သတင်း

သီပေါမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံ ၁၀၀၀ နီးပါး တိမ်းရှောင်နေရ

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် တပ်မတော်တို့ ယမန်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွား၍ ဒေသခံ ၁၀၀၀ နီးပါး တိမ်းရှောင် နေရကြောင်း သတင်း ရရှိသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာသည် သီပေါမြို့နယ် နားလော့ကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့ကြောင်း၊ SSPP/SSA တပ်မှ မူးယစ် ဆေးဝါး ဖမ်းဆီးမှု ပြုလုပ်သည့် နေရာကို တပ်မတော်က လာရောက်သဖြင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း SSPP/SSA မှ ဗိုုလ်ကြီး စိုင်းဘုန်းဟန် က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့က မူးယစ်ဆေးဝါးတွေ လိုက်ဖမ်းနေတဲ့နေရာ နားလော့ ရွာကို တပ်က လာပြီး တိုက်တာပါ။ တိုက်ပွဲက ငြိမ် တယ် လို့ ပြောလို့ မရသေးဘူး စစ်ကြောင်းက ရှိနေသေးတယ်။ ကျနော်တို့ကတော့ စစ်ကို ရှောင်နိုင်သလောက် ရှောင်ပါ တယ်”ဟု စိုင်းဘုန်းဟန် က ဆိုသည်။

လက်ရှိ ပွင့်လင်းရာသီတွင် စစ်ဆင်ရေးများ ဖြစ်လာနိုင်သည်ဟုလည်း စိုင်းဘုန်းဟန်က ဆက်ပြောသည်။

ယမန်နေ့ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များသည် သီပေါမြို့နယ် မိုင်းခေး ကျေးရွာ ဘုန်းကြီးကျောင်းတွင် ၅၀၀ ကျော်၊ နားအွမ် ကျေးရွာ ဘုန်းကြီးကျောင်းတွင် ၂၅၇ ဦးနှင့် နားမခေါ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ၁၂၀ နှင့် တချို့ စစ်ဘေး ရှောင်များ နီးစပ်ရာ ဆွေမျိုးအိမ်များတွင် နားခိုနေကြကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် စိုင်းဆမ်လှိုင် က ဧရာဝတီသို့ ပြောသည်။

“ဒီနေ့အထိ စစ်ဘေးရှောင်တွေ ထပ်ထွက်လာတာ ရှိတယ်။ စားဝတ်နေရေးကတော့ မိုင်းခေးမှာ အသွင်ပြောင်း ပြည်သူ့စစ် တွေ့ရှိတော့ သိပ်ပူစရာမလိုပါဘူး။ နားမခေါ်နဲ့ နားအွမ်မှာတော့ ကျေးရွာလူကြီးတွေ၊ ကျေးရွာ ဒေသခံတွေ အလှည့်ကျ ဖြေ ရှင်း နေကြပါတယ်။ တိုက်ပွဲကတော့ အသံမကြားရတော့ဘူး။ ဒါပေမယ့် စိုးရိမ်မှုတွေတော့ ရှိနေသေးတယ်”ဟု စိုင်းဆမ်လှိုင် က ပြောဆိုသည်။

ထွက်ပြေးလာသည့် စစ်ဘေးရှောင် အများစုသည် သက်ကြီး ရွယ်အိုများ၊ အမျိုးသမီးများ နှင့် ကလေးငယ်များ ဖြစ်ကြောင်း လည်း စိုင်းဆမ်လှိုင်က ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး သီပေါမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းသန့်ဇင်က “ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် အနေအထားနဲ့ ဒီလို ဖြစ်ပေါ် နေတာကတော့ မကောင်းဘူး။ ဘယ်လို နားလည်မှုလွှဲပြီး အချိတ်အဆက် မမိကြလဲ ဆိုတာ မသိဘူး။ ဆိုင်ရာဆိုင်ရာ လက်နက်ကိုင် အဖွဲ့နဲ့ တပ်မတော်နဲ့ တွေ့ဆုံမှုလေးတွေ ပွင့်လင်းမှု မရှိသမျှ တော့ ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက်တော့ စိုးရိမ်စရာပါပဲ”ဟု ဧရာဝတီသို့ ပြောဆိုသည်။

ခေါင်းဆောင်ပိုင်း အချင်းချင်း ငြိမ်းချမ်းရေးဆွေးနွေးမှု တွေ့ဆုံဆွေးနွေးစဉ် အောက်ခြေတပ်များ က ထိတွေ့မှု တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပါက လက်ရှိ သွားနေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိခိုက်နိုင်သည်ဟုလည်း စိုင်းသန့်ဇင်က ပြောသည်။

ထိုတိုက်ပွဲနှင့် ပတ်သက်ပြီး တပ်မတော်၏ သတင်းနှင့် ပြန်ကြားရေး တာဝန် ရှိသူကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ် ၍ မရရှိခဲ့ပေ။

SSPP/SSA နှင့် တပ်မတော်သည် ယခုနှစ် မေလအတွင်းကလည်း သီပေါမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး SSPP/SSA အဖွဲ့သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ ဖြစ်သည်။

Loading