သတင်း

မုန်တိုင်းလမ်းကြောင်းပြောင်းဟုဆိုသော်လည်း အန္တရာယ်ရှိနေဆဲ

မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်နေသည့် မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ပိုပြီးလမ်းကြောင်းပြောင်းသွားသည် ဆိုသော် လည်း အန္တရာယ်ရှိနေသေးသည့် အတွက် အနီရောင်အဆင့် သတ်မှတ်ချက် မပြောင်းလဲဘဲ ဆက်လက်စောင့်ကြည့် နေဆဲ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှူး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟန်ရွှေက ပြောသည်။

“အစက ဧရာဝတီမြစ်ဝကျွန်းပေါ်အနီးပိုင်းကို ရောက်ပြီး မြောက်ဘက်ကို ပြန်ကွေ့မယ်။ အခု ကျမတို့ ခန့်မှန်းချက် အတိုင်းပဲ မြောက်- အနောက်မြောက်ကို ပြန်ကွေ့တယ်။ဒါပေမယ့် ရခိုင်တောင်ပိုင်းနဲ့ မြစ်ဝကျွန်းဒေသတွေနဲ့ နီးနေတဲ့ အတွက်ကြောင့် ရယ်၊ နောက်ပြီး မုန်တိုင်းရဲ့ ညာဘက်ခြမ်းမှာ ကျမတို့က ရှိနေပြီး၊ မုန်တိုင်းအဝန်းအဝိုင်းက ကျမတို့ ဧရိယာတွေနဲ့ ထိနေတဲ့ အတွက်ကြောင့် မိုးရွာတာတို့၊ လေပြင်းတိုက်တာတို့ ရှိနိုင်သေးတယ်။ ဒါကြောင့် အနီရောင် အဆင့် သတ်မှတ်ချက် မပြောင်း သေးတာပါ” ဟု မိုးဇလ ဦးစီးအရာရှိ ဒေါ်ဟန်ရွှေက ဆိုသည်။

မုန်တိုင်းသည် မြောက်ဘက်သို့ ရွေ့လျားနေပြီး ရခိုင်တောင်ပိုင်းနှင်နီးသည့်အတွက် ရခိုင်ပြည်နယ်ဘက်ကို ပိုမိုစောင့်ကြည့် မှု ပြုလုပ်နေကြောင်း ဆက်ပြောသည်။

ယနေ့နံနက် ၁၁နာရီ တိုင်းထွာချက်အရ အားကောင်းသော မုန်တိုင်းငယ်၏ အမြင့်ဆုံး လေတိုက်နှုန်းမှာ တနာရီလျှင် မိုင် ၄၀ ခန့် တိုက်ခတ်နေပြီး ၎င်း၏ ဦးတည်ချက်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ မြောက် – အနောက်မြောက်ဘက် (၁၃၅) မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက် – အနောက်မြောက် ဘက် မိုင်(၇၀)ခန့်၊ ပုသိမ်မြို့၏ အနောက် – အနောက်တောင် ဘက် မိုင်(၉၀)ခန့်၊ ဂွမြို့၏ အနောက်တောင်ဘက် (၁၀၅)မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက် – အနောက်တောင်ဘက် (၁၇၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု မိုးဇလ၏ ၁၀ နာရီခွဲ တိုင်းထွာချက်များအရ သိရကြောင်း ထုတ်ပြန်ထား သည်။

တနာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည့်အတွက် မုန်တိုင်းဒဏ်ကို ကြိုတင်ကာကွယ်နိုင်ရန် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အထူးသတိပေးချက်များ ထုတ်ပြန်ထားပြီး ကြိုတင်ပြောင်းရွှေ့မှု လုပ်ငန်းများလည်း လုပ်ဆောင်နေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ထွေးကြည်က ပြောသည်။

“ဧရာဝတီတိုင်းကို အဓိက သတိပေးချက် ထုတ်ပြန်ထားတယ်။ ရခိုင်ပြည်နယ်မှာလဲ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးရုံးတွေနဲ့ ပူးပေါင်းပြီး ကြိုတင်သတိပေးချက်တွေ လုပ်ဆောင်နေပါတယ်။ ရန်ကုန်မှာ လည်းထိခိုက်နိုင်တဲ့အတွက် အသင့်အနေအထား ဖြစ်ဖို့ ပြင်ဆင်ထားတယ်။ သဘာ၀ ဘေးအန္တရာယ် ကြုံတွေ့တဲ့ ဘယ်နေရာက မဆို၂၄ နာရီလုံး ခေါ်လို့ရအောင် အရေး ပေါ် ဖုန်းနံပါတ်တွေ ပေးထားတယ်။ call center တွေ ဖွင့်ထားတယ်။ အချိန်မရွေး ကယ်ဆယ်မှုတွေ လုပ်နိုင်အောင် ဆောင်ရွက် နေပါတယ်” ဟု ဒေါ်ထွေးကြည်က ဆိုသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ကြသည့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဒေသမှ လူများအတွက် လက်ရှိ အားကောင်းသော မုန်တိုင်းငယ်သည် မြစ်ဝကျွန်းပေါ်ဒေသသို့ ဦးတည်နေကြောင်း ကြားသိကတည်းက ကြိုတင်ပြောင်းရွေ့မှုများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လူကယ်/ပြန် ဌာနမှ သိရသည်။

“ ဖျာပုံဘက်မှာဆို ဓားမင်းဆိပ် ကျေးရွာတို့နဲ့ အနီးအနားက ကျေးရွာတချို့က လူတွေ ပြောင်းရွှေ့ထားကြပြီ၊ ဒီနေ့လည်း ဆက်လက်ပြောင်းရွေ့နေကြတယ်။ လပွတ္တာမှာ အမှတ်ငါးရပ်ကွက်က လေးထပ်ဘုန်းကြီးကျောင်းမှာ လူ ငါးရာလောက် ပြောင်းရွေ့ထားပြီးပြီလို့ သိရတယ်။ နောက်ပြီး ပုသိမ်က ပြင်ခရိုင်တို့ ချောင်းဝတို့မှာလဲ မုန်တိုင်းဦးတည်နေတယ်လို့ ကြားကတည်းက ပြောင်းနေကြပြီ။ ဟိုင်းကြီးကျွန်းကလူတွေကိုလဲ မြို့နယ် အုပ်ချုပ်ရေးမှူးစတဲ့သူတွေကနေ ပြောင်း ရွေ့တာတွေ လုပ်နေကြတယ်” ဟု လူကယ်/ပြန် တိုင်းဦးစီးဌာန ဦးစီးမှူးဦးဟန်လင်းထွဋ်က ဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် လူကယ်/ပြန် ဌာန အနေနှင့်လည်း ခရိုင် လူကယ်/ပြန်ရုံးများ၊ မြို့နယ်အထွေထွေ အုပ်ချုပ် ရေးမှူးရုံးများကို မုန်တိုင်းနှင့် ပတ်သက်သည့် သတိပေးထုတ်ပြန်ချက် ပြောင်းလဲမှုများကို အချိန်နှင့် တပြေးညီ အသိပေး ဆက်သွယ်လုပ်ဆောင်နေကြောင်း ရခိုင်ပြည်နယ် လူကယ်/ပြန်ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောကြားခဲ့သည်။

မုန်တိုင်းကြောင့် အမြင့်ဆုံး ဒီရေမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲခရိုင်တို့တွင် (၂)ပေမှ (၅)ပေခန့်အထိ မြင့်တက်နိုင်ပြီး မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ နေရာအနှံ့တွင် ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ မိုးရွာနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။

Loading