၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် လာမည့် နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၇ ရက်အတွင်း အမည်စာရင်း တင်သွင်းရမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်သည်။
လက်ရှိ လစ်လပ်နေရာများဖြစ်သည့် ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာနှင့် ပြည်နယ်လွှတ်တော် ၇ နေရာတို့အတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတဦးက “ လစ်လပ်နေရာတွေက ဇန်နဝါရီလလောက်အထိ ပြင်ဆင်ပြောင်းလဲမှု ရှိနိုင်ပါတယ် ” ဟု ဧရာဝတီကို ပြောသည်။
တနိုင်ငံလုံးအတိုင်းအတာဖြင့် လတ်တလော၌ လစ်လပ်မဲဆန္ဒနယ် ၃၄ နေရာရှိသော်လည်း ၁၉ နေရာ၌သာ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ပါဝင်သည့် ပန်ဆန်း(ပန်ခမ်း)၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမောမြို့နယ်များနှင့် မိုင်းလားမြို့နယ်တို့ အတွင်းရှိ ပြည်သူ့လွှတ်တော် ၅ နေရာနှင့် ပြည်နယ်လွှတ်တော် ၁၀ နေရာတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ထိုမြို့နယ် ၅ မြို့နယ်အတွင်း၌ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းနိုင်ခြင်း မရှိသည့်အပြင် မဲဆန္ဒရှင် စာရင်းများပါ ကောက်ယူနိုင်ခြင်းမရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောသည်။
“ဝ” အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ ဒုဥက္ကဌ – (၁) ဦးဆမ်ဆောင်ကားက “ကျနော်တို့ သဘောကတော့ “ဝ” ထဲက မြို့နယ်တွေမှာလည်း ရွေးကောက်ပွဲ ကျင်းပစေလိုပါတယ်။ ဒါက အစိုးရနဲ့ ဒေသအုပ်ချုပ်ရေးပိုင်းက ညှိနှိုင်းရမယ့် ကိစ္စဆိုတော့ ကျနော်တို့က ဘာမှပြောလို့ မရဘူး”ဟု ဧရာဝတီကို ပြောသည်။
တိုက်ပွဲများကြောင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့သည့် ရှမ်းပြည်နယ်အတွင်းရှိ ကျေးသီးမြို့နယ်နှင့် မိုင်းရှူးမြို့နယ်တို့တွင် ကြားဖြတ်ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။
ကြိုတင်မဲပေးကြမည့် ပြည်ပရောက် မဲဆန္ဒရှင်များအနေဖြင့် ပုံစံ (၁၅) ကို သက်ဆိုင်ရာသံရုံးများသို့ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၅ ရက်အတွင်း ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တနိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရရှိခဲ့ပြီး လက်ရှိအချိန်၌ အစိုးရဖွဲ့နိုင်ခဲ့သည်။