ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ဆယ်စုနှစ်ကြာ နေထိုင်လာခဲ့ကြသည့် မြန််မာဒုက္ခသည်များကို ယခုလ နောက်ဆုံးအပတ်တွင် ပထမဦးဆုံး အသုတ်အဖြစ် ပြန်လည် ပို့ဆောင် နေရာချထားပေးရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရ သည်။
ဒုက္ခသည်များ ပြန်ပို့ရေးအစီအစဉ်ကို ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၊ ထိုင်း အာဏာပိုင်နှင့် မြန်မာ အစိုးရတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး အောက်တိုဘာ ၂၅ ရက်နောက်ပိုင်း စတင်ဆောင်ရွက်မည်ဟု သိထား ကြောင်း၊ လူ ၅၀ ကျော်ကို ကရင်ပြည်နယ်တွင် နေရာချထားပေးရန် ပြင်ဆင်ထားကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က ဧရာဝတီကို ပြောသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က “ဒီအောက်တိုဘာလ ၂၅ ရက်နေ့ နောက်ပိုင်းလာမယ်လို့ အကြမ်းဖျင်း သိထား ရတယ်။ ဘယ်နေ့တော့ အတိအကျ အန်တီတို့ကို မပြောသေးပါဘူး။ သူတို့(UNHCR) ပြောတာတော့ ၉၆ ဦးလို့ ပြောတယ်။ အန်တီတို့ ဒီဒေသကို ၉၆ ဦးလုံးတော့ မရောက်ဘူး။ တနင်္သာရီဝင်မယ်၊ ပြည်ဝင်မယ် အဲဒီလို ဟိုဝင်ဒီဝင်။ အန်တီတို့ ဆီတော့ ၅၂ ဦးလား ၅၄ ဦးလား အတိအကျ မသိဘူး”ဟု ပြောပြသည်။
ပြန်လာမည့် ဒုက္ခသည်များ စားဝတ်နေရေး အတွက် အစိုးရက စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်သကဲ့သို့ UNHCR ကလည်း လိုအပ်သည့် အကူအညီများ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ နေထိုင်ရေး အတွက် ပေ ၄၀ x ၆၀ တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ပေးထားပြီး ယာယီနေထိုင်ရန် အဆောင်များလည်း ရှိကြောင်း ၎င်းက ရှင်းပြသည်။
ပြည်နယ်အစုုိးရ အနေဖြင့် ပြန်လာမည့် ဒုက္ခသည်မိသားစု တစုလျှင် မိသားစုဦးရေ အနည်းအများ အလိုက် ကျပ် ၃ သိန်းမှ ၅ သိန်းထောက်ပံ့မည် ဖြစ်ပြီး ၂ လခန့် တနေ့လျှင် ၃ ထောင်ကျပ်နှုန်းဖြင့် ကူညီထောက်ပံ့ရန် လျာထား ကြောင်း၊ UNHCR ကလည်း ၎င်းတို့၏ စံချိန်စံနှုန်း တွက်ချက်မှုများအရ လူတဦးကို တလစာ ၁၃၀၀၀ နှုန်း ထောက်ပံ့ပေးမည်ဟု သိရကြောင်း လည်း ဒေါ်နန်းခင်ထွေးမြင့်က ဆက်လက် ပြောပြသည်။
ယင်းသို့ ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ပေးရေး အစီအစဉ်နှင့်ပတ်သက်၍ ကရင်ဒုက္ခသည်များ ကော်မတီ(KRC)ကို ဆက်သွယ် မေးမြန်းရာ ၎င်းတို့အား အသိပေးခြင်းမရှိသဖြင့် အသေးစိတ် မပြောနိုင်ကြောင်း၊ ဒုက္ခသည်များနှင့် တိုက်ရိုက် စကားပြောပြီး စာရင်းယူခြင်း ဖြစ်ကြောင်း KRC ၏ ပြောရေးဆိုခွင့်ရှိသူ နော်ဘလူးမင်းနိုက်ဇာက ပြောသည်။
နော်ဘလူးမင်းနိုက်ဇာ က “UNHCR နဲ့ သူတို့(အစိုးရ)စီစဉ်တာ ကျမတို့ KRC ကော်မတီကို ဘယ်သူမှ အတိအကျ သတင်း မပေးဘူး။ ကျမတို့ တိတိကျကျ ဘာမှ မသိရဘူူး။ တကယ်ဆို ကျမတို့ကိုလည်း အကြောင်းကြားသင့်တယ်။ ဒါမှမဟုတ် အသိပေး သင့်တယ်။ ကျမတို့နဲ့ နည်းနည်းတော့ ဆွေးနွေးဖို့ကောင်းတယ်။ သူတို့က ဒုက္ခသည်တိုင်း လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ မူကိုကိုင်ထားပြီး ဒုက္ခသည်နဲ့တိုက်ရိုက် သွားစကားပြော စာရင်းယူတာပဲ”ဟု ၎င်းက ပြောဆို သည်။
ယခုပြန်လာမည့် ဒုက္ခသည်များသည် ကိုယ့်သဘောနှင့်ကိုယ် ပြန်လာသူများ ဖြစ်ရမည်ဖြစ်ပြီး ပြန်ပို့မည့်ရက်ကိုမူ အတိ အကျ မသိသေးကြောင်း၊ သိရသည်နှင့်တပြိုင်နက် သတင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း UNHCR မှ ဆက်သွယ် ညှိနှိုင်းရေးမှူး Iain Hall က ပြောသည်။
ဒေါ်နန်းခင်ထွေးမြင့်က ပြန်လာမည့်သူများကို ကြိုဆိုပြီး ကိုယ့်မိသားစုနှင့်ကိုယ် ပျော်ပျော်ရွှင်ရွင် ပြန်ပြီး နေထိုင်ကြသည်ကို မြင်ချင်ကြောင်း၊ နိုင်ငံတော် အစိုးရ၊ ပြည်နယ်အစိုးရသည် ချမ်းသာသည့် အစိုးရမဟုတ်သော်လည်း ဒုက္ခသည်များအတွက် စားဝတ် နေရေး၊ လုံခြုံရေး၊ အလုပ်အကိုင် ရရှိရေး တို့ကို တတ်နိုင်သမျှ ဆောင်ရွက်ပေးရန် ကြိုးစားနေကြောင်း ပြောဆို သည်။
ပြီးခဲ့သည့် စက်တင်ဘာလမှစပြီး ကရင်ပြည်နယ် မဲသဝေါ ဒေသအတွင်းတွင် ခွဲထွက် DKBA အဖွဲ့ ဖြစ်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် ကရင် နယ်ခြားစောင့် တပ်(BGF) တို့ကြား တိုက်ပွဲများ ဖြစ်ပွား သည့် အတွက် ယင်းဒေသအတွင်းရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံရွာသား ၁၀၀၀ ကျော်လည်း ထွက်ပြေး တိမ်းရှောင် နေကြရသည်။
ပြည်တွင်းစစ်ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရှောင်တိမ်း လာကြသည့် ဒုက္ခသည်အများစုသည် ကရင် တိုင်းရင်းသားများ ဖြစ်ကြကြောင်း၊ ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် တရားဝင် ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်း ၉ ခုရှိကာ ဒုက္ခသည် ဦးရေပေါင်း ၁ သိန်း ၂ သောင်း ကျော်ရှိကြောင်း UNHCR မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
UNHCR ၏ ၂၀၁၆ ခုနှစ်ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ကမ္ဘာပေါ်ရှိ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း နေထိုင်သူ စုစုပေါင်းတွင် မြန်မာနိုင်ငံသား ၄ သိန်းခွဲခန့်ရှိပြီး အများဆုံးအဆင့် ၈ တွင် ရှိနေကြောင်း ဖော်ပြထားသည်။