ယခင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ(ယခု ဒုတိယ သမ္မတ-၁) ရာထူးသက်တမ်း ကုန်ဆုံးခါနီးတွင် ပုဂ္ဂလိက ကုမ္ပဏီများသို့ အထူးဝန်ဆောင်မှုနှုန်းထားဖြင့် မြေငှားချထားပေးမှု ၂၃၂ ကွက် ရှိခဲ့သော်လည်း ယင်းကိစ္စရပ်များကို (ယနေ့ထိ) သတင်းအချက်အလက် ထုတ်ပြန် ပေးခြင်းမရှိသည့်အပေါ် ရန်ကုန်တိုင်း လွှတ်တော်မှ ကိုယ်စားလှယ်တဦးက မေးခွန်းထုတ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် တဦး ဖြစ်သည့် ဦးနေဘုန်းလတ် (ဦးနေမျိုးကျော် ဟုလည်းသိကြသည်) က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော်တွင် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း အဆိုပါ စီမံကိန်းများအတွက် ဆုံးဖြတ်ခဲ့သည့် မြေငှားရမ်းခ နှုန်းထားများ အစိုးရနှင့် ကုမ္ပဏီများ ကြားတွင် ရှိခဲ့သည့် သဘောတူညီချက်များကို ထုတ်ပြန်ပေးရန် တောင်းဆိုခဲ့သည်။
ထိုကဲ့သို့ မြေငှားရမ်းချထားပေးသည့် ကိစ္စများက ရန်ကုန်တိုင်းတွင်သာ မဟုတ်ဘဲ မန္တလေးတိုင်းတွင်လည်း ရှိခဲ့သည်ဟု သူက ရှင်းပြသည်။ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ်တဦးက ပွင့်လင်းမြင်သာမှု မရှိသည့် စီမံကိန်းများကို စနစ် တကျ စုံစမ်းစစ်ဆေးပေးရန် အဆိုတင်သွင်းခဲ့ရာ လွှတ်တော်က အတည်ပြုခဲ့ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီတခုကို ဖွဲ့ စည်းခဲ့ပြီး ဖြစ်ကြောင်း ဆိုသည်။
မန္တလေးတိုင်းကဲ့သို့ ရန်ကုန်တိုင်းတွင်လည်း အများပြည်သူပိုင်မြေများကို ချထားပေးရာတွင် ပါဝင်ခြင်း ရှိမရှိကို စုံစမ်း စစ်ဆေးရန် လိုအပ်ကြောင်း ဦးနေဘုန်းလတ်ကပြောသည်။
“ရန်ကုန်တိုင်း အစိုးရက အဲဒိမြေကွက်တွေကို ပြန်လည် စိစစ်ဖို့ရှိပါသလား။ တကယ်လို့ အစိုးရက စစ်ဆေးဖို့ အစီအစဉ်ရှိ တယ်ဆိုရင် တွေ့ရှိ ချက်တွေကို လွှတ်တော်ကို ဘယ်အချိန်မှာ အသိပေးမှာလဲ။ တကယ်လို့ လွှတ်တော်ကို အသိပေးဖို့ အစီအစဉ် မရှိဘူးဆိုရင်လည်း ဘာကြောင့်လဲ ဆိုတာ သိချင်ပါတယ်” ဟု သူက မေးခွန်း ထုတ်ခဲ့သည်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက “မြေငှား ကန်ထရိုက်စာချုပ် ၂၃၂ ခုကို ပယ်ဖျက်ပေးဖို့ အစီအစဉ် မရှိပါဘူး” ဟု ပြောသည်။ စီမံကိန်းအကုန်လုံးကို ဖျက်သိမ်းပေးရန် မဖြစ်နိုင်ကြောင်းလည်းဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) အနေဖြင့် စုံစမ်းစစ်ဆေးမှုတခုကို ဆောင်ရွက်မည် ဖြစ်ကြောင်း၊ သို့သော်လည်း မြေများသည် ယခင် အစိုးရလက်ထက်က တဦးချင်းစီ သဘောတူညီချက် ရယူချထားပေးခဲ့ခြင်း ဖြစ်သည့် အတွက် စစ်ဆေးရန်ခက်ခဲ ကြောင်း ဦးမောင်မောင်စိုးက ထပ်လောင်းပြောဆိုသည်။
ဦးနေဘုန်းလတ်က “စီမံကိန်း ၂၃၂ ခုမှာ ဘယ်လို မြေအမျိုးအစားတွေပါဝင်နေလဲ၊ ဘယ်သူတွေ ကို ချထားပေးခဲ့သလဲ ဆိုတာကို ကျနော်တို့ သိချင်ပါတယ်” ဟု ထပ်မံ မေးမြန်းခဲ့သည်။
သို့သော်လည်း ဦးနေဘုန်းလတ်၏ မေးခွန်းကို မြို့တော်ဝန်က ဖြေကြားရန် ပယ်ချခဲ့ပြီး ယင်းမေးခွန်းကို ရှေ့တွင် မေးခဲ့သည့် မေးခွန်းတွင် ဖြေဆိုခဲ့ပြီး ဖြစ်ကြောင်း ပြောသည်။
လွှတ်တော် အစည်းအဝေးပြီးဆုံးသည့် အချိန်တွင် ဦးနေဘုန်းလတ်က မြေငှားချထားပေးရာမှ အစိုးရအတွက် အကျိုးအမြတ် မည်မျှရရှိခဲ့သည်ကို သိရှိရန် မေးမြန်းသည့် သူ၏ မေးခွန်းများကို မြို့တော်ဝန်က ဥပေက္ခာပြုခဲ့သည်ဟု ခံစား ရကြောင်း သတင်းထောက်များသို့ ပြောသည်။
“ဒီလို အချက်အလက်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘာမှ မသိရဘူး။” ဟု သူကပြောသည်။
မြို့တော်ဝန်က လွှတ်တော်သို့ အသေးစိတ် တင်ပြရန် ငြင်းဆန်ခဲ့သော်လည်း မြေငှားစာရင်းသည် မြို့တော်စည်ပင်၏ လက်ထဲတွင် ရှိနိုင်သည်ဟု ယုံကြည်ကြောင်း ဦးနေဘုန်းလတ်ကပြောသည်။ ၎င်းက ယင်းသို့ အစိုးရ၏ ဆောင်ရွက်ချက်နှင့်ပတ်သတ်၍ လွှတ်တော် ကိုယ်စားလှယ်များသာမက၊ ပြည်သူများပါ သိပိုင်ခွင့်ရှိကြောင်းဆိုသည်။ အဆိုပါ ကိစ္စ နှင့် စပ်လျဉ်း၍ ပိုမို သိရှိနိုင်ရန် ဆက်လက်ကြိုးစားသွားမည်ဟုလည်း သူကပြောသည်။