူတို့ အသိုင်းအဝိုင်းအတွင်း အဖြစ်အပျက်များကို လေ့လာရန် သို့မဟုတ် သူတို့ ဘာလုပ်နေသည်ကို သ်ိရန် ခက်ခဲသည်ဟုလည်း ဆိုသည်။

ရဲအခြေစိုက်စခန်း ၃ ခု တိုက်ခိုက်ခံရမှုတွင် ပါဝင်သူများအကြောင်းကို မေးမြန်းသောအခါ “ဒေသခံ မွတ်စလင် တွေ မပါဘဲ နဲ့ ရဲ စခန်းကို ဝင်တိုက်ခိုက်လို့ မရနိုင်ပါဘူး”ဟု ဦးဇော်ထူးက ပြောသည်။

RSO (Rohingya Solidarity Organization) အဖွဲ့ဝင်များ ထိုဒေသတွင် ရှိနေသေးကြောင်းနှင့် ၎င်းတို့က မောင်တော ဒေသ ကို လိုချင်နေကြကြောင်း ဦးဇော်ထူးက ဆက်ပြောသည်။

လူမှုကွန်ရက် စာမျက်နှာများ တွင် Rohingya voice မှ ဖော်ပြသော ဗီဒီယိုတွင် ပါရှိသည့် မောင်တော မြောက်ပိုင်းမှ လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တဦးကို မြင်ဖူးကြောင်းလည်း ၎င်းက ဆိုသည်။

“ဒီအဖွဲ့မှာ ဘင်္ဂလားဒေ့ရှ်က တယောက်မှ မပါဘူး။ အကုန်လုံး မောင်တော မြောက်ပိုင်းကပဲ။ ကျနော် ဗီဒီယိုဖိုင်ကို ကြည့် လိုက်တော့ အဲဒီခေါင်းဆောင်ကို ဒီမှာ မြင်ဖူးတယ်ဆိုတာ သတိရလိုက်တယ်။ သူက စကား (စစ်တကောင်း ဘင်္ဂါလီ ဘာသာ စကား) ပြောတာက ဒီဘက်ကလေသံနဲ့ ပြောနေတာပါ”ဟု ဦးဇော်ထူးက ပြောသည်။

ထို ဘာသာစကား နားလည်သည့် ဦးဇော်ထူးက “သူက သူတို့ မွတ်စလင် တွေကို သူနဲ့ပူးပေါင်းပြီး အကုန်လုံး လွတ်လပ်ဖို့ အတွက် တိုက်ဖို့ ဆောင်းဆိုနေတာ။ အကယ်၍ သူတို့အားလုံး တိုက်ပွဲဝင်ရင် ဒီတော်လှန်ရေးက မကြာခင်မှာ အောင်မြင်ပါ လိမ့်မယ်လို့ပြောတာ ဖြစ်ပါတယ်”ဟု ဗီဒီယိုဖိုင်တွင် ပြောသောစကား၏ အဓိပ္ပာယ်ကို ပြန်လည် ပြောပြခဲ့သည်။

အလယ်သံကျော် ကျေးရွာမှု အစိုးရဝန်ထမ်း မွတ်စလင် ဆရာဝန် တဦးဖြစ်သူ ဦးဘချိုကလည်း ထိုလက်နက်ကိုင် အမျိူးသား များသည် မောင်တော မြောက်ဘက်ပိုင်းမှ ဒေသခံများ ဖြစ်ကြောင်း ပြောသည်။

“အခုလိုကြားရတာ အံ့အားသင့်တယ်။ သူတို့တွေဘယ်လို တိုက်ခိုက်ကြတာလဲ။ ကျနော်တို့ ဘဝမှာ ဒါမျိုးတခါမှ မကြားဖူး ဘူး။ ဒါပေမယ့် အဲဒီလို အကြမ်းဖက်မှုတွေကို ကျနော်တို့ အားမပေးပါဘူး”ဟုလည်း ဦးဘချိုက ပြောဆိုသည်။

ခရီးသွားလာရေး လုံခြုံရေး တင်းကျပ် ၊ သတင်းရယူခွင့် ခက်ခဲ

မြန်မာအစိုးရက မောင်တောမြို့ အဝင်အထွက်ကို ပိတ်ထားခဲ့ပြီး ည ၇ နာရီမှ မနက်၆နာရီအထိ အပြင်မထွက်ရ အမိန့် ထုတ်ပြန်ထားသည်။

ထို့ကြောင့် မောင်တောမြို့တွင် အပြင်မထွက်ရအမိန့် မစတင်မီ လမ်းမပေါ်တွင် လူသူလေးပါး ကင်းမဲ့နေခဲ့သည်။

လမ်းမပေါ်တွင် မောင်တောသို့ ဝင်ထွက်သော ခရီးသွား မည်သည့် မွတ်စလင်ကိုမဆို ရဲတပ်ဖွဲ့နှင့် တပ်မတော်က မေးမြန်း သည်။

အာဏာပိုင်များက မြို့အပြင်ဘက်သို့ အစားအစာများ သယ်ဆောင်သွားခြင်းကို ခွင့်မပြုဘဲ တချိန်တည်းတွင် တပ်မတော် ကလည်း မြို့အပြင်ဘက်တွင် စစ်ဆင်ရေး ဆောင်ရွက်လျက် ရှိသည်။

ထို့အပြင် အာဏာပိုင်များက မည်သူမဆို ပင်လယ်ပြင်တွင် ငါဖမ်းခြင်းကို ခွင့်မပြုသည့်အတွက် ငါးဖမ်းလုပ်ငန်းအားလုံး ရပ်ဆိုင်းထားရပြီး ရာပေါင်းများစွာသော မွတ်စလင် များအတွက် အလုပ်လက်မဲ့ ဖြစ်နေခဲ့သည်။ ထို့ကြောင့် ငါးနှင့် ပင်လယ် စာများ ကိုလည်း ဝယ်ယူ၍ မရနိုင်ပါ။

ကုန်စျေးနှုန်းများလည်း တိုးမြင့်လာခဲ့ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။ ထိုသို့ ပဋိပက္ခ မဖြစ်ပွားမီက ဆန်တ အိတ် လျှင် ၂ သောင်း ၄ထောင်ကျပ် ဖြစ်ပြီး ယခုအခါ ၂သောင်း ၈ထောင်ကျပ် အထိ စျေးတက်သွားခဲ့သည်။

ယခင်က သကြား တပိဿာလျင် ၁၅၀၀ ကျပ်ဖြစ်ပြီး လက်ရှိစျေးမှာ ၂ထောင်ကျပ် ဖြစ်သည်။ နွားနို့တဘူး လျှင် ၇၀၀ ကျပ် ဖြစ်ပြီး လက်ရှိတွင် ၈၀၀ ကျပ်အထိ မြင့်တက်ခဲ့သည်။

ထို့အတူ ဆီ တပိဿာမှာလည်း ၂၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ မြင့်တက်ခဲ့သည်။ MPT ဖုန်း ငွေဖြည့်ကတ် ကျပ် ၅၀၀၀ တန် တကတ် လျှင် ၅၉၀၀ ကျပ် ပေးရသည်။

မွတ်စလင်များ နေထိုင်သော မောင်တော မြောက်ပိုင်း ရွာများတွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တပ်မတော်က ငြိမ်းချမ်းရေး နှင့် လုံခြုံမှုကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပါ။ မောင်တောမြို့ပေါ်တွင် ရွေ့ပြောင်းသူများ ပိုမို ရောက်ရှိ လာခဲ့သည်။ တချို့ရွေ့ပြောင်းသူများက ၎င်းတို့၏ ဆွေမျိုးသားချင်း အိမ်များတွင် နေထိုင်ကြပြီး တချို့က ဘုန်းကြီး ကျောင်း များတွင် နေထိုင်ကြသည်။ ဘုန်းကြီးကျောင်းတခုတွင် လူပေါင်း ၁၀၀ ကျော် ပြောင်းရွေ့နေထိုင်လျက်ရှိသည်။

ဒေသခံ ရခိုင်တိုင်းရင်းသားများသည် မွတ်စလင်များ သေနတ်ရသွားပြီး တပ်မတော်ကို ပြန်တိုက်သည်ကို သိသောအခါ ထို လက်နက်ကိုင် အမျိုးသားများက မကြာခင် ၎င်းတို့ဒေသသို့ လာရောက် တိုက်ခိုက်မည်ကို ကြောက်လန့်နေကြသည်။

တပ်မတော်က စစ်ဆင်ရေး စတင်ဆောင်ရွက်ခဲ့ရာတွင် အရပ်သားများ၏ နေအိမ်များကို မီးရှို့ခဲ့သည်ဟု တချို့ ဓာတ်ပုံ ဆရာများက ပြောသည်။

ဒေသခံ မွတ်စလင် များကလည်း တိုက်ခိုက်မှုကို ကြောက်လန့်၍ ရွာများကနေ ထွက်ပြေးကြသည်။

တပ်မတော် က တိုက်ခိုက်မှု ဖြစ်ပွားသော ဒေသများသို့ ဝင်ရောက်ရန် တားမြစ်ထား၍ မီဒီယာများ အတွက် တိကျသော သတင်း အချက်အလက် ရရန် ခက်ခဲပါသည်။

ထို့အပြင် မွတ်စလင်များ ဘက်ကလည်း မီဒီယာများနှင့် မတွေ့ဆုံရဲကြပါ။

 

Loading