အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါ်ခင်ဌေးကြွယ်ကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး အဖွဲ့ဝင်မှ ပယ်ဖျက်နိုင်ရန်အတွက် ယခင် သမ္မတရုံးဝန်ကြီးဟောင်း၊ လက်ရှိ ကယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိမ်းက ကြိုးစားလျက်ရှိကြောင်း သတင်းရရှိသည်။
အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီီ) အာဏာရစဉ်က ထိပ်ပိုင်း ခေါင်းဆောင်တဦး ဖြစ်ခဲ့သူ ဦးစိုးသိမ်းက ဒေါ်ခင်ဌေးကြွယ်သည် ခုံရုံးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေမှုသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ညီညွတ်ခြင်း မရှိဆိုသည့် အကြောင်းပြချက်ဖြင့် အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ်များထံမှ လက်မှတ်များ ကောက်ယူခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်က ဧရာဝတီသို့ ပြောသည်။
“အဓိက အကြောင်းပြတာကတော့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေတာပါ။ ခုံရုံး အဖွဲ့ဝင် အရည်အချင်းမှာ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူလို့ ရေးထားပါတယ်။ ဥပဒေနဲ့ အညီ မဟုတ်တဲ့အတွက် ကျနော်တို့လည်း လက်မှတ်ထိုးပေးလိုက်ပါတယ်။ ပါတီကလည်း သဘောတူပါတယ်” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်က ပြောသည်။
အောက်တိုဘာလ ၆ ရက်နှင့် ၇ ရက်နေ့များက ဦးစိုးသိမ်းကိုယ်တိုင် လက်မှတ်ကောက်ခံရာ ယင်းကန့်ကွက်မှုကို လက်ခံသဖြင့် လက်မှတ်ထိုးခဲ့ကြောင်း၊ ဒေါ်ခင်ဌေးကြွယ်သည် ခုံရုံးအဖွဲ့ဝင် အရည်အချင်းများနှင့် ပြည်စုံသည်ဟု ပြည်ထောင်စု လွှတ်တော်တွင် ကြေညာခဲ့သော်လည်း လက်ရှိ အချိန်အထိ သက်သေ မပြသေးဟု သိရကြောင်း ANP ပါတီမှ အမှတ် ၉ ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောသည်။
ANP ပါတီမှ ဦးဦးလှစောကမူ ယင်းကိစ္စသည် ပါတီနှင့် တိုက်ရိုက် သက်ဆိုင်ခြင်း မရှိဘဲ ကိုယ်စားလှယ်များ၏ သဘောအတိုင်းသာ ဖြစ်ကြောင်း၊ ဦးစိုးသိမ်းအနေဖြင့် ANP ၏ အားကို မယူဘဲ လွှတ်တော်အတွင်းရှိ ကြံ့ခိုင်ရေးပါတီ နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ လက်မှတ်များ ရရုံဖြင့် စွပ်စွဲပြစ်တင်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၂၆ တွင် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်း အရည်အတွက်ရှိသော ကိုယ်စားလှယ်များက ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထား ရယူရန် ကိစ္စများကို သတ်မှတ်ထားသော နည်းလမ်းများနှင့် အညီ ခုံရုံးသို့ တင်သွင်းခွင့် ရှိသည်ဟု ဖော်ပြထားသည်။
NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် ဥပဒေပညာရှင်တဦးလည်း ဖြစ်သူ ဦးအောင်သိန်းကမူ ခုံရုံးအဖွဲ့ဝင် တဦးအား ကန့်ကွက်မည့်အချိန် ကန့်သတ်မထားသော်လည်း ယခုအချိန်မှ ကြိုးစားမှုသည် အောင်မြင်ရန် မလွယ်ကူနိုင်ကြောင်း၊ ထို့အပြင် လွှတ်တော်၏ သဘောတူညီမှုလည်း လိုအပ်လိမ့်မည် ဖြစ်ကြောင်း ပြောဆိုသည်။
“ကန့်ကွက်လွှာ တင်သွင်းဖို့ကို အချိန်ကန့်သတ်ချက် ပေးမထားပေမယ့် သူတို့ကြိုးစားသလို ရဖို့ကတော့ မလွယ်ဘူးလို့ ကျနော် ထင်တယ်။ ဒီကန့်ကွက်ချက်ကလည်း လွှတ်တော်က သဘောတူညီမှ အထမြောက်နိုင်မှာ” ဟု ဦးအောင်သိန်းက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ခုံရုံး အဖွဲ့ဝင် ၉ ဦးတွင် သမ္မတက ၃ ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ၃ ဦးနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ၃ ဦး ရွေးချယ်ပေးခဲ့ရာ ဒေါ်ခင်ဌေးကြွယ်သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ရွေးချယ်ပေးခဲ့သူ တဦး ဖြစ်သည်။
ဒေါ်ခင်ဌေးကြွယ်ကို ခုံရုံးအဖွဲ့ဝင်တဦးအဖြစ် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုရန် ကြိုးစားခဲ့စဉ်ကလည်း ၄င်း၏ ကိုယ်ရေး အချက်အလက်များ ပြည့်စုံမှု မရှိသဖြင့် ထပ်မံ တင်ပြသင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ထွန်းလင်းဦးက ကန့်ကွက်ခဲ့သည်။
ထို့ကန့်ကွက်ချက်ကို NLD လွှမ်းမိုးထားသည့် ပြည်ထောင်စု လွှတ်တော်က မဲခွဲဆုံးဖြတ်၍ ပယ်ချခဲ့ပြီး ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း မည်သို့ပင်ဆိုစေ သမ္မတက ထင်ပေါ်ကျော်ကြားသည့် ဥပဒေ ပညာရှင်ဟု ယူဆပါက မည်သူ့ကိုမဆို ခန့်အပ် ခွင့်ရှိကြောင်း၊ ထို့့ကြောင့် ကိုယ်ရေး အချက်အလက်များမှာ ယခုကန့်ကွက်သည့် အကြောင်းအရာတွင် တိုက်ရိုက်မသက်ဆိုင်ကြောင်း ပြောဆိုခဲ့သည်။
နေပြည်တော်တွင် ထွက်ပေါ်နေသည့် သတင်းများအရ နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေနှင့် ဦးရွှေမန်း ဦးဆောင်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မရှင်တို့ကိုလည်း လွှတ်တော်တွင်းရှိ NLD မဟုတ်သော အခြား အင်အားစုများက ၂၀၀၈ ဖွဲ့စည်းပုံနှင့် မညီဟုဆိုကာ ခုံရုံးသို့ တင်ပြရန် ကြိုးစားနေသည်ဟု သိရသော်လည်း ဧရာဝတီက သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။
ယခုကိစ္စများနှင့် ပတ်သက်၍ ကာယကံရှင်ဖြစ်သူ ဦးစိုးသိမ်းကို ဧရာဝတီက ကြိုးစား ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။