အောင်စိုးမိုးကျော်(၂) အမြန်ရေယာဉ်နှင့် ပတ်သက်ပြီး ရေယာဉ်ပိုင်ရှင် အပါအဝင် သက်ဆိုင်သူများကို ထိထိရောက် ရောက် အရေးယူနိုင်ရန် ဥပဒေများကို ပြန်လည်ပြင်ဆင်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဟု ယနေ့ နံနက်ပိုင်း အခင်း ဖြစ်ပွားရာနေရာကို ရောက်ရှိလာသည့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အသိပေးပြောကြားခဲ့ သည်။
“ပြဌာန်းထားတဲ့ ဥပဒေကို ဖတ်ကြည့်တယ်၊ ဖတ်ကြည့်တော့ လိုအပ်တဲ့ ဥပဒေကို ပြန်ပြင်ရမယ်။ အခု လောလောဆယ်မှာ ဥပဒေချုပ်ကို တိုင်ပင်ထားတယ်။ ထိထိရောက်ရောက် ဖြစ်အောင် ဘယ်လိုပြင်ရင် ကောင်းမလဲဆိုတာ စဉ်းစားနေကြ တယ်။ ကိုယ်တို့တွေ ဒါတွေ (ရေယာဉ် ဆယ်ယူရေး) လုပ်ဆောင်ပြီးမှ အဲဒါကို ဆက်လက် လုပ်ဆောင်သွားမယ်” ဟု စစ် ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။
စစ်ကိုင်တိုင်းဝန်ကြီးချုပ် အနေနှင့် တိမ်းမှောက်သွားသည့် အောင်စိုးမိုးကျော် ရေယာဉ် ပြန်လည် ဆယ်ယူနေသည့် အပေါ် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့မှ အခြားဝန်ကြီး ၅ ဦးနှင့်အတူ လာရောက် ကြည့်ရှုခဲ့ပြီး သေဆုံးသူ မိသားစုဝင်များကို ရသင့်ရ ထိုက်သည့် ထောက်ပံ့မှုများ ရရှိရန် ဆက်လက်လုပ်ဆောင်သွားရန် ရှိကြောင်းလည်း ပြောကြားခဲ့သည်။
လက်ရှိတွင် ရေယာဉ် တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး ကနီမြို့နယ် ရဲစခန်းမှ ရေယာဉ်မောင်းသူ ဇော်မျိုးဝင်းကို ရာဇသတ် ကြီး ပုဒ်မ ၂၈၀/၃၀၄(က) ဖြင့် အရေးယူထားကြောင်း ကနီမြို့နယ် ရဲမှူး တင်မောင်မြင့်က ပြောသည်။
“ပဲ့ထောင်မောင်းတဲ့သူကို ရာဇသတ်ကြီး ပုဒ်မ ၂၈၀/၃၀၄(က) နဲ့ အမှုဖွင့်ထားပါတယ်။ ၂၈၀ က ရေယာဉ်ကို မဆင်မခြင် မောင်းနှင်လို့ မြုပ်သွားတာ၊ ၃၀၄ (က)က ပေါ့လျော့မှုကြောင့် အသက်သေဆုံးစေတာမျိုးနဲ့ အမှုဖွင့်ထားပါတယ်။ ကျန်တဲ့ အရေးယူဆောင်ရွက်မှုတွေကတော့ နောက်ပိုင်း ဥပဒေအရ အကြံပြုချက်တွေအပေါ် မူတည်ပြီး ကျနော်တို့ ဆက်လက်ပြီး တော့ ဆောင်ရွက်သွားမှာပါ။ အခု လက်ရှိက ပဲ့ကိုင်တယောက်ကိုပဲ အရေးယူထားပါတယ်” ဟု ရဲမှူး တင်မောင်မြင့်က ဆို သည်။ ရဲမှူး တင်မောင်မြင့်၏ ပြောကြားချက်အရ ရေယာဉ်မောင်းသူ ဇော်မျိုးဝင်းမှာ ထွက်ပြေးနေကြောင်း သိရသည်။
ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရေယာဉ်များ လိုက်နာရမည့် အမိန့် ထုတ်ပြန်ချက်များ ကို မလိုက်နာလျှင် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် သက်ဆိုင်သည့် ဥပဒေတွင် ပြဌာန်ထားသည့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့်လည်း အရေးယူနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဦးစီးမှူး ဦးတင်ထွန်းအောင်က ပြောသည်။
“အခု အောင်စိုးမိုးကျော် ရေယာဉ်က သတ်မှတ်ထားတဲ့ ဦးရေထက် ၈ ဆ၊ ဆယ်ဆလောက် များနေတယ်။ ရေကြောင်းပို့ ဆောင်ရေးက ထုတ်ပြန်ထားတဲ့ အချက်တွေကို မလိုက်နာတဲ့အချက်တွေ ရှိတယ်။ မလိုက်နာဘူးဆိုရင် ပြစ်မှု၊ ပြစ်ဒဏ် တွေ ရှိတယ်။ ထောင်ဒဏ် ခြောက်လ၊ ငွေဒဏ်က ၁၅ သိန်းကနေ သိန်း ၂၅ အထိ ချမှတ်နိုင်တယ်။ ရေယာဉ်မောင်း ထွက် ပြေးရင် ပိုင်ရှင်ကို တရားစွဲနိုင်တယ်” ဟု ဦးစီးမှူး ဦးတင်ထွန်းအောင်က ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က အေးငြိမ်းချမ်းသာ အမြန်ရေယာဉ် အသင်း (ပုဂ္ဂလိ ကပိုင်)မှ အောင်စိုးမိုးကျော် ရေယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိချောင်းတွင်း ကျေးရွာအနီး ချင်းတွင်း မြစ်အတွင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယနေ့ ငါးရက်မြောက်နေ့အထိ ရေယာဉ် ပြန်လည်ဆယ်ယူရေးကိုပဲ အဓိကထား ဆောင်ရွက်နေကြောင်း သိရသည်။
ရေယာဉ်ပိုင်ရှင်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အေးငြိမ်းချမ်းသာ အမြန်ရေယာဉ်အသင်းမှ တာဝန်ရှိသူတဦး၏ တယ်လီ နောဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ရန် ကြိုးစားသော်လည်း ဖုန်းပိတ်ထားတာ တွေ့ရသည်။
လက်ရှိအချိန်ထိ ရေယာဉ်ပိုင်ရှင်နှင့် ပတ်သက်ပြီး မည်သို့ ဆက်လက် အရေးယူဆောင်ရွက်နေကြောင်းကို မသိရှိရသေးပေ။
ယနေ့ ငါးရက်မြောက်နေ့အထိ တိမ်းမှောက်သွားသည့် ရေယာဉ်ကို ပြန်လည် ဆယ်ယူနိုင်ဖို့ လုပ်ဆောင်ရာတွင် အခက်အ ခဲတချို့ ကြုံတွေ့နေရကြောင်း ဖြစ်ပွားရာနေရာတွင် ရောက်ရှိနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချ ထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောသည်။
“ကျနော်တို့ ကြိုးစား ဆယ်ကြတယ်။ ဒါပေမယ့် ဘာဖြစ်နေမှန်း မသိဘူး။ ဆယ်လို့ မလွယ်ဘူးဖြစ်နေတယ်။ ပထမတုန်းက ဖင်ပိုင်းပေါ်လာပြီးမှ ခေါင်းဘက်ကို ဆယ်တင်လို့ရမလို့ အခု ခေါင်းဘက်ကို ပြန်ဆွဲတင်တော့ ဖင်ပိုင်းက ပြန်တင်လို့ မရပြန် ဘူး။ ရေယာဉ်ထဲမှာ ရေဝိတ်၊ ရွှံ့ဝိတ်တွေရော ပစ္စည်းဝိတ်တွေရော ရှိနေလား မသိဘူး” ဟု ရေယာဉ် ဆယ်ယူနေသည့် အ ခြေအနေကို ဦးစဝီလီဖရန့် က ဆိုသည်။
၎င်းပြောကြားချက်အရ ယနေ့ ငါးရက်မြောက်နေ့တွင် သေဆုံးသူ စာရင်းမှာ ၄၈ ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။