ရခိုင်ပြည်နယ်၊ မောင်တော အကြမ်းဖက်မှုအပြီး၊ မိမိတို့နေရပ်စွန့်ခွာ၍ လုံခြုံရေး ကောင်းမွန်သည့် နေရာများသို့ ထွက်ပြေး ခိုလှုံနေကြသည့် ဒုက္ခသည်များအား စစ်တွေနှင့် မောင်တောမြို့၌ ဒုက္ခသည် စခန်းများတည်ဆောက်၍ နေရာချထားပေးမည် ဖြစ်ကြောင်း သိရသည်။
လုံခြုံရေး စိတ်မရသည့် ကျေးရွာများမှ ရခိုင်လူမျိုးများနှင့် ရခိုင်မျိုးနွယ်စုများသည် မောင်တောမြို့ပေါ်နှင့် စစ်တွေမြို့များသို့ နေ့စဉ်ပြောင်းရွှေ့လာကြရာ ယခုအခါ ဒုက္ခသည် ၂၀ဝ၀ ဝန်းကျင်အထိ ရှိလာပြီဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများက ဧရာဝတီကို ပြောသည်။
မောင်တောမြို့နယ် အတွင်းရှိ ကျေးရွာများမှ ထွက်ပြေးလာကြသည့် ဒုက္ခသည် ၅၀ဝ ကျော်အား မြို့ပေါ်ရှိ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းနှင့် သာသနာ့ ဗိမာန်ကျောင်း၌ နေရာချထားပေးထားကြောင်း၊ ဒုက္ခသည်များ၏ စားဝတ်နေရေးကို အအလှူရှင်များက ထောက်ပံ့ ပေးနေကြကြောင်း၊ ပြည်နယ်အစိုးရကလည်း ထောက်ပံ့ပေးနေကြောင်း သိရသည်။
မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့် က “လတ်တလော ဘုန်းကြီးကျောင်းမှာ ခဏထားပေမယ့် မကြာခင်မှာ ဒုက္ခသည် စခန်း တည်ဆောက်ပြီး လုံလုံခြုံခြုံ ထားပေးဖို့ စီစဉ်နေပါတယ်၊ စားနပ်ရိက္ခာတော့ အခက်အခဲ မရှိပါဘူး” ဟု ဧရာဝတီကို ပြောသည်။
ဘုန်းတော်ကြီး ကျောင်းများ၌ တည်းခိုနေသည့် ဒုက္ခသည်များကို ၎င်းတို့ကျေးရွာများနှင့် နီးစပ်သည့်နေရာ၌ ဒုက္ခသည်စခန်း တည်ဆောက်၍ တစုတစည်းတည်း ထားပေးနိုင်ရန် အာဏာပိုင်များထံ တင်ပြတောင်းဆိုထားကြောင်း၊ ထိုဒုက္ခသည် စခန်းများ၌ လုံခြုံရေး စနစ်တကျ ဆောင်ရွက်ပေးရန်အတွက်ပါ တင်ပြထားကြောင်း မောင်တောမြို့ အရေးပေါ် ကူညီ ထောက်ပံ့ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်သန်း က ဧရာဝတီ ကို ပြောသည်။
၎င်းက “နီးစပ်ရွာတွေကို စုပြီးတော့ ဒုက္ခသည်စခန်းမှာ ထားပေးဖို့လိုပါတယ်၊ အဲဒါမှလည်းပဲ ကလေးတွေ ကျောင်းပြန်တက် လို့ရမယ်၊ မိဘတွေရဲ့ စိုးရိမ်စိတ်တွေလည်း နည်းနည်း လျော့ကျသွားမှာပေါ့” ဟု ဆိုသည်။
ထွက်ပြေးလာကြသည့် ဒေသခံ တိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာ အများစုသည် အိမ်ခြေ အနည်းငယ်သာရှိပြီး၊ ၎င်း တို့နှင့်နီးစပ်သည့် ဘင်္ဂါလီများ နေထိုင်သည့် ကျေးရွာများသည် အိမ်ခြေထောင်ချီကြောင်း၊ ထို့ကြောင့် ပြဿနာတခုခု ဖြစ်ပါက ဒေသခံများအတွက် စိုးရိမ်ရကြောင်း မောင်တော ဒေသခံများကဆိုသည်။
မောင်တောမြို့ပေါ်နှင့် စစ်တွေမြို့များသို့ ထွက်ပြေးလာသူ အများစုသည် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် အမျိုးသမီးများဖြစ်ကြောင်း၊ ကျေးရွာတချို့၌ အမျိုးသားများသည် မိမိတို့ နေအိမ်နှင့် ကျွဲ၊ နွားများ စောင့်ရှောက်၍ ကျန်နေခဲ့ကြသူများလည်း ရှိကြောင်း ထွက်ပြေးလာသူများက ပြောသည်။
ခြံပြင်ကျေးရွာ ဒေသခံ ဒေါ်ဦးခင်သန်းက “ရွာမှာ ကျွဲ၊ နွားတွေ ကျန်ခဲ့တော့ စိတ်မချဘူး၊ ဖြစ်နိုင်ရင်တော့ ကိုယ့်ရွာကို အမြန်ဆုံး ပြန်ချင်တယ်၊ စစ်တပ်က လုံခြုံရေး ယူပေးမယ်ဆိုရင် ကိုယ့်အိမ်မှာပဲ ပြန်နေမယ်” ဟု ဆိုသည်။
ခြံပြင် ကျေးရွာသည် အိမ်ခြေ ၆၀ သာရှိသည့် ရွာငယ်တခုဖြစ်ပြီး၊ တချို့ရွာများ၌ အိမ်ခြေ ၃၀ ဝန်းကျင်သာ ရှိကြောင်းလည်း ဒေါ်ဦးခင်သန်းက ပြောသည်။
ထို့အတူ မောင်တောမှ ထွက်ပြေးလာသည့် ဒုက္ခသည်ဦးရေသည် စစ်တွေမြို့၌လည်း ၁၀ဝ၀ ကျော်ရောက်ရှိနေပြီး၊ ၎င်းတို့ အား စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၌ ခေတ္တ စခန်းဖွင့်ပေးထားသည်။ ဓညဝတီ အားကစားကွင်း၌ ဒုက္ခသည် စခန်း တည်ဆောက်၍ တစုတစည်းတည်း ထားပေးသွားရန် ပြင်ဆင်နေကြောင်း ရခိုင် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြု ကော်မတီမှ ဦးသန်းထွန်းက ဧရာဝတီကို ပြောသည်။
ဦးသန်းထွန်းက “ရွာတွေက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို မောင်တောမြို့မှာပဲ ဒုက္ခသည်စခန်း တည်ဆောက်ပေးပြီးတော့ လုံခြုံရေးစိတ်ချရတဲ့ အချိန်အထိ ထားပေးဖို့ ရခိုင်ပြည်နယ် အစိုးရက တင်ပြထားပါတယ်၊ အစိုးရကလည်း စီစဉ်ပေးဖို့ သဘေတူထားပါပြီ” ဟု ဆိုသည်။
စစ်တွေမြို့ရှိ ဒုက္ခသည်များ၏ စားဝတ်နေရေးအား လူမှုအဖွဲ့အစည်းများ၊ စေတနာရှင်များ၏ လှူဒါန်းထားပြီး၊ ပြည်နယ် အစိုးရကလည်း လိုအပ်သည့်အရာများ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သောက်သုံးရေ လိုအပ်ချက်များကို ဖြည့်ဆည်းပေး ထားကြောင်း သိရသည်။