ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ဒေသ အတွင်း ‘ဝ’ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)က ဝင်ရောက် နေရာယူထားသည့် တပ်အင်အားများကို နောက် ဆုတ် ပေးရေး အစိုးရက ညှိနှိုင်းရန် ကြိုးစားသော်လည်း အဆင်မပြေသေးကြောင်း သတင်း ရရှိသည်။
NDAA ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က “မိုင်းလားကို လာပြီး စုံစမ်းပြီး ဖြေရှင်းမယ်လို့ ဒေါက်တာ တင်မျိုးဝင်းတို့( အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် ) က ကြိုးစားတယ်။ ဝ က လက်မခံဘူးလို့ သူတို့ကို စာပြန်တာ။ ဒေါက်တာ တင်မျိုး ဝင်း ကလည်း စာပြန်တယ်။ တပြည်လုံး ငြိမ်းချမ်းရေး လုပ်တဲ့ အချိန်မှာ ဒီလို ဖြစ်တယ်ဆိုတာ မကောင်းဘူး။ သူတို့ စိတ်မကောင်းဘူးပေါ့”ဟု ဧရာဝတီကို ပြောသည်။
မိုင်းလားအနေဖြင့် ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကော်မရှင် လာရောက်မည်ကို ကြိုဆိုသော် လည်း ဝ က မလာနှင့်ဟု ပြောဆိုကြောင်း၊ ဝ ၏ လုပ်ရပ်များ မှားယွင်းကြောင်း၊ ၎င်းတို့ နယ်မြေအတွင်း ဝင်ရောက် နေရာ ယူထားသည့် ဝ တပ်ဖွဲ့အင်အား တထောင်ကျော် ရှိကြောင်း ဦးကြည်မြင့် က ပြောပြသည်။
UWSA တပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ အတွင်းမှစ၍ NDAA ၏ လုံခြုံရေး တပ်စခန်းတချို့တွင် အစားထိုး နေရာ ဝင်ယူထားခြင်း ဖြစ်သည်။
ဝ တပ်ဖွဲ့ဝင်များ နေရာဝင်ယူထားသည့် နေရာများမှာ မိုင်းလား ထိန်းချုပ် ဒေသနှင့် အစိုးရ ထိန်းချုပ်ဒေသ ကြားတွင် ဖြစ်သဖြင့် အစားထိုး ဝင်ရောက် နေရာယူထားသည့် ဝ တပ်ဖွဲ့များနှင့် တပ်မတော် ကြားလည်း စစ်ရေး အခြေအနေ တင်းမာ နေကြောင်း စုံစမ်း သိရှိရသည်။
ထို့ပြင် ရှမ်းပြည်နယ် အရှေ့ပိုင်း တြိဂံတိုင်း စစ်ဌာနချုပ်က အောက်တိုဘာလ ၂၄ ရက် နောက်ဆုံးထား၍ UWSA တပ်ဖွဲ့ များကို ဆုတ်ခွာပေးရန် ပြောဆိုထားသည်ဟုလည်း သိရသည်။
သျှမ်းသံတော်ဆင့် သတင်းဌာနကို မိုင်းလားနယ်မြေအတွင်း ရောက်နေသည့် UWSA တပ်မှူး လော်ဆိုင်းနပ် က ၎င်းတို့ သည် ၂၀၀၉ ခုနှစ်ကတည်းက နယ်မြေလုံခြုံရေးအရ မိုင်းလားနယ်မြေအတွင်း ရှိနေခြင်း ဖြစ်ကြောင်း၊ အထက်အမိန့် မရလျှင် ပြန်၍ မရကြောင်း ဖြေဆိုထားသည်။
ဦးကြည်မြင့်က “သူတို့ အားလုံး ပြန်ဆုတ်သွားပါ ။ ကျနော်တို့ကလည်း ငြိမ်းချမ်း သာယာတဲ့ ဒေသမှာ၊ ပြည်သူလူထု က ပျော်ပျော်ရွှင်ရွှင်နေတဲ့ နေရာမှာ အခုလို စစ်ဆင်မှုတွေ အမြောက်သံတွေ သေနတ်သံတွေ ကြားတာမကောင်းဘူး။ ပြည်သူလူထုက အေးအေးဆေးဆေး နေနေတာလေ။ ကျနော်တို့က အဲ့ဒါပဲ ဖြစ်စေချင်တာ”ဟုလည်း ပြောသည်။
ဧရာဝတီက အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်ကို ဆက်သွယ်ခဲ့သော်လည်း သီးခြားမှတ်ချက် မရရှိခဲ့ပါ။
ကျိုင်းတုံမြို့နှင့် မိုင်းလားမြို့ရှိ ဒေသခံများထံမှ ဧရာဝတီက စုံစမ်းမေးမြန်းချက်အရ တပ်မတော်၏ လေယာဉ်များ မိုင်းလားမြို့ပေါ်တွင် လှည့်ပတ် ပျံသန်းနေသည်မှာ ၂ ရက်ရှိပြီ ဖြစ်ကြောင်း၊ ကျိုင်းတုံမြို့မှ မိုင်းလား မြို့သို့ လာသည့် နေရာတွင် လုံခြုံရေးဂိတ်ဖြစ်သည့် တာပင်းဂိတ်ကိုလည်း အောက်တိုဘာလ ၂၃ ရက်က ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ဦးကြည်မြင့်ကလည်း တာပင်းဂိတ် ပိတ်ထားသည်မှာ မှန်ကန်ကြောင်း၊ အရပ်သားများ သွားလာရ ခက်ခဲနေသည်ကို ကြားသိရကြောင်း ဧရာဝတီကို ပြောသည်။
ဖြစ်စဉ်များနှင့် ပတ်သက်၍ UWSA ကို ဧရာဝတီ က ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ဝ၊ မိုင်းလားတို့နှင့် နီးစပ်သည့် တိုင်းရင်းသား နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးက ယခုပြဿနာကို ပြေလည်အောင် ဖြေရှင်းရန် လိုအပ်ပြီး စစ်ရေးအခြေအနေ ကျယ်ပြန့် မသွားအောင် ထိန်းနိုင်ရန် လိုသည်ဟု ဧရာဝတီ ကို ပြောဆိုသည်။
ဦးမောင်မောင်စိုးက “စစ်မျက်နှာတွေချည်းပဲ ဝနဲ့ ဆိုင်ထားတဲ့ နေရာတွေချည်းပဲ။ တခြားတပ်ဖွဲ့တွေ မပါဘူး။ ချင်းရွှေဟော် ဘေးမှာ နတ်တချောင်း ရှိတယ်။ အဲ့ဒီမှာ ဝ တပ်ရှိတယ်။ ချင်းရွှေဟော် ဟိုဘက်ကမ်း မှာ ဝ တပ်ကို ဒီတိုင်း မျက်စိနဲ့ လှမ်းမြင်ရတယ်။ နောက် ဟိုပန် ၊ တန့်ယန်း ၊ သံလွင်တံတားကျော်ရင် မက်မန်းဆိုင် ကျော်တာနဲ့ အစိုးရတပ် နဲ့ ဝ တပ်ဆိုင်ထားတာပဲ”ဟု ပြောသည်။
တပ်မတော်နှင့် UWSA အကြား မပြေလည် ဖြစ်လာပါက တိုက်ပွဲဖြစ်နိုင်သည့် စစ်မျက်နှာ ၄ ခုရှိကြောင်း၊ထို လေးခုမှ တာပင်း-လွယ်ကျူဆိုင်း- လွယ်ဆမ်ဆုံ ။ ဟိုပန်- ပန်လုံ- ချင်းရွှေဟော် ။ မက်မန်းဆိုင်- မော်ဖါ- တန့်ယန်း ။ မိုင်းဆတ် ခရိုင်၊ လွယ်လန်းဒေသ (ဝ တပ်ဖွဲ့ ၁၇၁ စစ်ဒေသ) စသည်တို့ဖြစ်ကြောင်း ထိုနေရာများသည် အခြား တိုင်းရင်းသား မဟာမိတ် အဖွဲ့များ မရှိဘဲ UWSA တပ်ဖွဲ့များ သက်သက်သာရှိပြီး တပ်မတော်နှင့် မျက်နှာချင်းဆိုင် အနေအထားတွင် ရှိနေကြောင်းလည်း ဦးမောင်မောင်စိုးက ရှင်းပြသည်။
ဝ နှင့် မိုင်းလားအဖွဲ့တို့သည် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေဆဲလည်း ဖြစ် သည်။
သို့သော် သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၄ ရက်ထိ နေပြည်တော်၌ ကျင်းပခဲ့သည့် ၂၁ရာစု ပင်လုံ – ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပထမအကြိမ် အစည်းအဝေးတွင် အစိုးရက ဝ နှင့် မိုင်းလားကို တိုင်းရင်းသား ကိုယ်စားလှယ် ကတ်ပြား ထုတ်မပေးဘဲ လေ့လာသူ ကတ်ပြားများ မှားယွင်း ပေးခဲ့သဖြင့် ဝ ကိုယ်စားလှယ်များက ၎င်းတို့ကို ခွဲခြားဆက်ဆံသည်ဟု ဆိုကာ အစည်းအဝေး ဒုတိယရက်တွင် နေရပ်သို့ ပြန်သွား ကြသည်။
ထိုကိစ္စအပေါ်တွင် ဝကိုယ်စားလှယ်များကို အစိုးရ နှင့် တိုင်းရင်းသား ကိုယ်စားလှယ်တချို့က ဖြေရှင်းရန်၊ တောင်းပန် ရန် လိုက်လံ ညှိနှိုင်းခဲ့သော်လည်း ဝ ကိုယ်စားလှယ်များက ဌာနချုပ်ကို ယခုကိစ္စ ပြောဆိုပြီး ဖြစ်ကြောင်း၊ ဌာနချုပ် က ပြန်လာရန် ခေါ်ခြင်း ဖြစ်ကြောင်း ပြောဆိုကာ ပြန်သွားခဲ့ခြင်း ဖြစ်သည်။
UWSA သည် ၎င်းတို့၏ နိုင်ငံရေးစာတမ်း တစောင်ကို အစိုးရထံသို့ ပေးခဲ့ပြီး ထိုစာတမ်းတွင် ၎င်းတို့ကို ကျိုင်းတုံ ဒေသ ကိုပါ ထည့်သွင်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ ပြည်နယ် အဆင့်သို့ တိုးမြှင့်ပေးရန်လည်း တောင်းဆိုထားသည်။
အောက်တိုဘာလ ၁၄ ရက်က နေပြည်တော်၌ လက်ရှိဖြစ်ပေါ်နေသော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်စပ်သည့် အထူးအစည်းအဝေး ဟူသည့် ခေါင်းစဉ်ဖြင့် သမ္မတ ဦးထင်ကျော် ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက သမ္မတ အိမ်တော်ရှိ ဧည့်ခန်းမ ဆောင်တွင် အစည်းအဝေး တရပ် ကျင်းပ ခဲ့သည်။
ထိုအစည်းအဝေးတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တိုက်ပွဲကိစ္စရပ်များ အပါအဝင် ‘ဝ’ နှင့် မိုင်းလား ဒေသတို့အတွင်း ဖြစ်ပေါ်ခဲ့သည့် ကိစ္စရပ်များကို ဆွေးနွေးကြောင်း သိရသည်။
သို့သော် အစိုးရ၏ ပြောရေးဆိုခွင့် ရှိသူများက နိုင်ငံတော်၏ လုံခြုံရေး ကိစ္စများဖြစ်သည်ဟု ဆိုကာ အသေးစိတ် ထုတ်ပြန် ပြေဆိုခဲ့ခြင်းမရှိပါ။
ဝ သည် ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့အနက် အင်အားအကြီးဆုံး အဖွဲ့တခုဖြစ်ပြီး သမ္မတ ဟောင်း ဦးသိန်းစိန် လက်ထက်တွင် စတင်ပြုလုပ်ခဲ့သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ကို ချုပ်ဆိုထားခြင်း မရှိပေ။
ယခင် စစ်အစိုးရနှင့် ဝ တို့ ၁၉၈၉ ခုနှစ် မေလ ၉ ရက်က အပစ်အခတ်ရပ်စဲရေးစာချုပ်ဟောင်း ချုပ်ဆိုထားသည်မှာ ၂၇ နှစ်ခန့်ရှိပြီဖြစ်ပြီး သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်တွင် ပြည်ထောင်စု အဆင့် ပဏာမ အပစ်ရပ်စာချုပ် ချုပ်ဆိုထားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ် အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်း၊ နားဖန် ၊ မက်မန်း၊ ပန်ဆန်း (ပန်ခမ်း) မြို့နယ်များကို ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း အဖြစ် အစိုးရက သတ်မှတ် ပေးထားသော်လည်း UWSA /UWSP က အစိုးရကို ၎င်းတို့အား ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အဆင့်မှ ပြည်နယ် အဆင့် တိုးမြှင့် သတ်မှတ်ပေး ရန် တောင်းဆိုထားကြောင်း သိရှိရသည်။
မိုင်းလားအဖွဲ့သည် ဝ အဖွဲ့နှင့် ညီနောင် မဟာမိတ် အဖွဲ့များဖြစ်ပြီး နီးကပ်သည့် ဆက်ဆံရေး ရှိခဲ့သူများ ဖြစ်သည်။
ဝ တပ်ဖွဲ့များ မိုင်းလားဒေသအတွင်းသို့ ဝင်ရောက် နေရာယူလိုက်ခြင်းနှင့် ပတ်သက်၍ UWSA ၏ လုပ်ရပ်သည် မှားယွင်းကြောင်း မိုင်းလားအဖွဲ့က ပြောသော်လည်း မည်သည့် အကြောင်းကြောင့် ထိုကဲ့သို့ လုပ်ကြောင်းကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိပါ။
မိုင်းလားအဖွဲ့သည်လည်း NCA စာချုပ် ချုပ်ဆိုထားခြင်းမရှိပါ။
၁၉၈၉ ခုနှစ် ဇွန်လ ၃၀ ရက်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုထားပြီး သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ပြည်ထောင်စု အဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ် ဆို ထားသည်။
NDAA သည် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလားမြို့၊ မိုင်းယန်းမြို့ရှိ ဆီလူးဒေသ နှင့် မိုင်းယောင်းမြို့ရှိ နမ့်ပန်း ဒေသတို့ကို အထူးဒေသ အဖြစ်သတ်မှတ်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားပြီး လက်ရှိ အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်ပါဝင်မည်ဟု ဧရာဝတီကို ပြောဆိုထားသည်။