ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့အကြား စစ်ရေးအခြေအနေ တင်းမာနေသော်လည်း ပြည်နယ်နှင့် တိုင်းအလိုက် ပြုလုပ်မည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို နိုဝင်ဘာလတွင် စတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာလတွင် ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ပါ မူများအရ ကျင်းပမည် ဖြစ်သဖြင့် တနိုင်ငံလုံးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့ရှိသော်လည်း NCA ထိုးထားသည့် ၈ဖွဲ့သာ ပါဝင်ခွင့် ရမည်ဖြစ်သည်။
ထို့ကြောင့် တပ်မတော်နှင့် စစ်ရေးအခြေအနေ တင်းမာနေကာ တိုက်ပွဲများ ၂ လ ကျော်ကြာ ဆက်တိုက် ဖြစ်ပွားနေသည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင် (တအာန်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ အပါအဝင် NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ၏ အဖွဲ့ဝင်များမှာ နိုဝင်ဘာလ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်နိုင်မည့် အခွင့်အလမ်း နည်းနေသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးလှမောင်ရွှေက NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်လိုပါက NCA ကို လက်မှတ်ထိုးရမည် ဖြစ်ပြီး မထိုးနိုင်ပါက ဆွေးနွေးသူ ကိုယ်စားလှယ်အနေဖြင့် ပါဝင်ခွင့် ရမည်မဟုတ်ကြောင်း၊ လေ့လာသူအဖြစ်သာ တက်ရောက်နိုင်ကြောင်း ပြောသည်။
“အခုသွားတဲ့ လုပ်ငန်းစဉ်က NCA ရဲ့ပြဌာန်းချက်အတိုင်းပဲ သွားတာဖြစ်တဲ့အတွက် အခုချိန်ထိ NCA ပြဌာန်းချက် အတိုင်း သွားနိုင်မှာ ဖြစ်ပါတယ်” ဟုလည်း ဦးလှမောင်ရွှေက ဆိုသည်။
ပြည်နယ်နှင့် တိုင်းအလိုက် ကျင်းပ ပြုလုပ်မည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် မူဝါဒဆိုင်ရာ ကိစ္စရပ်များ၊ အထွေထွေ စသည့် ကဏ္ဍကြီး ၆ ရပ်မှ တိုင်းရင်းသားလူမျိုးများနှင့် ဆိုင်သော ကိစ္စရပ်များ၊ ဒေသတခုချင်းနှင့် သက်ဆိုင်သော ကိစ္စရပ်များ၊ နိုင်ငံသားအများစုနှင့် ဆိုင်သော ကိစ္စရပ်များကို ဒေသဆိုင်ရာ ပြည်နယ် ဆိုင်ရာ အလိုက် ဆွေးနွေးကြမည်ဖြစ်ကြောင်း နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်၏ အခန်း (၄) တွင် ရေးသားထားသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ဆွေးနွေး ထွက်ရှိလာသည့် အဆိုပြုချက် ၊ အကြံပြုချက်များကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် ၂၁ရာစုပင်လုံ – ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ဒုတိယအကြိမ်တွင် ပြန်လည် သုံးသပ် ဆွေးနွေးကြမည် ဖြစ်သည်။
DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်ကမူ ၎င်းတို့ NCA မထိုးထားသည့် အဖွဲ့များမှာ NCA မူအရ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခွင့် မရဘဲ လေ့လာသူအဖြစ်သာ ပါဝင်ခွင့်ရပါက ဒေသအသီးသီးတွင် လူမျိုးအလိုက် အကြောင်းအရာ အလိုက် ဆွေးနွေးမည့် နေရာတွင် အခက်အခဲများ ရှိလာမည်ဟု ပြောဆိုထားသည်။
DPN က နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်နိုင်ရေး၊ NCA လက်မှတ်ထိုးနိုင်ရေးအတွက် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် နှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ထားသော်လည်း သဘောတူညီချက် တချို့ ရရှိရန် ကျန်နေသဖြင့် နိုဝင်ဘာလ တွင် ဆက်လက်တွေ့ဆုံ ဆွေးနွေးသွားမည်ဟု သိရသည် ။
NCA လက်မှတ်ထိုးထားသည့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ယခု ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှာ အလောတကြီး လုပ်ခြင်း မဟုတ်ဘဲ NCA ပြဌာန်းချက်များ အတိုင်းသာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်နေသည့် အဖွဲ့များကို မစောင့်ဘဲ မြန်မြန်ဆန်ဆန် သွားနေခြင်း မဟုတ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး၏ နိုင်ငံရေး ရည်မှန်းချက်မှာ ဖက်ဒရယ်ပြည်ထောင်စု စနစ် ထူထောင်ရေး ဖြစ်သဖြင့် ရည်မှန်းချက်ကို ရောက်အောင် သွားနေရခြင်း ဖြစ်ကြောင်း ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ မှာ သဘောတူညီချက်တွေကို ချနိုင်ပြီး နောက်ဆုံး ပြည်ထောင်စု စာချုပ်ကြီး ချုပ်နိုင်ခဲ့ရင် စာချုပ် ချုပ်တဲ့နေ့က စပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက်ကို ရောက်ရှိမှာ ဖြစ်တယ်။ အဲဒီရည်မှန်းချက် ရောက်ရှိဖို့က အချိန်ဆွဲလို့ မရဘူး” ဟု ပြောသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့အကြား NCA ထိုးထားသည့် တနှစ်ပြည့်အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက် တွင် ကျင်းပစဉ် တပ်မတော်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “NCA ကို လက်မှတ်ရေးထိုးခြင်း မရှိဘဲ NCA စာချုပ်ပါ ကိစ္စရပ်များကို ကျော်လွန်ပြီး အမျိုးသားအဆင့် ဆွေးနွေးပွဲများသို့ သွားနိုင်ရန် ကြိုးစားနေခြင်းဟာ မဖြစ်သင့်ပါဘူး” ဟု ပြောဆိုထားသည်။
ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြာမြင့်လာပါက ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးခြင်းနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတတ်မှု နောက်ကျခြင်းများ ရှိလာနိုင်သဖြင့် NCA လက်မှတ်ထိုးခြင်းမှ တဆင့် ငြိမ်းချမ်းရေး ညီလာခံကို အချိန်မဆွဲဘဲ မြန်မြန်ဆန်ဆန် ဆောင်ရွက် သင့်သည်ဟုလည်း ပြောဆိုထားသည်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို မြန်မြန်ဆန်ဆန် သွားလိုသည့် သဘောထား ရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံမှ စုံစမ်း သိရှိရသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ပြီး မည်သည့်ရက်တွင် ကျင်းပ မည်ကို ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၂၈ ရက်နှင့် ၂၉ တွင် နေပြည်တော်၌ ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ အစည်းအဝေး အတွင်း ကြေညာ သွားမည်ဖြစ်ကြောင်း သိရသည် ။
NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှာ ကရင် အမျိုးသားအစည်းအရုံး (KNU) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့ ဖြစ်သည်။
လက်မှတ်မထိုးရသေးသည့် DPN အဖွဲ့ဝင်များမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ မွန်ပြည်သစ် ပါတီ (NMSP) ၊ ရှမ်းပြည် တိုးတတ်ရေး ပါတီ (SSPP/SSA) ၊ ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ (KNPP) ၊ ‘ဝ’အမျိုးသား အဖွဲ့ချုပ် (WNO) ၊ ရခိုင်ပြည် အမျိုးသားကောင်စီ (ANC)နဲ့ လားဟူအမျိုးသား ဒီမိုကရက် တစ်ပါတီ (LDU)တို့ ဖြစ်သည်။
မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) ၊ ရက္ခိုင့်တပ်မတော် (AA) နှင့် ပလောင် (တအာန်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကိုမူ အစိုးရနှင့် တပ်မတော်မှ လက်နက် ကိုင်လမ်းစဉ်စွန့်မှ တနည်းအားဖြင့် လက်နက်ချမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရမည်ဟု ပြောဆိုထားသဖြင့် ညှိနှိုင်းမှု မပြေလည်သေးပါ။
DPN အဖွဲ့ဝင်များမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်အားလုံး NCA ထိုးရေးကို အစိုးရက အကောင်အထည် မဖော်ပေးနိုင်ဘဲ တဖက်တွင် စစ်ရေး အခြေအနေ တင်းမာနေသဖြင့် NCA လက်မှတ် မထိုးနိုင်သေးခြင်း ဖြစ်သည်။
နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) မှာလည်း အစိုးရက ဖိတ်ခေါ်သော်လည်း NCA လက်မှတ် ထိုးခြင်း မရှိသေးပါ။
“ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် -မိုင်းလားအဖွဲ့ (NDAA) တို့ကလည်း အပစ်အခတ်ရပ်စဲရေး စာချုပ်ဟောင်း ထိုးထားသဖြင့် NCA မထိုးလိုပဲ အစိုးရနှင့် ဆွေးနွေးလိုသည်များကို သီးသန့်ဆွေးနွေးလျက် ရှိသည်။