ဒုက္ခသည်များအား ထောက်ပံ့မည့်ရိက္ခာကို KIA ထံပို့မည်ဟု သံသယဖြင့် တပ်မတော် တားဆီးထား
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များသို့ Green Land သဘာဝ ပတ်ဝန်းကျင်အဖွဲ့က ပေးပို့ထောက်ပံ့သည့် ရိက္ခာများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ပေးမည်ဟု သံသယရှိသည်ဟုဆိုကာ တပ်မတော်၊ တပ်ဖွဲ့ဝင်များက တားဆီးထားကြောင်း သိရသည်။
ဖားကန့်မြို့အခြေစိုက် Green Land သဘာဝပတ်ဝန်းကျင် အဖွဲ့ဝင် ၁၅ ဦးက အောက်တိုဘာလ ၁၈ ရက်၊ နေ့လယ်ပိုင်းက ဖားကန့်မြို့နယ်၊ ဂျာထူးဇွပ်ဒေသရှိ စစ်ဘေးရှောင် ဒုက္ခသည်များကို စားနပ်ရိက္ခာထောက်ပံ့ရန် ဆန်အိတ် ၁၃၀ ၊ ဆီပုံးကြီး ၄၀ နှင့် ဆားအိတ်အကြီး ၆ အိတ်တို့ကို သယ်ဆောင်လာစဉ် ကာမိုင်း၊ လဝ လမ်းခွဲ အရောက်တွင် တပ်မတော်၊တပ်ဖွဲ့ဝင်များက ၎င်းတို့အား ဆက်လက်သွားခွင့်မပြုဘဲ တားဆီးထားခြင်း ဖြစ်သည်ဟု Green Land အဖွဲ့တာဝန်ခံ ဦးနောင်လတ်က ဧရာဝတီကို ပြောသည်။
“ ဗိုလ်ကြီး အောင်သူဟိန်းဆိုသူက တားပါတယ်။ အထက်ကို တင်ရမယ်တဲ့။ ကျနော်တို့က တပ်မမှူးကို ဖုန်းဆက်တော့ သူတို့က မပခကို တင်ရမယ်လို့ပြောတော့ ကျနော်တို့က ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို ပြောတယ်။ ဝန်ကြီးချုပ်ကလည်း နယ်လုံရဲ့ ခွင့်ပြုချက်ကိုယူပါ ဆိုပြီးပြောတယ်” ဟု ဦးနောင်လတ်က ဖြစ်စဉ်ကိုပြောသည်။
လဝလမ်းခွဲဂိတ်တွင် တားဆီးခဲ့ရာတွင် KIA ထံသို့ ရိက္ခာပို့မည်ထင်သဖြင့် တားဆီးခြင်းဖြစ်ကြောင်း၊ တချို့အဖွဲ့အစည်းများမှာ KIA ကို ရိက္ခာပို့နေခြင်းများရှိသည်ဟု တပ်မတော်အရာရှိအချို့က မတိကျမသေချာသည့် စကားများ ပြောဆိုခဲ့ကြောင်း ဦးနောင်လတ်က ပြောသည်။
လက်ရှိတွင် ဆန်၊ ဆီ၊ ဆား အိတ်များကို လဝလမ်းခွဲရှိ တပ်မတော်၊ တပ်ဖွဲ့ဝင်များက သိမ်းဆည်းထားကြောင်းနှင့် Green Land သဘာဝပတ်ဝန်းကျင်အဖွဲ့ဝင် ၁၁ ဦးကို ရိက္ခာများနှင့်အတူ ချန်ထားခဲ့ပြီးနောက် တာဝန်ခံ ၄ ဦးက မြစ်ကြီးနားမြို့ရှိ လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ထံ ညှိနှိုင်းခဲ့သော်လည်း ခွင့်ပြုချက် မရခဲ့ပါ။
“ နယ်လုံက မပခတိုင်းကို တင်ပြမယ်တဲ့ ။ စောင့်လက်စနဲ့ ဆက်စောင့်ပါတဲ့။ ပစ္စည်းတွေကိုတော့ သူတို့ဂိတ်ရှေ့မှာ ထားပြီးပဲ ဆက်စောင့်ရမှာပေါ့ ” ဟု ဦးနောင်လတ်က ပြောသည်။
သယ်ယူလာသည့် ဆန်၊ ဆီ၊ ဆား အိတ်များကို ဂျာထူးဇွပ်ကျေးရွာ၊ အောင်ဇံဘုန်းတော်ကြီးကျောင်း၊ ကတ်သလစ် အသင်းတော်ကျောင်း၊ နှစ်ခြင်းအသင်းတော် ဘုရားကျောင်းနှင့် မူကြိုကျောင်းတို့တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် ဒုက္ခသည် ၂၀၀ ကျော်ကို ကူညီထောက်ပံ့ရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်းနှင့် လုပ်ထုံးလုပ်နည်းအတိုင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ကို တောင်းခံလာခြင်းဖြစ်သည်ဟု ဦးနောင်လတ်က ဆက်ပြောသည်။
“KIA ကို ပို့တဲ့ပုံစံပဲ ပြောနေတယ်။ နယ်လုံကလည်း KIA ကို ပို့တယ်လို့ တည့်တည့်မပြောရုံ တမယ်ပဲ။ ဒါဆို စစ်ရှောင်တွေကိုကူတဲ့ WFP လည်း ပုဒ်မ ၁၇/၁ နဲ့ ငြိသွားရောလား။ ဒါက လူသားခြင်းစာနာမှုနဲ့ ကျနော်တို့ သွားပေးတာပါ။ နိုင်ငံရေး ပရိယာယ် မပါပါဘူး။ အဲဒီဒေသမှာ တအားခက်ခဲနေလို့ပါ” ဟု ၎င်းက ဆိုသည်။
ရိက္ခာများအား ဒုက္ခသည်များထံ သွားပို့ဆောင်နိုင်ရန် ခွင့်ပြုမိန့်ရသည်အထိ လဝလမ်းခွဲဂိတ်တွင် ဆက်လက်စောင့်သွားမည် ဦးနောင်လတ်က ဆက်ပြောသည်။
ကာမိုင်းမြို့နယ်၊ ရဲစခန်းသို့ ဧရာဝတီကမေးမြန်းရာ စခန်းမှတာဝန်ရှိသူတဦးက ၎င်းအနေဖြင့် တပ်မတော်၏ ကိစ္စရပ်ဖြစ်သဖြင့် ပြောဆိုခွင့်မရှိကြောင်းနှင့် သြဂုတ်လအတွင်းက တိုက်ပွဲများဖြစ်ပွားပြီး တပ်မတော်၊တပ်ဖွဲ့ဝင်များ KIA ၏ မိုင်းများထိပြီးနောက်ပိုင်း လမ်းများတွင် တပ်မတော်က ယခင်ထက် လုံခြုံရေးယူ စစ်ဆေးမှုများရှိကြောင်း ပြောသည်။
ဧရာဝတီမှ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် နယ်လုံဝန်ကြီးကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း သီးခြားမှတ်ချက် တစုံတရာ မရရှိခဲ့ပါ။
ဂျာထူးဇွပ်ကျေးရွာ၊ နှစ်ခြင်းအသင်းတော်မှ ဆရာထွယ်အောင်က “ ရိက္ခာတွေက ကျနော်တို့ဆီက စစ်ရှောင်တွေကို လာထောက်ပံ့တာ ဟုတ်ပါတယ်။ အခုတော့ တပ်ကသိမ်းထားတယ်ပဲ ကြားရတယ်။ အခြေအနေ မသိရသေးဘူး” ဟု ပြောသည်။
ဂျာထူးဇွပ်ကျေးရွာ၌ လက်ရှိတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ စစ်ရှောင်တဦးကို တလလျှင် ကျပ် ၁၄,၀၀၀ ထောက်ပံ့ကြောင်း၊ ထိုထောက်ပံကြေးငွေသည် တဦးကိုတလနှုန်းဖြင့် မလုံလောက်ကြောင်း ပြောဆိုသည်။
ဂျာထူးဇွပ်ကျေးရွာရှိ စစ်ဘေးရှောင် ဒုက္ခသည်များသည် ဇူလိုင်လ ၃၁ ရက်မှစ၍ စစ်ရှောင်နေရခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့ စစ်ရှောင်နေသည့် နေရာနှင့် KIA တပ်ဖွဲ့ဝင်များရှိရာ နေရာသည် ၃ မိုင်ခန့်ကွာဝေးသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်း၌ တပ်မတော်က တနိုင်းမြို့နယ်အတွင်းရှိ တရားမဝင် ရွှေလုပ်ကွက်များကို သိမ်းဆည်းရာ၌ KIA ၏ တပ်စခန်းများအနီးသို့ တပ်မတော်၊ တပ်ဖွဲ့ဝင်များ ကပ်လာသဖြင့် တိုက်ပွဲများဖြစ်ပွားရာမှ ဂျာထူးဇွပ်ကျေးရွာ ဒေသခံ ၂၁၄ ဦး ယနေ့အချိန်ထိ စစ်ရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
သြဂုတ်လနှင့် စက်တင်ဘာလအတွင်း တနိုင်းမြို့နယ်ရှိ KIA တပ်ရင်း (၁၄) နှင့် ဖားကန့်မြို့နယ်ရှိ KIA တပ်ရင်း (၆) တို့ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး၊ တိုက်ပွဲဖြစ်ပွားရခြင်းနှင့် ပတ်သတ်၍ တပ်မတော်က ၎င်းတို့သည် နယ်မြေရှင်းလင်းခြင်း ဖြစ်သည်ဟု သတင်းများ ထုတ်ပြန်ထားကာ KIA က ၎င်းတို့ စခန်းများအနီး တပ်မတော်က ကပ်လာ၍ တိုက်ပွဲဖြစ်ရသည်ဟု ပြောဆိုသည်။
ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှစတင်၍ တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ဒေသခံ ၁၃၀,၀၀၀ ကျော်သည် နေအိမ်များကို စွန့်ခွာပြီး ယနေ့ထိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် နေထိုင်ကြလျက် ရှိသည်။
စစ်ရှောင်ဒုက္ခသည်များကို ၂၀၁၁ ခုနှစ်မှစ၍ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး လှူဒါန်းကူညီလျက်ရှိသည်။ WFP သည် ၂၀၁၅ ခုနှစ် ၊ နှစ်ကုန်ပိုင်း၌ စစ်ရှောင်များကို ထောက်ပံ့မှု ၅၀ ရာခိုင်နှုန်းအောက်ထိ လျော့ချလိုက်သဖြင့် စစ်ဘေးရှောင် ဒုက္ခသည်များ ရိက္ခာရရှိမှု အခက်အခဲ ကြုံတွေ့နေရသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့က စစ်ရှောင်ဒုက္ခသည်များကို ရိက္ခာပို့မည်ဆိုပါက ၎င်းတို့ခွင့်ပြုချက်ဖြင့်ပို့ရန် စက်တင်ဘာလ အတွင်းက စာထုတ်ပြန်ထားကြောင်း သိရသည်။