ပဲခူးတိုင်း အနောက်ခြမ်း ပန်းတောင်းမြို့နယ် ဖေါင်းကန်နှင့် သောင်ကြီးကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ကျောက်စရစ် ထုတ်ယူမှုများကြောင့် မြေနုကျွန်းများဆုံးရှုံးခြင်း၊ မြစ်ကမ်းပါးများပြိုကျခြင်းများဖြစ်လာရာ ဒေသခံများ ကန့်ကွက်သည့် အတွက် ကျောက်စရစ်စုပ်ယူသည့် လုပ်ငန်းတချို့ရပ်ဆိုင်းထားကြောင်းသိရသည်။
ပန်းတောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပပဟန်၏ ပြောဆိုချက်အရ အောက်တိုဘာ ၁၈ရက်နေ့တွင် ဖောင်းကန်ကျေးရွာအနီးရှိ ကွင်းအမှတ် ၁၀၅ ကိုလည်းကောင်း၊ အောက်တိုဘာ ၂၁ ရက်နေ့တွင် သောင်ကြီးကျေးရွာအနီး ကွင်းအမှတ် ၁၀၇အားလည်ကောင်း ရပ်ဆိုင်းထားပြီးဖြစ်ကြောင်း သိရသည်။
“ပြည်သူတွေတိုင်စာတက်လာလို့ ဋ္ဌာနနဲ့ပူးပေါင်းပြီး ပညာရှင်ကိုခေါ်လာပြီးတော့ ပြည်သူကို ရှင်းပြပေးတယ်။ ၂ ခုကတော့ လောလောဆယ် ရပ်ဆိုင်းလိုက်ပါပြီ၊ ကျန်တာတွေက ရွာသာယာ၊ ရွှေဘုံသာဆို ၂ ကွက်ပါမယ်၊ ဆင်တဲ၊ ရေလည်ကျွန်း၊ ထုံးဘိုတွေပဲကျန်မယ်” ဟု ဒေါ်ပပဟန်က ပြောသည်။
ပန်းတောင်းမြို့နယ်အတွင်း ကျောက်စရစ်စုပ်လုပ်ငန်းများကြောင့် ဧရာဝတီမြစ်လယ်ရှိ မြေနုကျွန်းလုပ်စားမြေများ ဆုံးရှုံး ရခြင်း၊ မြစ်ကမ်းပါးပြို့မှုကြောင့် ရွာလုံးကျွတ်ပြောင်းရွှေ့နေထိုင်ရခြင်း၊ ကျောက်စုပ်စက်လှေများ၏ စက်သံများ ကြောင့် ငါးဖမ်းလုပ်သားများ အခက်အခဲများကြုံတွေ့နေရပြီး လုပ်ကိုင်စားသောက်ရန် မြေမရှိတော့သည့် တောင်သူများ ကြုံရာ ကျပန်းများလုပ်ကိုင်လာရကာ စားဝတ်နေရေးအဆင်မပြေဖြစ်ခြင်း၊ လူနေမှုဘဝနိမ့်ကျခြင်းများကို နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရကြောင်း ဒေသခံများကဆိုသည်။
“အဘတို့မြေနုကျွန်းတွေလည်း ကျောက်သဲထိုးတဲ့လုပ်ငန်းတွေကြောင့် အကုန်လုံးကုန်ပါပြီ၊ အခုလည်းနေစရာမရှိလို့ သူများနေရာ သောင်ခုံတွေမှာ တဲထိုးနေရတာပါ။ သားသမီးတွေကလည်း ထင်းခုတ်၊ ကျောက်တင်လိုက်၊ ပန်းရံလုပ်လိုက်နဲ့ လုပ်ကိုင်စားနေရတာပါ။ ဒါကြောင့်မိုလို့ မြေနုကျွန်းလေးပြန်ထွန်းလာရင် လုပ်ကိုင်စားရရင် သူများအခိုင်းခံရတဲ့ဘဝက လွတ်အောင်လို့ပါ။ မြေနုကျွန်းမှာလုပ်ကိုင်စားတာ နှစ်လေးဆယ်ကျော်ပြီ အစိုးရခေတ်အဆက်ဆက် ကျောက်သဲထိုးလာ တာ အဘဆိုရင် ပဲခူးတိုင်းအထိ သွားတိုင်ဖူးးတယ်။ အင်းစိန် CID မှာတောင် ခေါ်အစစ်ခံရဖူးတယ်။ တခါမှ အရေးယူလုပ် ပေးတာ မရှိခဲ့ဖူးဘူး။ အခုမှ လူထုနဲ့လုပ်လို့ရတယ်ဆိုတော့ ဝမ်းသာလွန်းလို့ပါ” ဟု သောင်ကြီးရွာမှ ဦးတင်လှိုင်ကပြော သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ခရိုင်အပိုင် ဧရာဝတီမြစ်အတွင်း ကျောက်စရစ်စုပ်လုပ်ငန်းလိုင်စင် ၄၇ လျှောက် ထားသည့်အပေါ် ၁၇ ခုသာ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ ပန်းတောင်းမြို့နယ်တွင် ၈ ခု၊ ရွှေတောင်မြို့နယ်တွင် ၇ ခုနှင့် ပြည်မြို့နယ်တွင် ၂ ခု လုပ်ကိုင်ခွင့်ပေးထားပြီး၊ လုပ်ငန်းခွင့်တခုလျှင် ကျောက်စရစ်ကျင်း ၂၀၀၀ သာထုတ်လုပ်ခွင့်ပြုထား ပြီး လုပ်ငန်းရှင်းများမှ အစိုးရအား တကျင်းလျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် အခွန်ဆောင်ရကြောင်းသိရသည်။
ကျောက်စရစ်လုပ်ငန်းများရှင်များကလည်း သက်ဆိုင်ရာမှ သတ်မှတ်ထားသည့် ကျင်းရေ(ပမာဏ)ထက် ပိုမိုစုပ်ယူခြင်း၊ သတ်မှတ်ချထားပေးသည့် နေရာများသာမကပဲ လုပ်ကိုင်ခွင့်မရှိသည့် နေရာများတွင် ညအချိန်များတွင် ခိုးစုပ်ခြင်းများကြောင့်လည်း ကမ်းပါးပြိုမှာ ပိုမိုဆိုးရွားလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။