ရခိုင်တိုင်းရင်းသားများက ၎င်းတို့၏ ဘဝလုံခြုံမှုအတွက် ပြည်သူ့စစ်ပုံစံဖြင့် လက်နက်များတပ်ဆင်ပေးရန် မကြာသေးမီက အစိုးရအဖွဲ့ဝင်များ သွားရောက်ခဲ့သည့် ရခိုင်ပြည်နယ်ခရီးစဉ်တွင် တောင်းဆိုခဲ့ကြောင်း မနေ့က နေပြည်တော်၌ ပြုလုပ် သည့် ရခိုင်ပြည်နယ်အရေး ဒုတိယအကြိမ် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
ထိုတောင်းဆိုမှုနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လက်ရှိအစိုးရအနေဖြင့် ထိုဒေသရှိ လူ့အသိုင်းအဝုုိင်း နှစ်ခုအကြား အဆင်ပြေစေရန် ဆောင်ရွက်နေသည့်အတွက် ရခိုင်များကို လက်နက်တပ်ဆင်ပေးရန် မဖြစ်နိုင်သေးကြောင်း၊ ပြည်သူ့စစ် မဟာဗျူဟာသည် ရေရှည်စဉ်းစားရမည့် ကိစ္စတခုဖြစ်ကြောင်းပြောသည်။
“ဒေသန္တရ ကာကွယ်ရေးအတွက်ကို ကျေးရွာတွေ ရပ်ရွာတွေမှာ ပြည်သူ့စစ်တာဝန်ကို ထမ်းဆောင်မယ်ဆိုရင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကနေ စီစဉ်ဆောင်ရွက်ထားတဲ့ ဒေသန္တရရဲတပ်ဖွဲ့ဆိုတာ ရှိပါတယ်။ ကိုယ့်ကျေးရွာ ကိုယ့်ရပ်ရွာကို ကူညီ စောင့်ရှောက်ဖို့အတွက်ဆိုရင် ဒေသန္တရရဲတပ်ဖွဲ့ကို ဝင်ရောက်ဖို့ပါပဲ။ အဲဒါကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ဆက်သွယ် ဆောင်ရွက်ပါလို့ အကြံပြုချင်ပါတယ်”ဟု သူက ရှင်းလင်းပြောကြားသည်။
မနေ့က နေပြည်တော်တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ပြန်ကြားရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ တက်ရောက်ရှင်းလင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာနကလည်း ရခိုင်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အဆင့် ၅ဆင့်ဖြင့် စီမံဆောင်ရွက် နေကြောင်း၊ နယ်မြေဒေသ လုံခြုံရေးကို အမြန်ဆုံးထိန်းသိမ်းနိုင်ရန်၊ ဒေသတွင်းရှိ လုံခြုံရေးဌာနချုပ်များနှင့် အစိုးရဌာနများ ၏ လုံခြုံရေးကို တပြိုက်နက်တည်း ဆောင်ရွက်ရန်၊ အရေးကြီးသည့် ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်မသွား စေရန်၊ နောက်ဆက်တွဲ ဆိုးကျိုးများထပ်မံ မပေါ်ပေါက်လာစေရန် ပုဒ်မ ၁၄၄ ကို ထပ်မံ တိုးမြှင့်သတ်မှတ်ခြင်းနှင့် ပုံမှန် လူနေမှုဘဝများ ပြန်လည်ရရှိရေးအတွက် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို ပေါင်းစပ်ဆောင်ရွက် ကြိုးစားလုပ်ကိုင်နေကြောင်း ဒု ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကပြောသည်။
အစိုးရအဖွဲ့အနေဖြင့် မောင်တောနယ်ခြားစောင့် ရဲဌာနချုပ် တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ အချိန်ကြာမြင့်စွာဖြစ်ပေါ်ခဲ့သည့် အကြောင်းတရားများကို အခြေပြုပေါ်ပေါက်လာခြင်းဖြစ်၍ တိုင်းပြည်လုံခြုံရေးနှင့့် တရားဥပဒေစိုးမိုးရေးကို ထပ်မံထိခိုက် မှုမရှိရန် ရေတို၊ ရေရှည် အစီအမံများ ဆောင်ရွက်ရန် လိုအပ်သည်ဟု သုံးသပ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်က ဆိုသည်။
ရေတိုရေရှည်တွင် ဒေသခံပြည်သူလူထု အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နေထိုင်နိုင်ရန် အစီအမံများဆောင် ရွက်ခြင်း၊ နတ်မြစ်ဝရှိ ဒုက္ခသည်စခန်းများမှ လူဝင်လူထွက်များ စစ်ဆေးခြင်း၊ ဘဏ္ဍာငွေသုံးစွဲကာ မြန်မာနယ်ခြားရှိ ခြံ စည်းရိုးကို ပြန်လည်လုံခြုံမှုရှိစေ ရန်ဆောင်ရွက်ခြင်း နှင့် တိုင်းရင်းသားကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေး လုံခြုံမှုကောင်း မွန်လာအောင် စီမံဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မောင်တောဖြစ်စဉ်တွင် ဆုံးရှုံးသွားသည့် လက်နက်ခဲယမ်းများ အမြန်ဆုံးရရှိရေး၊ အကြမ်းဖက်သောင်းကျန်းသူများကို အမြစ်ပြတ်ချေမှုန်းရေး၊ ၄င်းတို့နှင့် အဆက်အသွယ်ရှိသူများ အမြန် ဆုံး ဖော်ထုတ်ရေးတို့ကို မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းဖြင့်သာ ရေတိုရေရှည် အကျိုးဖြစ် ထွန်း နိုင်မည်ဟု အစိုးရကသုံးသပ်ကြောင်း သူကဆက်ပြောသည်။
ယခင်က ရခိုင်ပြည်နယ် ဖြစ်စဉ်များတွင် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများသည် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု နည်းပါးခဲ့သော်လည်း ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က မောင်တောဒေသတိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောကြားလာခြင်းသည် အပြုသဘောဆောင်သည် သဘောထား ရှိနေသည်ကို တွေ့ရ ကြောင်း ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့မှ စတင်ခဲ့သည့် ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲစခန်းများ တိုက်ခိုက််ခံရမှု ဖြစ်စဉ် တလျှောက် အကြမ်းဖက်အဖွဲ့ အသေဖမ်းမိသူ ၂၈ဦး ရှိပြီး၊ တပ်မတော်သား ၅ဦး ရဲတပ်ဖွဲ့ဝင် ၉ဦးကျဆုံးကာ ၄ဦး ဒဏ်ရာရရှိကြောင်း၊ ဘင်္ဂလားဒေရှ်မှ လွှဲပြောင်းပေးသည့် အကြမ်းဖက်သမား ၂ ဦး အပါအဝင် ၂၉ ဦးကို စစ်တွေ အကျဉ်းထောင်နှင့် မောင်းတောဒေသရှိ အချုပ်ခန်းများတွင် ချုပ်နှောင်ထားကြောင်း သိရသည်။
ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီး ဇော်မင်းထွန်းကလည်း လူအုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်ခံရသည့် မောင်တောနှင့် ရသေ့တောင် ဖြစ်စဉ်များ နောက်ပိုင်း တပ်မတော်၏ ပစ်ခတ်ဖမ်းဆီးမှုများသည် တိုင်းပြည်၏တည်ငြိမ်အေး ချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အကြီးအကျယ်ထိခိုက်စေသည့် ဖြစ်စဉ်များကြောင့် ဖြစ်သည်ဟုပြောသည်။
အောက်တိုဘာလ ၁၅ ရက်နေ့က မောင်တောမြို့နယ် လိပ်အိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဓားဖြင့် ရုုတ်တ ရက် ဝင်ရောက်တိုက်ခိုက်ပြီး ထွက်ပြေးသူ ၃ ဦးကို အသေပစ်ခတ် ဖမ်းဆီးမှုအပေါ် ဧရာဝတီ သတင်းဌာနက မေးခွန်းထုတ်ခဲ့ရာ ဗိုလ်မှူးကြီး ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြန်လည် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
“ဒါကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့ မဖြစ်မနေ ပြန်လည် ပစ်ခတ်ဖမ်းဆီးရတာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ပစ်ခတ် ဖမ်းဆီးရုံကလွဲပြီး အခြားနည်းလမ်း မရှိပါဘူး”ဟု ဗိုလ်မှူးကြီး ဇော်မင်းထွန်းက ပြောသည်။
ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ဒေသကို သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် စစ်ဆင်ရေး နယ်မြေများအဖြစ် သတ် မှတ်ထားပြီး ဖြစ်၍ နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရာတွင် လုံခြုံရေး တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သည့် ကျေးရွာများလည်း ရှိကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု ဖြစ်စဉ်များတွင် ဓားဖြင့် တိုက်ခိုက်ခံမှုမှာ အများ ဆုံး ဖြစ်သည်ကို တွေ့ရှိရသည်ဟု သိရသည်။
“နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရတာကလည်း ဓားဒဏ်ရာတွေနဲ့ပါ။ အကြမ်းဖက်သမားတွေဟာ ဓားနဲ့ ပတ်သက်ပြီး ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်တဲ့ အနေအထား ရှိပါတယ်”ဟု ဗိုလ်မှူးကြီး ဇော်မင်းထွန်းက ပြောသည်။
ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်ရဲစခန်းများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး နိုင်ငံတော် လုံခြုံးရေး ကျိုးပေါက်ရခြင်း၊ လက်နက်များ ဆုံးရှုံးခဲ့ရခြင်းနှင့် တပ်ဖွဲ့ဝင်များ အသက်ဆုံးရှုံးခဲ့ရခြင်းတို့အတွက် ပေါ့လျော့မှုနှင့် တာဝန်ရှိသူများကိုု စုံစမ်းရေး အဖွဲ့များဖွဲ့၍ အရေးယူရန် စီစဉ်နေပြီး ရဲမှူးချုပ်တဦးကိုလည်း အစားထိုး တာဝန်ပေးထားပြီဖြစ်ပြီး၊ ကျဆုံးခဲ့သည့် တပ်မတော်သားများအတွက် နောက်ပိုင်းတွင် စစ်မှုထမ်းဟောင်း အိမ်ရာများ ပေးခြင်း၊ ပင်စင်လစာ ခံစားခွင့်များ၊ ချီးမြင့် ငွေ စရိတ်များအပြင် ဘဝတလျှောက်လုံး အာမခံချက် ရှိစေရန် နေထိုင်ရေးကအစ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျဆုံးရဲတပ်ဖွဲ့များ အတွက်လည်း ကျဆုံးသူများကို သိန်း ၈၀၊ ဒဏ်ရာ ရသူများကို သိန်း ၃၀ ထောက်ပံ့ထားပြီး ဖြစ်ကြောင်း သိရသည်။