ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့နယ်၊ မိုင် ၂၀ အရှေ့ကျေးရွာတွင် ကလေး ၃ ဦးကို မကောင်းဆိုးဝါး ပူးသည်ဟု ဆိုကာ ရိုက်နှက်နှိပ်စက် သတ်ဖြတ်ခဲ့သည့် ပယောဂ ဆရာ ထွန်းနိုင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုင်၂၀ အရှေ့ကျေးရွာနေသူ ၃ ဦးမှာ မအူပင်မြို့ဘက်တွင် အလုပ် သွားရောက်လုပ်ကိုင်ရင်း ပယောဂ ဆရာ ထွန်းနိုင်နှင့် တွေ့ဆုံခင်မင်ခဲ့ကြောင်း၊ အဆိုပါ ၃ ဦး မှာ အောက်တိုဘာ ၁၈ ရက်နေ့က နေရပ်သို့ ပြန်လာသည့်အခါ ၎င်းကလည်း အလည်အပတ်အနေဖြင့် လိုက်ပါခဲ့ကြောင်း၊ နေအိမ်သို့ ရောက်ရောက်ချင်း နေအိမ်သည် မကောင်းဆိုးဝါးများ ကပ်နေကြောင်း ပြောဆိုပြီး သရဲထုတ်ရမည်ဟုဆိုကာ စည်းဝိုင်းတခုထားကာ အိမ်ရှိလူများအားလုံးကို စည်းဝိုင်းအတွင်း နေခိုင်းခဲ့ကြောင်း၊ ထို့နောက် တရားလို၏ ညီဖြစ်သည့် ၃ နှစ်အရွယ် ကလေးတဦးကို သရဲဝင်ပူးနေသည် ဟုဆိုကာ ခြေထောက်ဖြင့် ကန်ခြင်း၊ ထိုးကြိတ် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။
“၃ နှစ်အရွယ် ကလေးက ရိုက်နှက်ခံရတဲ့ ဒဏ်ရာနဲ့ ၁၈ ရက်ညမှာ သေဆုံးသွားတယ်။ အလောင်းကို သယ်သွားပြီး ရေထဲ သွားမျှောလိုက်တယ်။ တရားလိုနဲ့ မိသားစုတွေက သူတို့ကို စည်းဝိုင်းထဲက မထွက်ဖို့ ခြိမ်းခြောက်ထားတဲ့အတွက် အပြင် မထွက်ရဲကြဘူးလေ။ ၂ နှစ်အရွယ် နဲ့ ၈ လအရွယ် ကလေးမလေးကိုလည်း အဲဒီလိုပဲ လုပ်တာကြောင့် ၁၉ ရက်ညမှာ ဆုံးသွားတယ်။ ကလေး ၂ ဦးကို မြေမြှုပ်ပစ်လိုက်တယ်။ ၄ နှစ် ကလေးမလေးကိုလည်း ထပ်ပြီး ရိုက်နှက်တုန်း ကလေးအဖေက ငါသေလည်း သေပါစေ။ ငါ့သမီးကို လုပ်တာတော့ မခံနိုင်ဘူးဆိုပြီး ထဆွဲတယ်။ ကလေးကိုလည်း ကျန်းမာရေး ဆရာမဆီသွားပြတော့ ရာဇဝတ်မှု မြောက်တယ်။ ရဲကိုသွားတိုင်ဆိုလို့ တရားလိုတွေက ရဲလာတိုင်တာ” ဟု တွံ့တေးမြို့နယ်၊ ရဲစခန်းမှူး ဒုရဲမှူး ကျော်နိုင်စိုးက ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် တရားခံ ထွန်းနိုင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး တရားခံကလည်း ၎င်းလုပ်ခဲ့သည်ဟု ဝန်ခံကြောင်း၊ ကလေး ၃ ဦးကို သေသည်အထိ ရိုက်နှက်ခြင်း၊ အလောင်းဖျောက်ဖျက်ခြင်း၊ ကျန်ရှိသည့် ကလေးတဦးကိုလည်း ရိုက်နှက်ခဲ့ခြင်း များကြောင့် အသက် ၃၀ အရွယ် တရားခံ ထွန်းနိုင်ကို ပုဒ်မ ၃၀၂၊ ၃၂၅၊ ၂၀၁ အရ တွံ့တေးမြို့မ ရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။