ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းနှင့် မွတ်စလင် အသိုင်းအဝိုင်းကြား ကွာဟချက် လျော့ကျရေး အာရုံစိုက်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို တိဘက် ဘာသာရေး ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဘုန်းတော်ကြီး ဒလိုင်းလားမားက သတင်းစကား ပါးလိုက်သည်။
ချက်သမ္မတ နိုင်ငံ ပရာဟာမြို့တော်တွင် ကျင်းပနေသည့် အကြိမ် ၂၀ မြောက် ဖိုရမ် ၂၀ဝ၀ ညီလာခံ တက်ရောက်နေသော တိဘက် ဘုန်းတော်ကြီး ဒလိုင်း လားမားက The World and Its Current Challenges (ကမ္ဘာကြီးနှင့် လက်ရှိ စိန်ခေါ်မှုများ) ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲအပြီး ဧရာဝတီက မေးမြန်းစဉ် ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။
“အခုဆို သူ (ဒေါ်အောင်ဆန်းစုကြည်) ဟာ အလုပ်လုပ်ဖို့ အခွင့်အရေးရပြီ။ ဒီတော့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းနဲ့ မွတ်စလင် အသိုင်းအဝိုင်းကြား ကွာဟချက် လျော့နည်းလာစေရေး အာရုံးစူးစိုက်သင့်တယ်လို့ ကျနော် ထင်တယ်” ဟု ဘုန်းတော်ကြီး ဒလိုင်းလားမားက ဧရာဝတီကို မိန့်ကြားသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် တဦးဖြစ်သည့်အတွက် အဆိုပါ အမည်နာမ အောက်တွင် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်စရာများကို စဉ်ဆက်မပြတ် လုပ်ဆောင်နေလိမ့်မည်ဟုလည်း မျှော်လင့်ကြောင်း ဘုန်းတော်ကြီး ဒလိုင်းလားမားက ဆက်လက်ပြောဆိုသည်။
ကမ္ဘာကြီးနှင့် လက်ရှိ စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင်လည်း မြန်မာနှင့် ပတ်သက်၍ စိတ်မကောင်းစရာ ဖြစ်ရပ်တခုကိုလည်း ထည့်သွင်းဟောပြောသွားသည်။
“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စိတ်မကောင်းစရာတခု ပြောရအုံးမယ်။ တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံးမှာ ရေးတယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးတပါး အကြောင်းပေါ့။ အဲဒီမှာ အမည်တပ်ပုံက ဗုဒ္ဓဘာသာ အကြမ်းဖက်သမားလို့ ဆိုတယ်။ ကိုယ်က ဗုဒ္ဓဘာသာဝင် ဆိုတော့ စိတ်မသက်မသာ ဖြစ်ရတယ်။ ဆိုတော့ အလားတူပဲ မွတ်စလင် အကြမ်းဖက်သမားလို့ သုံးနှုန်းလိုက်ရင် မွတ်စလင်ဘာသာဝင်တွေ စိတ်ထဲ မသက်မသာဖြစ်မယ်” ဟု ဘုန်းတော်ကြီး ဒလိုင်း လားမားက ဆိုသည်။
ယခု ကမ္ဘာကြီးတွင် ခြိမ်းခြောက်နေသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အကြမ်းဖက်သမားကို အကြမ်းဖက်သမားဟုသာ မြင်ကြရန်နှင့် မွတ်စလင် အကြမ်းဖက်သမား၊ ဗုဒ္ဓဘာသာ အကြမ်းဖက်သမား စသည်အားဖြင့် မရှုမြင်သင့်ကြောင်းလည်း ၄င်းက ထောက်ပြပြောဆိုသည်။
“အကြမ်းဖက်သမားတွေ၊ အစွန်းရောက် သမားတွေမှာ ဘာသာရေးဆိုတာ မရှိဘူး” ဟုလည်း ဘုန်းတော်ကြီး ဒလိုင်းလားမားက ဆိုသည်။
ဘာသာ လူမျိုး ကွဲပြားမှုများအကြား လူ့အဖွဲ့အစည်းအတွင်း တင်းမာမှု ကွာဟမှုများ လျော့ကျစေရေး စစ်မှန်သည့် ငြိမ်းချမ်းရေး အကြောင်းကို အသက် ၈၁ နှစ်ကျော်ရှိ ဘုန်းတော်ကြီး ဒလိုင်းလားမားက အလေးပေး မိန့်ကြားသည်။
ကမ္ဘာပေါ်တွင် လူသားရယ်ဟူ၍ ဖြစ်တည်လာကတည်းက ပြဿနာဆိုသည်များ ရှိနေခဲ့ပြီး အနာဂတ်မှာလည်း ပြဿနာဆိုသည်မှာ ရှိနေမည်ဖြစ်ကြောင်း၊ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ရေတိုသာမက ရေရှည်အတွက် အမြင်ကျယ်ကျယ်ဖြင့် ချည်းကပ် ကိုင်တွယ်ရန် လိုအပ်ကြောင်း၊ အဆိုးမြင်များအတွက် အနာဂတ်မရှိကြောင်း ဘုန်းတော်ကြီး ဒလိုင်းလားမားက သတိပေးပြောဆိုသည်။
၂၀ ရာစုစောစောကတည်းက စတင်ကာ ယခု ၂၁ ရာစုရောက်သည့်တိုင် များစွာသော အပေါင်းလက္ခဏာဆောင်သည့် လူ့ယဉ်ကျေးမှု ဖြစ်ထွန်းမှုများကို မြင်တွေ့နိုင်မည်ဖြစ်ကြောင်း၊ အထင်အရှား ပြရမည်ဆိုလျှက် ငြိမ်းချမ်းရေးကိစ္စ များသည် ယခင်ကထက် ပိုမိုဖြစ်ထွန်းလာနေကြောင်း ၄င်းက ဆိုသည်။
ကမ္ဘာပေါ်တွင် လက်ရှိ စိန်ခေါ်မှု များစွာရှိနေဆဲဖြစ်ကြောင်း၊ အဆိုပါ စိန်ခေါ်မှုဆိုသည်မှာ အစဉ်ရှိနေမှာဖြစ်ပြီး စိန်ခေါ်မှုများအား ရင်ဆိ်ုင်တွေ့ဆုံပြီး မှန်ကန်သည့် ချည်းကပ်မှုများဖြင့် ဖြေရှင်းကျော်လွှားနိုင်မည် ဖြစ်ကြောင်းလည်း ထောက်ပြသည်။
“မတူညီတဲ့ ဘာသာရေး၊ ယဉ်ကျေးမှုတွေနဲ့ ထိတွေ့ဆက်ဆံပါ၊ ကိုယ်နဲ့ တူတာတွေနဲ့ မတူတာတွေကို လေ့လာပါ။ မတူကွဲပြားတဲ့ ဘာသာရေး၊ ယဉ်ကျေးမှုတွေကို ဖလှယ်ပါ။ အပြန်အလှန် လေးစားမှုတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု ဆိုတာ အောင်မြင်စွာ ဖြစ်ထွန်းလာမှာပါပဲ” ဟုလည်း ဘုန်းတော်ကြီး ဒလိုင်းလားမာက ဆိုသည်။
ဘာသာရေးဟု ဆိုသည့်အရာများအပေါ် လူပြိန်းကြိုက် နိုင်ငံရေးသမားများနှင့် အစွန်းရောက် ဝါဒီမှာက လွဲမှားစွာ အသုံးချနေသည်ကို စစ်မှန်သော ငြိမ်းချမ်းရေးကို လိုလားသည့် လူသားတိုင်း သတိချပ်သင့်ကြောင်းလည်း သူက ထောက်ပြသည်။
တိဘက် ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်း လားမားအား တိဘက်ခွဲထွက်ရေး ကြိုပမ်းနေသူ အဖြစ် တရုတ်အစိုးရ၏ စွတ်စွဲချက်ကိုလည်း ပရာဟာမြို့ ဟရာ့ဒ်ချန်နီ ရင်ပြင်တွင် အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း တုံ့ပြန်ပြောဆိုခဲ့သေးသည်။
“တိဘက်လူမျိုးတွေဟာ လွတ်လပ်ရေးရဖို့ ကြိုးစားနေကြတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့တွေဟာ တိဘက်ရဲ့ ဗုဒ္ဓဘာသာထုံးစံနဲ့လည်း ကိုက်ညီပြီး တရုတ်နိုင်ငံနဲ့ အတူ ပြည်ထောင်စုစနစ်မှာ ထိုက်တန်တဲ့ လူ့အခွင့်အရေးကို လိုလားနေကြတာပါ” ဟု ဘုန်းတော်ကြီး ဒလိုင်းလားမားက ဆိုသည်။
ချက်နိုင်ငံ သမ္မတ မစ္စတာ မီလော့စ် ဇီးမန်း (Milos Zeman) သည် တရုတ်အစိုးရနှင့် နီးစပ်သည့် ဆက်ဆံရေး ရှိသည့်အတွက် ယခုကဲ့သို့ တိဘက် ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား၏ ချက်နိုင်ငံ ခရီးစဉ် အပေါ် နိုင်ငံတကာက အထူးစိတ်ဝင်စားလျှက် ရှိကြသည်။
ဆက်စပ် ဖတ်ရှုရန်
အကြိမ် ၂၀ မြောက် ဖိုရမ် ၂၀ဝ၀ ညီလာခံ ချက်သမ္မတ နိုင်ငံတွင် ကျင်းပ