ရန်ကုန်တိုင်း ဒေသကြီးရှိ လမ်းမတော် မြို့နယ်ကို ပထမဦးဆုံး ခွေးရူးရောဂါ ကင်းစင်သည့် မြို့နယ် (Rabies Free Status in Township) အဖြစ် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန်ဆေးကု နှင့် သားသတ်ရုံးများ ဌာနမှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(Y.C.D.C )၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံးများ ဌာနမှ လက်ထောက် ဌာနမှူး ဒေါက်တာ လှမေဦးက “ဒီလိုမျိုးတခါမှ မရှိခဲ့ဘူး။ ဒီဘဏ္ဍာရေးနှစ်ထဲ လမ်းမတော်မြို့နယ်မှာ Rabies Free and Dog Population Control Program ကို အောင်မြင်ပြီးမြောက်တယ်လို့ ပြောလို့ရတယ်။ ကုသပြီး ခွေးလေးတွေကို လည်ပတ် နဲ့ ခွဲခြားထားတယ်။ အမှန်တော့ မြို့နယ်တွေ ဆက်တိုက်လုပ်သွားရင် အကောင်းဆုံးပါ။ ဒါပေမယ့် လက်ရှိမှာ ဆေးဝါးတွေ လိုအပ်တယ်”ဟု ဧရာဝတီကို ပြောသည်။
လမ်းမတော်မြို့နယ်တွင် ခွေးရူးရောဂါ ကင်းစင်ရေးနှင့် ခွေးအရေအတွက် ထိန်းချုပ်ရေး အစီအစဉ် (Rabies Free and Dog Population Control Program) ကို ၂၀၁၆ ခုနှစ် သြဂုတ် ၄ ရက်မှ စတင် ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း ၂ လခွဲအကြာ အောက်တိုဘာ ၁၉ ရက်တွင် အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
လမ်းမတော်မြို့နယ်တွင် ရပ်ကွက်စုစုပေါင်း ၁၂ ရပ်ကွက်ရှိပြီး ခွေးကောင်ရေ ၃၄၈ ကောင်ကို ခွေးရူးရောဂါကာကွယ်ဆေး ထိုးပေးခဲ့ကြောင်း၊ ခွေး ၁၉၁ ကောင်နှင့် ကြောင် အကောင် ၂၀ စုစုပေါင်း ၂၁၁ ကောင်ကို မျိုးပွားမှု ထိန်းချုပ်ရန် ခွဲစိတ် ကုသ ပေးခဲ့ပြီး ခွေး ၁၉ ကောင်နှင့် ကြောင် ၃ ကောင် စုစုပေါင်း ၂၂ ကောင်ကို သန္ဓေတားဆေး ထိုးပေးခဲ့ကြောင်း၊ ကုသမှု ပေးပြီးသည့် လေလွင့်ခွေးများကို Y.C.D.C က လည်ပတ်အနီရောင် တပ်ဆင်ပေးထားကြောင်းလည်း ဒေါက်တာ လှမေဦး က ပြောပြသည်။
လမ်းမတော်မြို့နယ် (၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကြည် ကလည်း “အခုလို သားဆက်ခြားတယ်ဆိုတာ အရမ်းကောင်းတယ်။ တဖြည်းဖြည်း ခွေးမျိုးပွားမှုနှုန်း လျော့သွားလို့ရှိရင် ခွေးကိုက်နှုန်းလည်း လျော့သွားမယ်”ဟု ပြော သည်။
ခွေးရူးရောဂါ ကင်းစင်ရေးနှင့် ခွေးအရေအတွက် ထိန်းချုပ်ရေးအစီအစဉ် ဆောင်ရွက်ရာတွင် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် အတွင်း ဌာနမှရရှိသည့် ဆေးဝါးများနှင့် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် Y.C.D.C ၊ ပရဟိတ ဆေးပညာရှင်များ မြို့မိမြို့ဖ၊ တိရစ္ဆာန်ချစ်သူများ၏ အင်အားဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာ လှမေဦးက ပြောသည်။
စမ်းချောင်းမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ကို ယခင်မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း ဒဲရစ်မစ်ချယ်လ် ၏ ဇနီး Ms. Min Mitchell ၏ ပံ့ပိုးကူညီမှုဖြင့် လာမည့် အောက်တိုဘာ ၂၆ ရက်မှ စတင်၍ MOU အစီအစဉ်အတိုင်း တဆင့်ပြီးတဆင့် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။
တိရစ္ဆာန်ချစ်သူ တဦးဖြစ်သည့် ဒေါ်ဝေဝေမိုးက “အခုမှ စလုပ်တာဆိုတော့ တော်တော်တော့ ကြိုးစားရဦးမယ်။ တချို့ တွေ ကလည်း ခွေးတွေ တအားများလာတဲ့ အတွက် အဆိပ်ချဆိုပြီး အလွယ်တကူနည်းပဲ သုံးကြတယ်။ ပညာပေးတွေ များများ လုပ်နိုင်ရင် ပြောင်းလဲသွားမှာပါ”ဟု ပြောသည်။
ရန်ကုန်မြို့တွင် တနှစ်လျှင် လေလွင့်ခွေး ၂ သောင်းကျော် လျှော့ချနိုင်ခဲ့သော်လည်း လက်ရှိတွင် လေလွင့်ခွေး ၁ သိန်း ကျော် ရှိနေသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ၏ မှတ်တမ်းများ အရ သိရသည်။