သတင်း

မောင်တောနယ်စပ် နယ်ခြားစောင့် ရဲတပ်ဖွဲ့အကြီးအကဲ အစားထိုးပြောင်းလဲ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ် စခန်းနှင့် လုံခြုံရေးစခန်း ၃ ခု အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးချုပ် မောင်မောင်ခင် နေရာ၌ ရဲမှူးချုပ် သူရစန်းလွင်ကို အစားထိုး တာဝန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထဲရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေက “ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့ တော်ရင်တော်သလို ချီးမြှောက်မယ်။ အသုံးမကျရင် မကျသလို အရေးယူမယ်။ အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ခေါင်းဆောင်ကို မကျေနပ်ဘူး။ အဲဒါကြောင့် ခေါင်းဆောင်သစ်ကို ချက်ချင်းလဲပေးလိုက်တယ်” ဟု ပြောသည်။

ပြည်ထဲရေး ဝန်ကြီးဌာနက မောင်တော အကြမ်းဖက်မှုနှင့် ပတ်သက်၍ ထိထိရောက် အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တာဝန်မကျေပွန်သည့် ဝန်ထမ်းများကိုပါ အရေးယူသွားမည်ဟု ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေက ယနေ့ အောက်တိုဘာ ၁၇ ရက် မောင်တောမြို့၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ရဲမှူးချုပ် မောင်မောင်ခင်ကို နယ်ခြားစောင့်တပ် အကြီးအကဲနေရာမှ ဖယ်ရှားလိုက်ပြီး ဖြစ်သော်လည်း ၎င်းကို မည်သည့်နေရာသို့ ပြောင်းရွှေ့မည်၊ မည်သို့အရေးယူမည် ဆိုသည်ကို မသိရကြောင်း မောင်တော ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက ဧရာဝတီကို ပြောသည်။

ရဲမှူးချုပ် မောင်မောင်ခင်ကို ရာထူးနေရာမှ ဖယ်ရှားလိုက်သည့် ကိစ္စရပ်ကို နယ်မြေရဲတပ်ဖွဲ့၌ တရားဝင်ထုတ်ပြန်မှု မရှိသေးကြောင်း ထိုရဲအရာရှိက ဆိုသည်။

အစားထိုး ခန့်အပ်ခံရသည့် ရဲမှူးချုပ် သူရစန်းလွင်သည် တပ်မ ၉၉ တွင် တာဝန် ထမ်းဆောင်နေသူဖြစ်ပြီး၊ ဗကပ (ဗမာ ပြည်ကွန်မြူနစ်ပါတီ) နှင့် တိုက်ခိုက်စဉ်က သူရဘွဲ့ရရှိထားသူ ဖြစ်ကြောင်းနှင့် ထိုသို့ စွမ်းဆောင်ရည် ရှိသူဖြစ်၍ မောင်တောဒေသကို တာဝန်ယူ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်စိတ်ချကြောင်း ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောသည်။

မောင်တော နယ်စပ်ဒေသကို ရဲမှူးချုပ် သူရစန်းလွင် ဦးဆောင်၍ စနစ်တကျ ပြန်လည် တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ ထိုဒေသ၌ တာဝန် ထမ်းဆောင်နေကြသည့် ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရန် စီစဉ် ဆောင်ရွက်ပေးမည်ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် နယ်စပ်ဒေသကို တပ်မတော်နှင့်အတူ ပူးပေါင်း ကာကွယ်သွားမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ မြေအား တလက်မမှ အကျူးကျော်မခံရအောင် ကာကွယ်သွားမည် ဖြစ်ကြောင်းနှင့် နယ်မြေဒေသ ရှင်းလင်းရေးကို တရားဥပဒေနှင့်အညီ ဆောင်ရွက်နေပြီး၊ ဖမ်းဆီးရမိထားသည့် အကြမ်းဖက်သမားများကို စစ်ဆေးရာ၌ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ကလည်း လာရောက်ကြည့်ရှုနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေက ဆိုသည်။

ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေက “အကျဉ်းထောင်ထဲမှာ အကြမ်းဖက်သမား ၁၆ ဦး ဖမ်းဆီးထားတယ်။ သူတို့ကို စစ်ဆေးတဲ့အခါမှာ ညှင်းပမ်းနှိပ်စက်တာ မရှိဘူး၊ ICRC အနေနဲ့ ကြည့်ချင်တယ်ဆိုရင် လာကြည့်လို့ ရပါတယ်” ဟု ဆိုသည်။

ထို့အပြင် မောင်တောဒေသတွင် အခြေချ နေထိုင်လာသူများ အနေဖြင့် ကျေးရွာများ တည်ဆောက်သည့်အခါ မည်သည့် လူမျိုးဖြစ်စေ မြန်မာနိုင်ငံ၏ အာဏာစက်အောက်တွင် တည်ရှိရမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေအတိုင်း လိုက်နာနေထိုင်ရမည် ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ မနေပါက ဥပဒေအရ အရေးသွားယူမည်ဟု ၎င်းက ဆိုသည်။

ဒေသခံတိုင်းရင်းသား လူမျိုးများအနေဖြင့်လည်း မိမိဒေသကို စွန့်ခွာ မသွားကြစေလိုကြောင်း၊ ဒေသခံ တိုင်းရင်းသား လူမျိုးများ၏ လုံခြုံရေးကို တပ်မတော်နှင့် ရဲတပ်ဖွဲ့က ကာကွယ်ပေးသွားမည်ဟု ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦးနှင့် တပ်မတော်သား ၅ ဦး ကျဆုံးခဲ့ပြီး၊ ထိုနေ့မှ ယနေ့အထိ အကြမ်းဖက်သမား သေဆုံးသူ ၂၉ ဦး ရှိကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

Loading