အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရှမ်းပြည်နယ် ထိပ်ပိုင်း ခေါင်းဆောင်တချို့ ရာထူးမှ ထုတ်ပယ်ခံရခြင်း၊ ရာထူးချ ခံရခြင်း တို့အပေါ် စတင် ကြားနာမှုတခုကို ပါတီ အယူခံ ခုံရုံးက ယနေ့ နေ့လယ်ပိုင်းက နေပြည်တော် စည်ပင်ဧည့်ရိပ်သာ အတွင်းရှိ ယူနီစန် စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
NLD ပါတီ ဗဟို အလုပ် အမှုဆောင်၊ ဗဟို အတွင်းရေးမှူး အဖွဲ့ဝင်တဦး ဖြစ်သူ ဦးဝင်းထိန်၏ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း ရှမ်းပြည်နယ် တောင်ကြီးခရိုင် NLD ဥက္ကဌ ဦးတင်မောင်တိုးကို နုတ်မိန့်ဖြင့် ထုတ်ပယ်ခြင်း၊ ပြည်နယ် ဥက္ကဌ ဒေါ်ခင်မိုးမိုး၊ ဒေါ်မီးမီးနှင့် ဒေါ်ယူမီဇော် တို့ကို ရာထူးမှ ချထားခြင်းတို့ ဆောင်ရွက်ခဲ့သည့်အပေါ် ကာယကံရှင်များက ပါတီသို့ အယူခံလွှာ တင်သွင်းခဲ့သဖြင့် ယနေ့တွင် ၂ ဖက်စလုံးကို ခေါ်ယူ ကြားနာခြင်း ဖြစ်သည်ဟု ဒေါ်ခင်မိုးမိုးနှင့် အဖွဲ့က မီဒီယာများသို့ ပြောသည်။
အယူခံရုံး၏ အဖွဲ့ခေါင်းဆောင်မှာ NLD ပါတီမှ တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုး၊ မန္တလေးတိုင်း NLD ဥက္ကဌ ဦးတင်ထွဋ်ဦးနှင့် ဗဟိုကော်မတီဝင် ဒေါ်လဲ့လဲ့တို့ ဖြစ်ကြောင်း သိရသည်။
ဦးကျော်ဟိုးက“ဒီနေ့က အယူခံရုံးပေါ့ဗျာ။ အယူခံကနေ စပြီး ရုံးထိုင်တယ်ပေါ့။ ၂ ဖက်ချိန်းပြီး ရှေ့ဆက် ဘာလုပ်မလဲဆိုတာ ပြောပြ တယ်။ ဒါပေမယ့် ဦးဝင်းထိန်က ခရီးထွက်နေလို့ ခွင့်တင်တယ်။ လာမယ့် ရုံးချိန်းကျရင် ကျနော်တို့က အထောက်အထား ယူမယ်။ အယူခံရုံး အနေနဲ့ လိုအပ်တဲ့ အထောက်အထားတွေကို ယူပြီးတော့ ကြားနာဖို့ လုပ်နေတာပါ”ဟု မီဒီယာများသို့ ပြောသည်။
ကြားနားပွဲသို့ ရောက်ရှိလာသူ ဒေါ်ခင်မိုးမိုးကမူ ၎င်းတို့ကို စွပ်စွဲသူမှာ ဦးဝင်းထိန် ဖြစ်သဖြင့် ၎င်းကို အရင် စစ်ဆေးသင့်သည်ဟု အယူခံ ခုံရုံးသို့ တင်ပြခဲ့သဖြင့် လာမည် စက်တင်ဘာလ ၂၄ နှင့် ၂၅ ရက်တို့တွင် ဦးဝင်းထိန်နှင့် သက်သေများကို ခုံရုံးက စတင်စစ်ဆေးရန် ဆုံးဖြတ်လိုက်ကြောင်း မီဒီယာများသို့ ပြောသည်။
“ဦးဝင်းထိန်ကို မစစ်ဘဲနဲ့ ကျမတို့ကို အရင်စစ်တယ်ဆိုရင် တရားမျှတမှု မရှိနိုင်ဘူးလို့ အဖွဲ့ခေါင်းဆောင် ဦးကျော်ဟိုးကို ရှင်းပြခဲ့တယ်။ ကျမတို့ကို ဒါတွေ စွပ်စွဲတယ်ဆိုတာ တရားဝင် ရုံးရှေ့မှာ ပြောရပါမယ်။ အဲဒီအခါမှ ကျမတို့က စွပ်စွဲချက်ကို ဖြေရှင်းရမှာ ဖြစ်တဲ့အတွက် ဦးဝင်းထိန်ကို အရင်စစ်ရမှာပါ”ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။
ဒေါ်ခင်မိုးမိုးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် SNLD ကို မဲထည့်ခဲ့သည်ဟု ပြောဆိုသည့် အထောက်အထား၊ ပါတီမှ ကိုယ်စားလှယ် လောင်း အရွေးမခံရသဖြင့် ပြည်နယ် အောင်နိုင်ရေး မဆောင်ရွက်ခဲ့သည့် သက်သေများ ၎င်းထံတွင် ရှိကြောင်း ဦးဝင်းထိန်က စက်တင်ဘာလဆန်းပိုင်းတွင် ဧရာဝတီသို့ ပြောဆိုထားသည်။
ဦးဝင်းထိန်မှာ ချင်းပြည်နယ်သို့ ပါတီတွင်း ကိစ္စရပ်များကို ဖြေရှင်းရန် သွားရောက်နေခြင်း ဖြစ်သည်။
ထို့ပြင် ဦးဝင်းထိန် နုတ်မိန့်ဖြင့် ထုတ်ပယ်ခံထားရသူ တောင်ကြီးခရိုင် NLD ဥက္ကဌ ဦးတင်မောင်တိုးကလည်း “ကျနော်တို့က ၈၈ က တည်းက ဒီပါတီထဲမှာ နေလာတာ။ ပါတီရဲ့ စည်းမျဉ်း၊ စည်းကမ်းအားလုံးကိုလည်း အလွတ်ရတယ်။ ဒီပါတီမှာ နုတ်မိန့်နဲ့ ထုတ် တယ်ဆိုတာလည်း တခါမှ မကြားခဲ့ဖူးဘူး။ ပါတီဟာ လက်ရှိ အာဏာရပါတီလည်း ဖြစ်တယ်။ အစိုးရအဖွဲ့အစည်းတွေကို ဖွဲ့စည်းထားတဲ့ ပါတီလည်း ဖြစ်တဲ့အတွက် စည်းမျဉ်း၊ စည်းကမ်းနဲ့ သွားစေချင်တယ်။ တိုင်းပြည်အတွက် စံပြဖြစ်တဲ့ ပါတီတခု ဖြစ်စေချင်တယ်”ဟု မီဒီယာများသို့ ပြောသည်။
လက်ရှိတွင် အယူခံရုံးမှ စစ်ဆေးမည့် အမှုတွဲ ၃ မှု ဖြစ်ပြီး ဒေါ်ခင်မိုးမိုးက တမှု၊ ဦးတင်မောင်တိုးက တမှုနှင့် ဒေါ်မီးမီးနှင့် ဒေါ်ယူမီဇော် တို့က တမှု ဖြစ်ကြောင်း၊ ဒေါ်မီးမီးနှင့် ဒေါ်ယူမီဇော်တို့မှာလည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီ အောင်နိုင်ရေး မဆောင်ရွက်ခဲ့ဟူသော စွပ်စွဲချက်ဖြင့် ရာထူးချခံထားရခြင်း ဖြစ်သည်ဟု သိရသည်။
ဦးတင်မောင်တိုးကလည်း “သူရှမ်းပြည်ကို တက်လာတော့ ကျနော်က ဖေ့ဘုတ်စ်မှာ ရေးတာ သူ့(ဦးဝင်းထိန်)ကို စော်ကားတယ်ပေါ့။ နောက် တချက်က ဝန်ကြီးဌာနတွေကို စွက်ဖက်တယ်၊ နှောင့်ယှက်နေတယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ အဲဒါတွေကိုလည်း ကျနော့်သက်သေ တွေနဲ့ တကွ ဖြေရှင်း သွားမှာပါ”ဟု မီဒီယာများသို့ ပြောသည်။
ဒေါ်ခင်မိုးမိုးမှာ ပြည်နယ် ဥက္ကဌ ရာထူးမှ ဖယ်ရှားခံခဲ့ရသော်လည်း ပါတီဝင် ထုတ်ပယ်ခြင်း မရှိသလို ပါတီ၏ ဗဟိုဦးစီး အဖွဲ့ဝင် အဖြစ် မှလည်း ထုတ်ပယ်ခြင်း မရှိကြောင်း၊ ပြည်နယ် ဥက္ကဌ အဖြစ်မှ ဖယ်ရှားခြင်းကိုလည်း ပါတီ၏ CEC တဦးဖြစ်သူ ဦးကျော်ခင်ဆိုသူမှ တဆင့် အသိပေးခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်ခင်မိုးမိုးက ပြောသည်။
“အခုကိစ္စမှာ ကျမတို့မှာ အပြစ်ရှိရင် ကျမတို့ကို အရေးယူပါ။ ဦးဝင်းထိန်မှာ အပြစ်ရှိရင်တော့ ဦးဝင်းထိန်ကို အရေးယူပေးပါ။ အပြစ်ရှိတဲ့သူကို အရေးယူပေးပါ။ အဲဒါကြောင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပေးဖို့ တောင်းဆိုခဲ့တာ”ဟု ဒေါ်ခင်မိုးမိုးက မီဒီယာများသို့ ပြောဆိုခဲ့သည်။