မဲဆန္ဒရှင်များက တင်ပြလာသော ဒေသတွင်း အခက်အခဲများကို ဆောင်ရွက်မပေးခြင်း၊ ဒေသခံပြည်သူကို တရားစွဲဆိုခြင်း၊ မဲဆန္ဒနယ်ကျော်လွန်၍ ဝင်ရောက်စွက်ဖက်မှုပြုခြင်းတို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်ကို ဒေသခံမဲဆန္ဒရှင်များ၊ NLD ပါတီဝင်တချို့ အပါအဝင် မြို့ခံ ၃၀၀ ကျော်က အောက်တိုဘာ ၂၀ နံနက်ပိုင်းက ဆန္ဒပြခဲ့ကြောင်း သိရသည်။
ထိုဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်သည့် ဒေသခံရေလုပ်သား ကိုမိုးကျော်က “ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က ဒေသမှာဖြစ်နေတဲ့ ပြည်သူတွေရဲ့လိုအပ်ချက်ကို တာဝန်ကျေအောင် မထမ်းဆောင်ဘဲနဲ့ အမှတ် (၂ ) ကိုယ်စားလှယ်ရဲ့ နေရာကို ဝင်ရောက်နှောင့်ယှက်တယ်။ အဲဒီလိုနှောင့်ယှက်လို့ ဒေသခံရေလုပ်သားတွေ အလုပ်အကိုင် ဆုံးရှုံးခဲ့ရတယ်။ ပြည်သူကို မတရားသဖြင့် တရားစွဲတယ်။ ဒါကြောင့် အခုလို ဆန္ဒဖော်ထုတ်တာဖြစ်တယ် ” ဟု ဧရာဝတီကို ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်သည် ဒေသအတွင်း လမ်းခင်းရာ၌ အရည်အသွေးမပြည့်မီသည့် လမ်းခင်းကျောက်များ အသုံးပြုနေသည်ကို တင်ပြသော်လည်း တစုံတရာဆောင်ရွက်မပေးခြင်း၊ ၎င်း၏မဲဆန္ဒနယ်မဟုတ်သည့် ယင်းဆယ်အင်း လုပ်ပိုင်ခွင့်တွင် ဝင်ရောက်စွက်ဖက်ခြင်း၊ ခရိုနီလုပ်ငန်းရှင်များနှင့်သာ ပေါင်းသင်းဆက်ဆံသည့်အပြင် ယင်းဆယ်အင်း ရေလုပ်သား အစုအဖွဲ့ထံမှ ရန်ပုံငွေအဖြစ် ငွေကျပ် ၁ သိန်း တောင်းခံခြင်းတို့ကြောင့် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ထိုဆန္ဒပြပွဲ၌ ဦးဆောင်ပါဝင်သူများက ပြောသည်။
ဆန္ဒပြသရာတွင် ပါဝင်သူတဦးဖြစ်သည့် လေးမျက်နှာမြို့နယ်၊ ပိန်းရင်းကျေးရွာအုပ်စု NLD ပါတီ အတွင်းရေးမှူး ဦးမျိုးဇော်က “ ကျနော် ဒီကနေ့ဘာလို့ ဆန္ဒပြရသလဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ပြီး ပြည်သူကို တရားစွဲတဲ့အပေါ်ကို မကျေနပ်လို့၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ရင် ကျနော်တို့မြို့နယ်ရဲ့ အမိအဖ ဖြစ်တယ်။ မြို့နယ်ရဲ့အမိအဖက ဆင်းရဲတဲ့ပြည်သူကို တရားစွဲတယ်ဆိုတာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က အနေအထား ဖြစ်တယ်။ ဒီလိုပုံစံတွေကိုမကြိုက်လို့ တော်လှန်ပြီး မဲပေးခဲ့တာကို အခုဒီပုံစံမျိုး ဆက်လုပ်တယ်။ အဲ့ဒါကို မကျေနပ်လို့ ဆန္ဒပြတာ” ဟု ပြောသည်။
ဦးစိုးခိုင်က ယင်းဆယ်ကျေးရွာအုပ်စု ရေလုပ်သားအဖွဲ့ခေါင်းဆောင် ဦးသိန်းထိုက်ဦးကို ၎င်းအား ဂုဏ်သိက္ခာကျစေမည့် စကားများ ပြောဆိုဖြန့်ဖြူးသည်ဟုဆိုကာ လေးမျက်နှာမြို့နယ် တရားရုံးတွင် ပုဒ်မ ၃၅၃ (ဝတ္တရား နှောင့်ယှက်မှု)၊ ပုဒ်မ ၅၀၀ (အသရေဖျက်မှု) တို့ဖြင့် ယခုလဆန်းပိုင်းက တရားစွဲဆိုခဲ့သဖြင့် လေးမျက်နှာတရားရုံးတွင် ကြားနာ စစ်ဆေးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
အထက်ပါ အခြေအနေများနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်ကို “ သူတို့ရဲ့စွပ်စွဲချက်တွေကို ကျနော် ငြင်းဆိုပါတယ်။ ယင်းဆယ်အင်းကိစ္စဟာ ဌာနဆိုင်ရာအားလုံးရှေ့၊ အဖွဲ့အစည်းအစုံရှေ့မှာ သဘောတူလက်မှတ် ရေးထိုးပြီးကာမှ သူတို့ဘက်က (ကိုသိန်းထိုက်ဦး ခေါင်းဆောင်သည့် ရေလုပ်သားအဖွဲ့) ကတိချိုးဖောက်တယ်။ ကျနော်က အင်းသားကြီးဆီက လာဘ်ငွေယူပြီး အင်းရအောင် လုပ်ပေးပါတယ်ဆိုပြီး ဂုဏ်သိက္ခာကျအောင် ပြောဆိုခြိမ်းခြောက်မှုတွေ လုပ်တဲ့အတွက် သိန်းထိုက်ဦးကို တရားစွဲခဲ့တာ ဖြစ်တယ်။ ယင်းဆယ်ရေလုပ်သားအဖွဲ့ဆီက ငွေ ၁ သိန်း တောင်းတယ်ဆိုတာလည်း လုံးဝမဟုတ်ဘူး။ ကျနော့်မှာ သက်သေအထောက်အထား အခိုင်အလုံရှိတယ်” ဟု ပြောသည်။
ယင်းဆယ်အင်းကိစ္စသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွန်ကြားချက်အတိုင်း အများသဘောထားဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် လမ်းခင်းကျောက်ကိစ္စနှင့် ပတ်သက်ပြီး ဆောက်လုပ်ရေးဌာနသို့ တင်ပြခဲ့ရာ ဌာနက အင်ဂျင်နီယာချုပ် ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ဦးစိုးခိုင်က ဆက်ပြောသည်။
လေးမျက်နှာမြို့နယ်၊ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိ၍ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သူဖြစ်ကြောင်းနှင့် လက်ရှိ၌ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် လျှပ်စစ်စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေး၊ စက်မှုလက်မှုနှင့် ဆောက်လုပ်ရေးရာ ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူဖြစ်ကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်သူများက လေးမျက်နှာမြို့အဝင် ဆိုင်းဘုတ်အနီးမှ မြို့တွင်းလူစည်ကားရာ နေရာများသို့ လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ လေးမျက်နှာမြို့နယ်၊ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်သည် ဧရာဝတီတိုင်းအတွင်း မဲဆန္ဒရှင်များက ပထမဦးဆုံးအကြိမ် ဆန္ဒဖော်ထုတ်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။