ကုလသမဂ္ဂ လူသားချင်းစာနာမှု အရေးကိစ္စများဆိုင်ရာ (UNOCHA) ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် စတီဖင်အိုဘရိုင် ဦးဆောင်သော ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နေရပ်စွန့်ခွာ တိမ်းရှောင်သူများထံသို့ သွားရောက်ခဲ့ပါသည်။
UNOCHA ၏ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူး စတီဖင်အိုဘရိုင်သည် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသော မွတ်စလင်များ နေထိုင်သည့် သက်ကယ်ပြင် ယာယီ ဒုက္ခသည်စခန်းသို့ ဦးစွာ သွားရောက်ခဲ့ရာတွင် ဧရာဝတီ သတင်းဌာနမှ သတင်းထောက်များလည်း လိုက်ပါခဲ့သည်။ ထိုမွတ်စလင်များမှာ ၂၀၁၂ ခုနှစ် ပဋိပက္ခများ ဖြစ်ပွားခဲ့စဉ် ကတည်းက ခန့်မှန်းခြေအားဖြင့် လူပေါင်း ၁၄၀,၀၀၀ တို့မှာ နေရပ်မှ ရွေ့ပြောင်းနေထိုင်ခဲ့ကြသည်။
စတီဖင်အိုဘရိုင်အား ၎င်းတို့အနေနှင့် နေရပ် ဘယ်တော့ ပြန်နိုင်မလဲ နှင့် လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ဘယ်တော့ ရမလဲ ဆိုသည်တို့ကို ဒုက္ခသည်များက မေးမြန်းကြသည်။
“ကလေးတွေ ပညာမသင်ကြားရတဲ့ အတွက် မျိုးဆက်သစ် ကလေးတွေ အတွက် ကျနော် အရမ်း စိတ်ပူပါတယ်”ဟု မွတ်စလင်ဒုက္ခသည် ခေါင်းဆောင်တဦးက ပြောသည်။
မွတ်စလင် ဝမ်းဆွဲဆရာမတဦး ဖြစ်သူ ဒေါ်ခင်စိန်က အဆိုပါ ဆွေးနွေးပွဲတွင် ယာယီစခန်းတွင်း ကြုံတွေ့ နေရသော ကျန်းမာရေး စောင့်ရှောက်မှု အခက်အခဲများကို ပြောပြသည်။ တစုံတယောက် ဖျားနာလျင် စစ်တွေရှိ ဆေးရုံသို့ သွားရောက် ပြသရမည် ဖြစ်သည်။ ထိုအခါ ကားတစီး ငှားရပြီး လုံခြုံရေးများလည်း လိုက်ပါရ ပါသည်။ အဆိုပါ ဆေးရုံသို့ သွားရသည့် ခရီးစရိတ်မှာ ၂ သောင်းကျပ်မှ ၃ သောင်းကျပ် အထိ ကုန်ကျနိုင်ကြောင်း ဒေါ်ခင်စိန်က ပြောသည်။
ဆေးရုံသို့ ရောက်ရှိသည့် အခါတွင်လည်း “ကျမတို့ စားဖို့ အစားအသောက်တွေကို ရဲတွေကို ဝယ်ခိုင်းရပါတယ်။ သူတို့ မဝယ်ပေးရင် ကျမတို့ စားစရာ ဘာမှ မရှိပါဘူး” ဟု ဒေါ်ခင်စိန်က ပြောသည်။
ယာယီစခန်းတွင်း အလုပ်အကိုင် ရှားပါးသောကြောင့် ဝင်ငွေ ရရှိရန် အခက်အခဲ ရှိသည်။ ဆိုက်ကားနင်းခြင်း၊ အသီးအရွက် စိုက်ခင်းငယ်များ စိုက်ပျိုးခြင်းနှင့် တခါတရံ ငါးဖမ်းခြင်း စသည်တို့ကိုသာ လုပ်ကိုင်ခွင့် ရရှိကြသည်။ ၂၀၁၂ ခုနှစ် ပဋိပက္ခများ မဖြစ်ပွားမီ စစ်တွေတွင် ရိုဟင်ဂျာအများစုမှာ လဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် စျေးဆိုင်များ ပိုင်ဆိုင်ကြသည်။
အသက်ကြီးသော ရိုဟင်ဂျာ ခေါင်းဆောင်တဦးဖြစ်သူ ဦးကျော်လှသည် တချိန်က နိုင်ငံရေးသမားတဦး ဖြစ်သည်။
အစိုးရက ဘင်္ဂါလီအဖြစ် အမည်တပ်ခဲ့ပြီး နိုင်ငံသားဖြစ်ခွင့် ပယ်ချခံခဲ့ရသော လူနည်းစု မွတ်စလင်ဘာသာဝင်များကို အစိုးက အသိအမှတ်ပြုမှု နည်းပါးသောကြောင့် ဦးကျော်လှအနေဖြင့် စိတ်ပျက်ခဲ့ရသည်။
စစ်အာဏာရှင်ဟောင်း ဦးနေဝင်းတောင်မှ သူတို့အား ရိုဟင်ဂျာ အဖြစ် အသိအမှတ် ပြုခဲ့သော်လည်း သမ္မတဟောင်း ဦးသိန်းစိန်က သူတို့အား အပြင်ဘက်မှ လူများကဲ့သို့ ဆက်ဆံခဲ့ကြောင်း ဦးကျော်လှက ပြောသည်။
“စစ်တွေမှာ ကျနော်တို့ အိမ်တွေ၊ စီးပွားရေး လုပ်ငန်းတွေ ရှိပါတယ်။ ဒါပေမယ့် အဲဒါတွေကို သူတို့တွေ သိမ်းသွားပါပြီ” ဟု ဦးကျော်လှက ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသား ဒေသခံများကို ရည်ညွှန်း ပြောဆိုခဲ့သည်။
ပဋိပက္ခ ဖြစ်ပွားသော ကြောင့် ရခိုင်တိုင်းရင်းသားများလည်း နေရပ်ရွေ့ပြောင်းခဲ့ကြ ရသည်။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် ကိုယ်စားလှယ် အဖွဲ့က ထို ရခိုင်တိုင်းရင်းသားများ နေထိုင်သော ရွေ့ပြောင်း ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ကြသည်။
ရခိုင် တိုင်းရင်းသားများနှင့် တွေ့ဆုံသော အစည်းအဝေးတွင် စတီဖင်အိုဘရရိုင်က သူတို့အား ဒေသခံ မွတ်စလင် ဘာသာဝင်များနှင့် လူမှုဆက်ဆံရေး ရှိဖူးပါသလားဟု မေးသောအခါ တက်ရောက်လာသော အမျိုးသမီး အဖွဲ့အစည်း တခုက မရှိဖူးပါဟု ပြန်လည် ဖြေကြားခဲ့သည်။
“ဘာလို့ ကျမတို့က သူတို့နဲ့ ပြောဆို ဆက်ဆံရမှာလဲ။ သူတို့တွေနဲ့ ဘယ်တော့မှ ထပ်မနေရဖို့ ကျမတို့ ဆုတောင်းတယ်” ဟု ၎င်းက ပြောသည်။
စတီဖင်အိုဘရိုင်က တက်ရောက်လာသော သူများကို ယခု ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့မှာ လူ့အခွင့်အရေး အဖွဲ့အစည်း တခုဖြစ်သည့် အတွက် ဘက်လိုက်၍ မရကြောင်း၊ သို့သော် ၎င်းတို့၏ အခြေအနေ တိုးတက်လာစေရန် လူများ၏ လိုအပ်ချက်ကို နားထောင်ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စစ်တွေမှ ပြန်လာခဲ့ရာတွင် ထို ကိုယ်စားလှယ်အဖွဲ့မှ ကိုယ်စားလှယ်တဦးက နှစ်ဖက်စလုံးမှ အသံများကို ကြားရပြီး နောက် ပဋိပက္ခအတွက် ဖြေရှင်းနိုင်ဖွယ် မမြင်သေးကြောင်း ပြောသည်။