သတင်း

အမျိုးသမီးနှင့် ကလေးသူငယ်များ အကြမ်းဖက်ခံရမှု အတွက် Hot line ဝန်ဆောင်မှု စတင်

အမျိုးသမီးနှင့် ကလေးသူငယ်များအား အကြမ်းဖက်မှု ပပျောက်ရေးနှင့် တားဆီးကာကွယ် စောင့်ရှောက်ရေး အတွက် ဆွေးနွေး တိုင်ပင်ရန် Hot Line ၁၈၈၆ လိုင်းခွဲနံပါတ် (၃) တွင် ဝန်ဆောင်မှု ပေးအပ်ခြင်းကို အောက်တိုဘာ ၂၀ ရက်တွင် စတင် လိုက်ပြီဖြစ်ကြောင်း သိရသည်။

ယင်းဝန်ဆောင်မှုကို အခရာ အမျိုးသမီးအဖွဲ့ (မြန်မာ) နှင့် Blue Ocean Contact Center တို့မှ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ပြီး ဝန်ဆောင်မှု စတင်ပေးအပ်ခြင်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ M3 Food Center (ပိတောက်ခန်းမ)တွင် ပြုလုပ်သည်။

Hot Line ၁၈၈၆ လိုင်းခွဲနံပါတ် (၃)သို့ ဆက်သွယ်ခြင်းဖြင့် အမျိုးသမီးများအနေဖြင့် ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲ များကို Blue Ocean Contact Center ၏ ဥပဒေ အထောက်အကူပြု အဖွဲ့မှ အမျိုးသမီး ဥပဒေ ပညာရှင်များနှင့် ပွင့်လင်း လွတ်လပ်စွာ ဖွင့်ဟဆွေးနွေးနိုင်ပြီး အချက်အလက်များ ပေါက်ကြားခြင်း မရှိရန်အတွက် တာဝန်ခံ ဆောင်ရွက်သွားမည်ဟု Blue Ocean Operating Management Co.,Ltd ၏ Legal and Corporate Affair Department မှ ဦးမင်းတေဇညွန့်တင် က ရှင်းပြသည်။

အခရာ အမျိုးသမီးအဖွဲ့ ဒါရိုက်တာ ဒေါ်ထားထား ကလည်း “Hot Line က ဥပဒေအကြံပေးတွေ၊ တာဝန်ရှိတဲ့ သူတွေက ဆက်သွယ်မေးမြန်းလာတဲ့ အမျိုးသမီးတွေကို လိုချင်တဲ့ အချက်အလက်တွေ ပေးခြင်းအားဖြင့် ဘယ်အဖွဲ့အစည်းတွေ ဘယ်လိုရှိတယ်။ ဘယ်ဥပဒေ ဘယ်လိုရှိတယ် ဆိုတာ သိပြီး နောက်ခြေတလှမ်း ဘာလုပ်သင့်လဲဆိုတာ ဆုံးဖြတ်ချက် ချနိုင်မှာဖြစ်တယ်”ဟု ပြောသည်။

ဝန်ဆောင်မှုကို ရယူရာတွင် ၁ မိနစ်ကို ၁၀၀ ကျပ်နှုန်း ကျသင့်မည်ဖြစ်ပြီး တနင်္လာနေ့မှ စနေနေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဆက်သွယ် မေးမြန်းနိုင်ကြောင်း၊ လတ်တလောတွင် အမ်ပီတီ အော်ပရေတာ ဖြင့်သာ ဝန်ဆောင်မှုကို ရယူနိုင်သေးသော်လည်း နောက်ပိုင်းတွင် တခြား ဖုန်းအော်ပရေတာ များဖြစ်သည့် အော်ရီဒူး၊ တယ်လီနော် များဖြင့်ပါ ဆက်သွယ် ရယူနိုင်ရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဦးမင်းတေဇညွန့်တင်က ရှင်းပြသည်။

Blue Ocean Operating Managemnet ကုမ္ပဏီမှ Assistant PR Manager လှိုင်ရွှေစင်ထွဋ် ကလည်း “ကိုယ်ဟာ ဇနီး မယား တယောက် ဖြစ်နေပေမယ့် ကိုယ့်ရဲ့အမျိုးသား ဖြစ်နေပေမယ့် ကိုယ့်ကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အရ ထိခိုက် နာကျင် စေလာပြီ ဆိုလို့ရှိရင် လူသားတယောက် အနေနဲ့ ဖွင့်ဟခွင့်၊ ဖော်ထုတ်ခွင့် ရှိပါတယ်။ တကယ်လို့ ထိခိုက် နာကျင် စေမှု က ပြင်းထန်လာပြီဆို တိုင်ကြားနိုင်ခွင့်ရှိတယ် ဆိုတာ သိစေချင်ပါတယ်။ ဒီလိုမျိုး Hot Line ပေါ်ပေါက်လာတဲ့ အတွက် အမျိုးသမီးတွေအနေနဲ့ သတ္တိရှိရှိနဲ့ ကိုယ့်မှာကြုံတွေ့နေရတဲ့ ဘယ်လို အခက်အခဲကိုမဆို ဖွင့်ဟတိုင်ပင်ဖို့ တွန့်ဆုတ် မနေပါနဲ့လို့ တိုက်တွန်းချင်ပါတယ်”ဟု ပြောသည်။

Blue Ocean Operating Management ကုမ္ပဏီကို ၂၀၀၉ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး Call Center လုပ်ငန်း နှင့် မိုဘိုင်းဖုန်းများ ထပ်ဆောင်း ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်း၍ လည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အတွက် အရေးပေါ် ဝန်ဆောင်မှုလုပ်ငန်း တခုဖြစ်သည့် Emergency Hot Line No. 1880 ကို ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး အရေးပေါ် သွေးလှူဒါန်းခြင်း ဝန်ဆောင်မှု တို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အခရာ အမျိုးသမီးအဖွဲ့ (မြန်မာ) သည် ၂၀၀၈ ခုနှစ် ဇန်နဝါရီ (၁) ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ အမျိုးသမီးများ အတွက် ကျား/မ အခွင့်အရေး ခွဲခြားခံရသည့် စိန်ခေါ်မှုများ၊ မိသားစုနှင့် လူ့အဖွဲ့အစည်းများတွင် ကျားမ တန်းတူ အခွင့်အရေးများ ရရှိရန် ဆောင်ရွက်ခြင်း၊ အမျိုးသမီးများအတွက် လုံခြုံပြည့်စုံသော ပတ်ဝန်းကျင်ကောင်း တခု ရရှိ ပိုင်ဆိုင်နိုင် စေရေးတို့ကို ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းတခုဖြစ်သည်။

Loading