မြန်မာ့ကမ်းရိုးတန်းဒေသများဆီသို့ ဦးတည်ရွှေ့လျားနေသည့် အနီရောင့်အဆင့်မုန်တိုင်းငယ်၏ အန္တရာယ်ကြောင့် လပွတ္တာမြို့အနီးနားရှိ ကျေးရွာများမှ ဒေသခံ ၁၀၀၀ ကျော်မှာ မြို့ပေါ်သို့ ယနေ့ရွှေ့ပြောင်းလာသည်။
“မုန်တိုင်းကိုကြောက်ပြီး လပွတ္တာမြို့ပေါ်ကို ရွာတွေက ပြောင်းလာတာ လူ ၁၀၀၀ ဝန်းကျင်ရှိတယ်။ တက်လာတဲ့ ရွာတွေကတော့ အနည်းဆုံး ၁၅ ရွာလောက်ရှိတယ်။ ကျန်တဲ့နေရာတွေကလည်း တက်လာနေကြတုန်းပဲ။ ရေလမ်းကနေ မော်တော်နဲ့ လာတာရှိသလို တချို့ရွာတွေကလည်း လမ်းလျှောက်ပြီး မြို့ပေါ်ကို တက်လာကြ တယ်ဆိုလို့ မီးသတ်ကားနဲ့ သွားခေါ်ပေးနေတယ်”ဟု လပွတ္တာမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးကျော်မိုးမြင့်က ဧရာဝတီကို ပြောသည်။
၎င်းတို့ကို ဒေသအုပ်ချုပ်ရေး တာဝန်ရှိ သူများက မြို့ပေါ်ရှိ လေးမျက်နှာကျောင်း၊ ကျိုက်ထီးရိုးကျောင်းနှင့် ကိုးနဝင်းကျောင်းတို့တွင် ယာယီကယ် ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ လက်ခံစောင့်ရှောက်ပေးထားကြောင်း သိရသည်။
“အဓိကကတော့ မုန်တိုင်းဒီရေက ၇ ပေလောက် မြင့်တက်နိုင်တယ်လို့ မိုးလေဝသဌာနက ကြေညာထားတော့ စိုးရိမ်ပြီး မြို့ပေါ်တက်လာကြတာဖြစ်နိုင်ပါတယ်။ ကျနော်တို့ဌာနအနေနဲ့ မုန်တိုင်းက အနီရောင်အဆင့်ဖြစ် သွားတဲ့အကြောင်း၊ နေအိမ်တွေ မခိုင်ခန့်ရင် ကြိုတင်ရွှေ့ပြောင်းထားကြဖို့ နီးစပ်ရာ မုန်တိုင်းဒဏ်ခံ အဆောက် အအုံ(Cyclone Shelter)တွေဆီကို အချိန်မီအရောက်သွားကြဖို့ဆိုတာမျိုးတွေ မြို့နယ်ထဲမှာလိုက်ပြီး ကြေညာထားပါတယ်။ အခု လတ်တလော မြို့ပေါ်တက်လာတဲ့ဒေသခံတွေ နေရေးစားရေး အဆင်ပြေဖို့လည်း တာဝန်ရှိသူတွေ ပူးပေါင်းပြီးလုပ်ဆောင်နေပါတယ်”ဟု လပွတ္တာမြို့ မီးသတ်ဌာနဦးစီးမှူး ဦးကျော်မိုးမြင့် ပြောသည်။
မုန်တိုင်းဗဟိုချက် ရောက်မည်ဟု ခန့်မှန်းထားသည့် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့တွင်လည်း ဒေသခံ တချို့မှာ ပုသိမ်မြို့သို့ ခေတ္တပြောင်းရွှေ့နေထိုင်သူများရှိသလို မြို့ပေါ်ရှိ မြေနိမ့်ပိုင်း၊ ကမ်းနားလမ်းဘက်ပိုင်းမှ ဒေသခံများမှာလည်း ကုန်းမြင့်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်မှုများ ရှိနေကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်မှာ အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ မြောက်-အနောက်မြောက်ဘက် ၈၅ မိုင်ခန့်၊ ဟိုင်းကြီး ကျွန်းမြို့၏ အနောက်တောင်ဘက် ၈၅ မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် ၁၂၅ မိုင်ခန့်သို့ ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။
အဆိုပါမုန်တိုင်းငယ်သည် နောက် ၁၂ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး၊ ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံကမ်းရိုးတန်း(မြစ်ဝကျွန်းပေါ်ဒေသ)အနီးသို့ ရောက်ရှိမည်ဖြစ်ရာ၊ ရောက်ရှိစဉ် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တောင်ပိုင်း တို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင်မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။
ထို့ပြင် မုန်တိုင်းအရှိန်ကြောင့် မုန်တိုင်းဒီရေမြင့်တက်နိုင်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲခရိုင်တို့တွင် ၇ ပေမှ ၁၀ ပေခန့်အထိ မြင့်တက်နိုင်ကြောင်း မိုးလေဝသဌာနက ဆိုသည်။
မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင် ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေး၊ ပြည်တွင်းရေကြောင်းသွားလာရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရန် နေပြည်တော် မိုးဇလဌာနက တိုက်တွန်းနှိုးဆော်ထားသည်။
လပွတ္တာမြို့နယ်မှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်အချိန်က လူပေါင်းသောင်းနဲ့ချီ သေကြေ ပျောက် ဆုံးခဲ့ပြီး နေအိမ်အဆောက်အဦး၊ စီးပွားရေးလုပ်ငန်းများ ဆိုးဝါးစွာ ပျက်စီးဆုံးရှုံးခဲ့သည့် မြို့နယ် တခုဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန် – ဟိုင်းကြီးကျွန်းမြို့ခံများ မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်