သတင်း

အကြမ်းဖက်မှုကို သီးခြား ကန့်သတ် ထိန်းချုပ်ထားရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အကြမ်းဖက်မှုကို သီးခြားကန့်သတ် ထိန်းချုပ်ရမည်ဖြစ်ပြီး နိုင်ငံများ သို့မဟုတ် အဖွဲ့အစည်းများကို အထီးကျန်ထားခြင်းဖြင့် အကြမ်းဖက်မှုကို ဆန့်ကျင်တိုက်ဖျက် မရနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယသတင်းစာ Hindustan Times သို့ ပြောကြားလိုက်သည်။

ကမ္ဘာ့လူ့အဖွဲ့အစည်းမှာ တသီးတခြားစီနေဖို့ ဆိုတာ မလိုအပ်ကြောင်းနှင့် ဘာကြောင့် အကြမ်းဖက်လုပ်ရပ်ကို လုပ်နေကြသလဲ ဆိုသည့် အကြောင်းဇစ်မြစ်ကို ရှာဖွေရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချက်သည် ပါကစ္စတန်တွင် အကြမ်းဖက်သင်တန်း တက်ခဲ့သူတဦးက ဦးဆောင်ပြီး ရခိုင်ပြည်နယ် မောင်တောဒေသရှိ ရဲကင်းများကို အကြမ်းဖက်တိုက်ခိုက်ခဲ့အပြီး ဖြစ်သည်။

အိန္ဒိယက နယ်ခြားဖြတ်ကျော် အကြမ်းဖက်တိုက်ခိုက်ရန် အားပေးနေသည်ဟူသော စွပ်စွဲချက်ဖြင့် ပါကစ္စတန်ကို အထီးကျန်ထားရန် လှုံ့ဆော်နေခြင်းနှင့် ပတ်သက်ပြီး အိန္ဒိယသတင်းစာက မေးသောအခါ ဒေါ်အောင်ဆန်းစုကြည်က”အကြမ်းဖက်တာတွေကတော့ ကမ္ဘာတဝှမ်း ထူပြော များပြားနေပါတယ်။ ကျမတို့ အကြမ်းဖက်မှုကို ဆန့်ကျင်ရမယ်၊ ရှင်းပစ်ရမယ်။ ဒါပေမယ့် ဒါကို လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေကို ရည်ရွယ်ဖို့ ကျမ မစဉ်းစားပါဘူး”ဟု ပြောသည်။

“အခြေခံအားဖြင့်တော့ ကျမတို့ ကြိုးစားတိုက်ဖျက်နေတာ အကြမ်းဖက်ဝါဒပါ။ တစုံတယောက်ကို လက်စတုံးဖို့ အကြမ်းဖက်ကျတာပေါ့။၊ ကျမ အနေနဲ့ ရက်စက်ကြမ်းကြုတ်မှုကို လုံး၀ လက်မခံပါဘူး။ အကြမ်းဖက်ဝါဒကို စည်းကာလိုက်ပါ။ ပြီးတော့ လူတွေ ဘာကြောင့် အကြမ်းဖက်ကြရတာလဲ ဆိုတဲ့ အဖြေကို ရှာဖို့ ကျမတို့ အတူတူ အလုပ်လုပ်ကြရမယ်။ အဲဒါဟာ ဘာလဲ ဘာကြောင့် ဘယ်လို ဆိုတာပေါ့၊ ဒါက တချို့လူတွေ စဉ်းစားသလိုတော့ မလွယ်ဘူးပေါ့။ လူတွေဟာ အကြမ်းဖက်တာကို သဘောကျလို့ အကြမ်းဖက်နေတာလို့ တချို့က ဆိုမယ်။ မဟုတ်ဘူး၊ အဲဒီလို မဟုတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောဆိုသည်။

အောက်တိုဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်တွင် ရဲစခန်း ၃ ခုကို အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်စပ်နေသည့် လူ ၂ ဦးကို ဘင်္ဂလားဒေ့ရှ်က လွှဲပြောင်းခဲ့ကြောင်းနှင့် “ပါကစ္စတန်မှာ ၆ လကြာ သင်တန်းတက်ခဲ့သူ လူတဦးက ဦးဆောင်ခဲ့ ကြောင်း” ပြောဆိုသည်။ သို့ရာတွင် ပြစ်တင်ရှုတ်ချမှုကို သတိကြီးကြီးနှင့် ပြောဆိုခဲ့သည်။

“ကျမတို့ ဖြစ်စဉ် အခြေအနေ အသေးစိတ် မသိရသေးပါဘူး၊ အဲဒီ ၆ လ ဆိုတာ ဘယ်တုန်းက ဆိုတာလည်း တိတိကျကျ မသိသေးပါဘူး။ သူဟာ အစ္စလာမ်မစ် နိုင်ငံတွေက ရန်ပုံငွေလက်ခံပြီး လုပ်တယ် ဆိုတာပဲ သိပါသေးတယ်။ ဒါက သတင်းရင်းမြစ် တခုတည်းက ရတဲ့ အချက်ပဲ ရှိသေးတော့ ဒါကို ကျမတို့က ဟုတ်ပြီ မှန်ပြီလို့ အပြတ်ပြောလို့ မဖြစ်သေးပါဘူး” ဟု ဆိုသည်။

နိုင်ငံတော် သမ္မတရုံး၏ အောက်တိုဘာ ၁၃ ရက်နေ့က ထုတ်ပြန်ချက်တွင် ယင်း အကြမ်းဖက် တိုက်ခိုက်မှုသည် Aqa Mul Mujahidin မူဂျာဟစ်ဒင် အဖွဲ့၏ လက်ချက်ဖြစ်ပြီး အဆိုပါ အဖွဲ့သည် RSO အဖွဲ့နှင့် ချိတ်ဆက် နေသည်ဟု ဖော်ပြထားသည်။ တိုက်ခိုက်မှုကို ဦးဆောင်သူမှာ ပါကစ္စတန်တွင် တာလီဘန်တို့၏ သင်တန်းကို ၆ လကြာ တက်ရောက်ခဲ့သည်ဟု လည်း ဆိုသည်။ ယင်း အကြမ်းဖက်မှုတွင် မြန်မာရဲတပ်ဖွဲ့ဝင် ၉ ဦး အသတ်ခံရပြီး လက်နက် ၆၄ လက် လုယူခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်က အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်မှုကို ကာကွယ်ပြောဆိုသည်။ အမျိုးသား ရင်ကြားစေ့ရေးနှင့် ရခိုင်ပြည်နယ်အတွင်း မတူခြားနားတဲ့ မျိုးနွယ်စုများကြား စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်နေသည် ဟုလည်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က “ရိုဟင်ဂျာ” အသုံးအနှုန်းနဲ့ ပတ်သက်ပြီးလည်း “ဒီ စကားလုံးက အသိုင်းအဝိုင်း ၂ ခုကြား ကွာဟစေပါတယ်။ ရခိုင်တွေက မွတ်စလင်တွေကို ဘင်္ဂါလီလို့ တင်းခံနေတယ်။၊ မွတ်စလင်တွေကလည်း၊ မွတ်ဆလင်တိုင်းတော့ မဟုတ်ပါဘူး၊ တချို့ မွတ်စလင်တွေကလည်း သူတို့ဟာ ရိုဟင်ဂျာ ဆိုပြီး ပြောနေတာလည်း ရှိတယ်” ဟု ပြောသည်။

“ကျမတို့ အစိုးရ မတက်ခင်၊ အတိုက်အခံ အဖြစ် မရပ်တည်ခင် ကတည်းက ဖြစ်နေခဲ့တာ၊ ကျမတို့ မူဝါဒက ရခိုင်ပြည်နယ်က မွတ်စလင်တွေလို့ပဲ ညွှန်းတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ တဖက်သတ် မဖြစ်စေဖို့ပဲ။ ဒီလို သုံးလို့ မီးလောင်ရာလေပင့် မဖြစ်နိုင်ပါဘူး။ ရခိုင်ပြည်နယ်မှ မွတ်စလင်တွေ ဆိုတာက အချက်အလက်အားဖြင့် အမှန်ပဲ လို့ ကျမတို့ ယူဆတယ်” ဟု ပြောသည်။

၎င်းတို့အရေးနှင့် ပတ်သက်ပြီး ဖြေရှင်းရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံလိုမျိုး ပါဝင်စေလိုကြောင်းနှင့် သို့သော် လုံခြုံရေးရှုထောင့်မှ ဖြစ်ကြောင်းလည်း ပြောသည်။  “ဘင်္ဂလားဒေ့ရှ်ကလည်း ပါဝင် ပူးပေါင်း ဆောင်ရွက်နေပါတယ်၊ အကြမ်းဖက်မှု ဖြစ်တော့ သူတို့က ကျမတို့ကို သတင်းအချက်အလက်တွေ ပေးပါတယ်၊ ကျမတို့ လိုအပ်တဲ့ ကြိုတင် ပြင်ဆင်မှု တချို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု ပြောသည်။

မြန်မာအနေနဲ့ အိန္ဒိယကို ဒေသတွင်း အားအကောင်းဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် ရှုမြင်ကြောင်းနှင့် “ကျမတို့ နိုင်ငံကို ဒီမိုကရေစီ ယဉ်ကျေးမှု အခြေကျ အမြစ်ခိုင်အောင် ကြိုးပမ်းနေချိန်မှာ ကျမတို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ကျမတို့ကို အထောက်အပံ့ပြုဖို့နဲ့ နားလည်ပေးဖို့ပါပဲ” ဟု ပြောသည်။

“အိန္ဒိယအနေနဲ့ ကျမတို့ရဲ့ ဒီမိုကရေစီ အမြစ်တွယ် ရှင်သန်ရေး ခက်ခက်ခဲခဲ ကြိုးပမ်း ရုန်းကန်လှုပ်ရှားနေမှုကို စာနာ နားလည် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ နှစ်ပေါင်း ၅၀ ကျော် အခြေအနေဆိုးရဲ့ ရိုက်ခတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနေရတာကြောင့်ပဲ။ ကျမတို့ ပြောင်းလဲချင်ပါတယ်၊ ကျမတို့ မြန်နိုင်သလောက် မြန်မြန် ပြောင်းလဲချင်ပါတယ်။ သို့ပေမယ့် အလွန်အကျွံ အမြန်မတော့ မဟုတ်ဘူးပေါ့”။

Loading