တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များကြောင့် တိုင်းရင်းသား လူမျိုးစု စာရင်း ထုတ်ပြန်နိုင်ရေးအတွက် အစိုးရက အဖက်ဖက်မှ ချိန်ဆနေရပြီး လက်ရှိတွင် နိုင်ငံတကာ အကူအညီဖြင့် ရရှိထားသည့် အချက်အလက်များကို တိုင်းနှင့် ပြည်နယ်ရှိ တိုင်းရင်းသား အဖွဲ့များနှင့် ဆွေးနွေး ညှိနှိုင်းလျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြောသည်။
ယမန်နေ့ ညနေပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်း၏ နိုင်ငံတကာ နည်းပညာ အကြံပေးအဖွဲ့ (ITAB) ၏ ၇ ကြိမ်မြောက် အစည်းအဝေး အပြီးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ညီညီက ပြောဆိုခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ယခင် အစိုးရများက တိုင်းရင်းသား လူမျိုးစုကို ၁၃၅ မျိုးဟု တရားဝင် ထုတ်ပြန်ခဲ့ဖူးသော်လည်း ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူသည့်အခါတွင် ၁၃၅ မျိုးထဲတွင် မပါဝင်သူများအနေဖြင့် သီးခြားထည့်သွင်းပေးထားသည့် အမှတ်စဉ် ၁၉၄ အောက်တွင် မိမိ၏ မျိုးနွယ်ကို လွတ်လပ်စွာ ထည့်သွင်းခွင့် ပေးခဲ့သဖြင့် ဖြည့်စွက်သူများ ရှိခဲ့ကြောင်း ဒေါက်တာ ညီညီက မီဒီယာများသို့ ပြောသည်။
လက်ရှိ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များအရ အစိုးရအနေဖြင့် တိုင်းရင်းသား လူမျိုးစု စာရင်းကို တရားဝင် ချိန်ဆနေရပါသလားဟု ဧရာဝတီ သတင်းဌာနက မေးမြန်ရာ “ဟုတ်ကဲ့။ ကျနော်တို့ဘက်ကတော့ မျိုးစုံပေါ့နော်။ အခုချိန်ကတော့ အချက်အလက်တွေ စုဆောင်းတဲ့ အခြေအနေပါ” ဟု ဒေါက်တာ ညီညီက ပြန်လည် ဖြေကြားခဲ့သည်။
ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က ဖွဲ့စည်းပေးထားသည့် အဖွဲ့တခုက တိုင်းနှင့် ပြည်နယ်များသို့ ဆင်း၍ တိုင်းရင်းသားများထံမှ အကြံဉာဏ်များ ရယူလျက်ရှိကြောင်း၊ အစည်းအဝေးများ ပြုလုပ်ပြီး တိုင်းရင်းသား အဖွဲ့များကို ဖိတ်ခေါ်၍ ဒေသခံများ၏ အသံကို ရယူလျက်ရှိကြောင်း ပြည်သူ့အင်အား ဦးစီးဌာနက ပြောသည်။
အစိုးရကို အကူအညီပေးနေသည့် နိုင်ငံတကာ နည်းပညာ အကြံပေးအဖွဲ့ (ITAB) မှ ဥက္ကဋ္ဌ မစ္စတာ Werner Haug ကလည်း ယခု ထုတ်ပြန်ရတော့မည် တိုင်းရင်းသား လူမျိုးစုစာရင်းသည် တိုင်းပြည်၏ ပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့်လည်း ဆက်နွှယ်နေသဖြင့် ထုတ်ပြန်မှုကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတခုကတည်းက ဦးဆောင်ရန်မသင့်ဘဲ အစိုးရအဖွဲ့တခုလုံးက ဦးဆောင်မှုပေးရန် လိုအပ်ကြောင်း မီဒီယာများသို့ ပြောသည်။
“နိုင်ငံတော် အစိုးရရဲ့ ဦးဆောင်မှု လိုပါတယ်။ မထုတ်ပြန်ခင်မှာ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ ပြည်နယ်နဲ့ တိုင်းတွေမှာ ရှိတဲ့ သက်ဆိုင်ရာ လူမျိုးစု အဖွဲ့အစည်းတွေ၊ ပြည်တွင်း၊ ပြည်ပ အကြံပေးအဖွဲ့တွေနဲ့ အပြန်အလှန် ဆွေးနွေးညှိနှိုင်းပြီးမှ အကုန်လုံးချိတ်ဆက် ဆောင်ရွက်ပြီး ဆောင်ရွက်သင့်ပါတယ်” ဟု မစ္စတာ Werner Haug က ပြောသည်။
၂၀၁၄ ခုနှစ် အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်း ကောက်ခံပြီးနောက်ပိုင်း ၂၀၁၆ ခုနှစ်၊ မတ်လတွင် အလုပ်အကိုင်နှင့် လုပ်ငန်း အမျိုးအစားများ ထုတ်ပြန်ခြင်း၊ ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ကိုးကွယ်မှု ဘာသာရေးဆိုင်ရာ အချက်အလက်များ ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းထုတ်ပြန်မှုများတွင် ထိလွယ်ရှလွယ်သော ဘာသာရေးကိစ္စ မထုတ်ပြန်မီ ဘာသာရေးအုပ်စု အသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သဖြင့် အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ကြောင်း ITAB အဖွဲ့က ပြောသည်။
နောက်ပိုင်းတွင် ပြည်သူ့အင်အား ဦးစီးဌာနက သုတေသန စာတမ်း ၁၃ စောင် ဆက်လက် ပြုစုခဲ့ရာ မွေးဖွားခြင်းနှင့် လက်ထပ် ထိမ်းမြားခြင်း၊ သေဆုံးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင် သေဆုံးမှု သုတေသန စာတမ်း ၃ စောင်ကို ထုတ်ပြန်ခဲ့ကြောင်း၊ ဆက်လက် ထုတ်ပြန်မည့် စာတမ်း ၁၀ ခုတွင် တိုင်းရင်းသား လူမျိုးစု စာရင်း ပါဝင်လာခြင်း ဖြစ်သည်ဟု အထက်ပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။
ထို့အပြင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မြန်မာနိုင်ငံတွင် ၁၀ နှစ်တကြိမ် ပုံမှန်ကောက်ယူနိုင်ရန် စီစဉ်နေပြီး ကောက်ယူခဲ့ပြီးသည့် လုပ်ငန်းများ အချက်အခက် တိကျပြီး ခိုင်မာမှု ရှိ၊ မရှိကိုလည်း လွတ်လပ်သည့် နိုင်ငံတကာ အဖွဲ့တခုက ပြန်လည် စစ်ဆေးသည့် လုပ်ငန်းကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။