“ခရိုနီ”များအနေဖြင့် အတိတ်က မည်သည့်နည်းဖြင့် ချမ်းသာကြွယ်ဝခဲ့သည်ဖြစ်စေ၊ ပစ္စုန်ပ္ပန်၌ တရားဥပဒေ ဘောင်အတွင်းမှ မှန်ကန်သောနည်းဖြင့် ဆောင်ရွက်ရင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၌ ပါဝင်ကြရန် မနေ့က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ဖွံ့ဖြိုး မှုမိတ်ဖက် များတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
“ပြည်သူပြည်သားတွေထဲကနေ ချမ်းသာကြွယ်ဝလာတာကို ကျွန်မက သဘောကျပါတယ်။ ဒါပေမယ့် ချမ်းသာ ကြွယ်ဝလာတာဟာ မှန်ဖို့တော့လိုတာပေါ့။ အရင်ကမှန်တာမမှန်တာ အတိတ်ကိုတော့ ပြန်ပြင်လို့မရတော့ဘူး။ ပစ္စုပ္ပန်မှာတော့ မှန်မှန်ကန်ကန်နဲ့လုပ်သွားပါလို့ ကျွန်မအနေနဲ့မေတ္တာရပ်ခံချင်ပါတယ်”ဟုသူကပြောသည်။
NLD အစိုးရ မတက်မီကတည်းက အင်္ဂလိပ်ဘာသာစကား မကျွမ်းကျင်သူများပင် သိနေသည့် “ခရိုနီ” ဆိုသည့် အသုံးအနှုန်းတခုမှာ တနိုင်ငံလုံး ပြန့်ပွားလျက်ရှိကြောင်း၊ ထိုစကားရပ်မှာ မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို တရား ဥပဒေဘောင်အတွင်းမှ မဟုတ်ဘဲ အစိုးရနှင့် အာဏာရှိသူများကို မှီ၍ ချမ်းသာလာသူများကို ဝေဖန် ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။
ထို့အပြင် အစိုးရအနေနဲ့ လုပ်ငန်းရှင်ကြီးများအပေါ် အားကိုးကြောင်း၊ နိုင်ငံ၌ ကိုယ်ကျိုးအတွက်ပဲ ကြည့်မည့်သူ များနေလျှင် အင်မတန်ဝမ်းနည်းစရာဖြစ်ကြောင်း၊ အတိတ်ကလုပ်ရပ်ကို သင်ခန်းစာယူပြီး ရှေ့ဆက်နိုင်ရမည် ဖြစ်ကြောင်းလည်း သူက သတိပေးသည်။
“တချိန်တခါတုန်းက ကိုယ့်အတွက်ပဲ လုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေက နောင်တချိန်တခါမှာ အများအတွက် မလုပ်နိုင် ဘူးလား။ အများအတွက်လုပ်နိုင်တဲ့ အရည်အချင်းတွေ သူတို့မှာ မရှိဘူးလား။ ကိုယ့်အစုအဖွဲ့၊ ကိုယ့်လုပ်ငန်း၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့မိသားစုအတွက်ပဲ စဉ်းစားခဲ့တဲ့ပုဂ္ဂိုလ်များဟာ အမြင်ကျယ်လာပြီးတော့ တတိုင်းပြည်လုံးအတွက် စဉ်းစားနိုင်တဲ့အရည်အချင်းတွေ မမွေးမြူနိုင်ဘူးလားဆိုတာကို ကျမ စဉ်းစား ခဲ့ပါ တယ်။ ကျမကတော့ ဒါဟာဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ခရိုနီများမှာ တချိန်ကပိတ်ဆို့ခံခဲ့ရသည့်အတွက်အလုပ်ကောင်း ကောင်း လုပ်ခွင့်မရသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ကျေးဇူးကြောင့် အလုပ်အကိုင်များကို မည်သူနှင့်မဆိုတွဲဖက် လုပ်ကိုင်ခွင့်ရပြီဖြစ်သဖြင့် ယခင်အလွန်မှီခိုခဲ့ရသည့် တရုတ်နိုင်ငံကိုလည်း အားကိုးဖို့ မလိုတော့ ကြောင်း ဧရာဝတီသို့ပြောသည်။
တော်ဝင်မိသားစု ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေးကလည်း မည်သည့်တိုင်းပြည်တွင်ဖြစ်စေ စီးပွားရေးလုပ်ငန်းရှင် များသည် တိုင်းပြည်၏ ဝမ်းဗိုက်သဖွယ်ဖြစ်၍ အားပေးရမည် ဖြစ်ကြောင်း၊ သို့သော် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်သည့်အခါ “ဘယ်သူသေသေ ငတေမာရင် ပြီးရော”ဆိုသောမူဖြင့်လုပ်နေသူများကိုမူ ဥပဒေနှင့်အညီ တားဆီးရမည်ဖြစ်သဖြင့် NLD အစိုးရ၏ တရားဥပဒေစိုးမိုးရေးကို လုပ်ငန်းစဉ်ကို ထောက်ခံကြောင်းဆိုသည်။
“ခရိုနီတွေက Corruption အရမ်းလုပ်ပြီးတော့ အပေးအယူနဲ့ လုပ်စားကြတယ်တဲ့။ ကျနော်တို့ကမပေးရရင် သိပ်ကြိုက်တာပေါ့။ ကျနော်တို့က ‘ဆင်သတ်အရပ်ဝေ’နေကြတဲ့သူတွေ။ ကျနော်က အားလုံးရဲ့ကိုယ်စား ပြော တာပါ။ ကျနော်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို အစိုးရနဲ့ အတတ်နိုင်ဆုံး ကင်းအောင်လုပ်တယ်။ ဝင်လုပ်ရရင် လည်း ကြောက်လို့သာ လုပ်ရတာ မလုပ်ချင်ဘူး”ဟု ဦးကိုကိုထွေးက ပြောသည်။
စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းကမူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ဘဏ်လုပ်ငန်းရှင်များ၊ ခရိုနီများကိုသာ စကားပြောဆိုခွင့်ရခဲ့ပြီး အခြားလုပ်ငန်းရှင်များ ပြောရေး ဆိုခွင့်မရခဲ့ကြောင်း၊ အစိုးရက ခရိုနီများကို စည်းရုံးခြင်းဖြစ်ပြီး ခရိုနီများကလည်း ပူးပေါင်းဆောင်ရွက်မည်ဟု ပြောဆိုသည့်ပွဲဖြစ်ကြောင်း မီဒီယာများသို့ ပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အားလုံးပါဝင်ရမည်ဖြစ်သော်လည်း ပါဝင်သင့်သူအားလုံး ပါဝင်သင့်သည့်နေရာမှ လူမှန်နေရာမှန်ဖြင့် ပါဝင်ရန် လိုအပ် ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများအတွက် နေရာမှန်ရှိကြောင်း၊ ထိုနေရာတွင် ဖြောင့်ဖြောင့်မတ်မတ် လုပ်ကိုင်ရန်သာလိုကြောင်းလည်း အကြံပြုသည်။
“စီးပွားရေးအောင်မြင်ဖို့ဆိုတာဟာ ယုံကြည်မှုဟာ အဓိကပါပဲဆိုတာ စီးပွားရေးလုပ်ငန်းရှင်ကြီး များသိပါတယ်။ ယုံကြည်မှုရှိဖို့ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ စီးပွားရေးလောကမှာ ဖြောင့်ဖြောင့်မတ်မတ် လုပ်တယ်ဆိုတာက ကမ္ဘာက သိဖို့လိုပါတယ်။ တိုတိုပြောရမယ်ဆိုရင် အဂတိလိုက်စားမှု ကင်းရှင်းဖို့လိုပါတယ်။ အဂတိလိုက်စားမှု ကင်းရှင်းဖို့ဆိုတာဟာ ကျွန်မတို့ ပြည်သူပြည်သား တယောက်ချင်း၊လုပ်ငန်းရှင်ကြီးများ တစ်ဦးချင်း၊ ကျွန်မတို့ရဲ့ အဖွဲ့ အစည်း တခုချင်း ပေါ်မှာ အများကြီး မူတည်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့ကြောင့် အဂတိ လိုက်စားမှုများနှင့် ပတ်သက်၍ ၎င်းကိုယ်တိုင် ဦးဆောင်နေသည့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ သို့သော် တိုင်ကြားရာတွင် ပစ်စာ မဖြစ်စေရန် နာမည်၊ မှတ်ပုံတင် နံပါတ် ပါဝင်ရန် လိုအပ်ပြီး တိုင်ကြားသူ ကာယကံဖြစ်သူကို လျှို့ဝှက်ပေးထားမည် ဖြစ်ကြောင်း၊ တိုင်ကြားမည့် အစီအစဉ်များကို သတင်းဖြန့်ချီပေးသွားမည်ဟု ရှင်းပြသည်။