ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် အတွင်းရှိ တရားမဝင်ကျောက် (ဆီလီကွန် သတ္တု ကျောက်) များ လာရောက် တူးဖော် သယ်ဆောင်နေသည့် တရုတ်နိုင်ငံသား ၄ ဦးကို အောက်တိုဘာ ၁၇ ရက်နေ့က ဖမ်းဆီးထားကြောင်း သတင်း ရရှိသည်။
ယမန်နေ့ နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် နမ့်မကျေးရွာအုပ်စု ဝိန်းကမ်းရွာတွင် ဆီလီကွန် ကျောက် သယ်လာသည့် ကား ၂ စီး နှင့် တရုတ်နိုင်ငံသား ၄ ဦးကို ဒေသခံများနှင့် အုပ်ချုပ်ရေး အာဏာပိုင်များ ပူးပေါင်း၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း နမ့်ခမ်း ဒေသခံ ဦးစိုင်းရီ က ဧရာဝတီသို့ ပြောသည်။
ဦးစိုင်းရီ က “ကျနော်တို့ သတ္တုတူးတဲ့ကိစ္စကို ကန့်ကွက်တာ ကြာခဲ့ပြီ။ အရင်ကလည်း တရုတ်တွေက ကားနဲ့ ကျောက်တွေ လာသယ်ပါတယ်။ သယ်တာတွေကို ကျနော်တို့ ဒေသခံတွေ စုပြီးကန့်ကွက်ခဲ့တယ်။ တရုတ်တွေက နောက်ကွယ်မှာ ဘယ်ကုမ္ပဏီ ရှိနေလဲ ဆိုတာ ကျနော်တို့ စုံစမ်းနေပါတယ်”ဟုလည်း ပြောဆိုသည်။
နမ့်ခမ်းမြို့နယ်အတွင်း ဆီလီကွန် ကျောက် တူးဖော်ရန် ရပ်ဆိုင်းထားကြောင်း၊ မည်သည့် ကုမ္ပဏီမှ တူးဖော်ခွင့် ပြုမ ထား ကြောင်း၊ မှတ်ပုံတင် ရရှိထားသည့် ကုမ္ပဏီများကိုလည်း တူးဖော်မှု ရပ်ဆိုင်း ခိုုင်းထားကြောင်း မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း ကလည်း ဧရာဝတီကို ပြောသည်။
“တရုတ် နိုင်ငံသား ၄ဦးနဲ့ ကျောက်သယ်ကား ၂စီး မနေ့က ဖမ်းထားပါတယ်။ သူတို့ ဘယ်ကနေ ဘယ်လို သယ်လာလဲ။ ပြီးတော့ ဘယ်ကုမ္ပဏီက ကျောက်တွေကို သယ်လာလဲ ဆိုတာ စိစစ်နေပါတယ်။ သူတို့ ၄ဦးကိုတော့ နမ့်ခမ်းမြို့နယ် ရဲစခန်း မှာ ချုပ်ထားပါတယ်”ဟုလည်း ဦးကျော်ကျော်ထွန်းက ပြောပြသည်။
အဆိုပါ တရုတ်နို်င်ငံသား ၄ဦးသည် ရွှေလီမြစ်မှ လာရောက်သဖြင့် မြန်မာပြည်ကို တရားဝင် ဝင်ထွက်ခွင့် ကိစ္စကိုလည်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဦးစီးဌာနက စိစစ်နေကြောင်း၊ ဆီလီကွန်ကျောက် တူးဖော်သည့် ကိစ္စကိုလည်း စိစစ် နေကြောင်း၊ ကား၂စီးကိုလည်း လိုင်စင် ရှိမရှိ စိစစ်၍ လိုင်စင်မဲ့ဖြစ်လျှင် ဥပဒေအရ ဆက်လက် အရေးယူသွားမည် ဖြစ်ကြောင်းလည်း ဦးကျော်ကျော်ထွန်းက ပြောသည်။
ဆီလီကွန်ကျောက်များကို ဆိုလာပြား ပြုလုပ်သည့် နေရာတွင် အသုံးပြုခြင်း၊ ကြွေထည်ပစ္စည်းများ ပြုလုပ်ရာတွင် ထည့်သွင်း အသုံးပြုခြင်း နှင့် အိမ်များ အလှဆင်ရာတွင် ထည့်သွင်း အသုံးပြုကြသည်ဟု သိရသည်။
တရားမဝင် ကျောက်ထုတ်လုပ်ခြင်းအား ရပ်ဆိုင်းထားရန်နှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၉ ရက် ရက်စွဲဖြင့် နမ့်ခမ်း မြို့နယ် အုပ်ချုပ်ရေးမှူး က စာ ထုတ်ပြန်ထားခဲ့သော်လည်း လက်ရှိတွင် တရုတ်နိုင်ငံသားများက လာရောက် ထုတ်နေ သည် ကို နားမလည်ကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။
နမ့်ခမ်းမြို့နယ်အတွင်း သတ္တုတူးဖော်မှု ရပ်ဆိုင်းရန် အတွက် ၂၀၁၄ ခုနစ် စက်တင်ဘာ ၅ ရက်နေ့တွင် နမ့်ခမ်းဒေသခံ ၄၀၀၀ ခန့် က ဆန္ဒထုတ်ဖော်ခဲ့ကြောင်းလည်း သိရသည်။