သရုပ်ဆောင် မော်ဒယ်လ် ဘုဏ်းသိုက်ရေးသားတဲ့ “လူငယ်နှင့်အိပ်မက် နိုင်ငံတော်” အမည်ရှိ ကဗျာ အက်ဆေးနဲ့ ဝတ္ထုတိုများ စာအုပ်ကို လာမယ့် အောက်တိုဘာ ၂၂ ရက်နေ့မှာ ထုတ်ဝေ ဖြန့်ချိတော့မယ်လို့ သိရပါတယ်။
ဒီ “လူငယ်နှင့်အိပ်မက် နိုင်ငံတော်” ကဗျာ အက်ဆေးနဲ့ ဝတ္တုတိုများ စာအုပ်ထဲမှာ ပါဝင်တဲ့ စာပေ၊ ကဗျာများဟာ ဘုဏ်းသိုက်အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ခန့်လောက်ကတည်းက စတင်ရေးသားခဲ့တဲ့ စာစု၊ ကဗျာများဖြစ်ပြီး မဂ္ဂဇင်း တွေမှာလည်း ဖော်ပြဖူးတဲ့ ကဗျာ၊ ဝတ္ထုများလည်း ပြန်လည်ပါဝင်တယ်လို့ သိရပါတယ်။
ဒီစာအုပ်ကို ရေးသားထားတဲ့ ကလောင်ရှင် ဘုဏ်းသိုက်က စာအုပ်ထုတ်ဝေဖြစ်တာနဲ့ ပတ်သက်ပြီး “ကျနော် စာလည်းရေးတယ်။ မင်းသား၊ မော်ဒယ်လ်လည်းလုပ်တယ်။ အစုံသုပ်ဖြစ်နေတယ်ဆိုတာက တခုခုကို ပိုကောင်းနိုးနိုး ဆိုတဲ့စိတ် ဒီဟာထက် ပိုအောင်မြင်လာမလား ဆိုတဲ့စိတ်နဲ့ တနယ်ပြီး တနယ် ကျနော် ရွေးနေတာမျိုးတော့လည်း မဟုတ်ပါဘူး။ အဓိက ကျနော် အချစ်ဆုံးက ရုပ်ရှင်ပါ။ ကော်ပီမပါဘဲ မြန်မာရိုးရာ စစ်စစ်တွေနဲ့ လူငယ်တွေပါတဲ့ ကားမျိုးတွေ ဖန်တီးချင်တာပါ” လို့ သူက ဆိုပါတယ်။
ဆက်လက်ပြီး ဘုဏ်းသိုက်က “ ဒါပေမယ့် တခါတလေ Mainstream က ရှိနေပြီးသားသူတွေက လူငယ်တွေ ဘယ်လောက်ပဲ အရည်အချင်း ရှိနေတယ်လို့ သတ်မှတ်သတ်မှတ်၊ သူတို့ရင်ထဲမှာ ရှိနေပေမယ့် လက်တွဲခေါ်တာမျိုးတို့၊ ခေါ်ထုတ်တာတို့က တော်တော်လေး ရှားပါတယ်။ ကျနော် ဒါရိုက်တာလုပ်ပြီး Micro Flim ဆုနဲ့ ဝဿန်ရုပ်ရှင်က ဆုတွေရခဲ့တယ်။ အဲ့ဒီမှာ လက်တွဲလုပ်ကြရအောင်လို့ ပြောကြပေမယ့် ဘယ်သူမှ ထဲထဲဝင်ဝင် လက်တွဲပြီး ခေါ်ခဲ့တာမရှိပါဘူး။ ကျနော်က ဒီအတိုင်းပဲ နေတတ်တော့ ပါးစပ်ကနေလည်းမပြောဘူး။ အနုပညာရပ်ဝန်းက ဥယျာဉ်တခုဆိုရင် ပန်းအသစ် အသစ်တွေ ထပ်ပွင့်ရမယ်။ ဒါပေမယ့် ဘာဖြစ်လို့ ဒီပန်းတွေပဲ ပွင့်နေပြီး အသစ်သစ်တွေကို ဘာလို့ ထပ်ပြီးပေး မပွင့်ကြတော့လဲပေါ့ ဆိုပြီးတွေးတယ်” လို့ ဆိုပါတယ်။
ဒီစာအုပ်မှာ ရေးသားထားတဲ့ ကဗျာ အက်ဆေးနဲ့ ဝတ္တုတို အကြောင်းအရာတွေကတော့ လူငယ်တွေအနေနဲ့ အခက်အခဲအတားအဆီးတွေ ရှိတဲ့အခါ သူတို့ ဖြစ်ချင်တဲ့အရာတွေကို ဘယ်လို အကောင်အထည်ဖော်ကြမလဲ ဆိုတာကို ေ၀ဝါးနေတတ်ကြပါတယ်။ အဓိက လူငယ်တယောက်ရဲ့ခံစားချက်တွေ ဘယ်ကို ဦးတည်သွားမလဲ အစရှိတဲ့ ခံစားချက်များကို ဖော်ထုတ်ရေးသားထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“ဒီ ခံစားချက်တွေကို ဘယ်သူကိုမှမပြောဘဲ ကျနော်ရဲ့စာအုပ်လေးထဲမှာပဲ ရှိလာတယ်။ တခါတလေ ဖေ့စ်ဘုတ်မှာ စတေးတပ်တင်တယ်။ ကျနော့် ပရိသတ်အစစ်တွေကတော့ တိုက်ရိုက် ဖတ်ရတယ်။ လူငယ်တွေထဲမှာ ကျနော့်လိုပဲ ခံစားချက်တွေတူပြီး လက်တွဲ အခေါ်မခံရတဲ့ လူငယ်တွေက ကျနော့်စာတွေကို သဘောကျတယ်။ ကြိုက်ကြတယ်။ သူတို့က ဒီစာလေးတွေကို တစုတစည်းတည်းနဲ့ ဖတ်ချင်ကြတယ်။ စာအုပ်လေးထုတ်ပါ ဆိုပြီး ၂ နှစ်လောက်ရှိပြီ ပြောနေကြတယ်။ ကျနော်ကိုယ်တိုင်လည်း စာရေးဆရာအလုပ်ကို ကြိုက်ပါတယ်။ ဒါပေမယ့် အသက်အရွယ် တော်တော်ကြီးမှ စာရေးဆရာလုပ်မယ်။ စာအုပ်ထုတ်မယ်လို့ တွေးထားပေမယ့် အဲ့ဒီ အရွယ်အထိ မစောင့်နိုင်တော့လို့ ထုတ်ဖြစ်တာပါ။ကျနော်တကယ်လုပ်ချင်တာ ရုပ်ရှင် အနုပညာပါ။ အဲ့ဒါကို လုပ်ခွင့်မရသေးခင်အချိန်မှာ ဒီအတိုင်း ငုတ်တုတ်ကြီးလည်း ထိုင်မနေချင်ဘူးလေ ” လို့ ဘုဏ်းသိုက်က ပြောဆိုပါတယ်။
သရုပ်ဆောင် မော်ဒယ်လ်လည်းဖြစ် ဒီ “လူငယ်နှင့်အိပ်မက် နိုင်ငံတော်” ကဗျာ အက်ဆေးနဲ့ ဝတ္ထုတိုများ စာအုပ်ရဲ့ ကလောင်ရှင် ဘုဏ်းသိုက်ဟာ အဆိုတော် ချမ်းချမ်းရဲ့ အမျိုးသား လည်းဖြစ်ပြီး ဒါရိုက်တာအဖြစ်နဲ့လည်း အနုပညာလောကမှာ ရပ်တည်နေသူတဦး ဖြစ်ပါတယ်။
“လူငယ်နှင့်အိပ်မက် နိုင်ငံတော်” စာအုပ်ကို စိတ်ကူးချိုချို စာအုပ်တိုက်က ထုတ်ဝေတာဖြစ်ပြီး ရောင်းဈေးနှုန်းကတော့ ၂၇၀၀ ကျပ်ပဲ ဖြစ်ပါတယ်။