အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရှမ်းပြည်နယ် ထိပ်ပိုင်းခေါင်းဆောင်တချို့ကိုရာထူးမှ ထုတ်ပယ်ခြင်း၊ ရာထူးချထား ခြင်းတို့ကိုဆောင်ရွက်ခဲ့သည့် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်ကို ပါတီအယူခံခုံရုံးက ယနေ့ နေ့လည်ပိုင်းတွင် နေပြည်တော် စည်ပင် ဧည့်ရိပ်သာအတွင်းရှိ ယူနီစန် စားသောက်ဆိုင်တွင် စတင်ကြားနာခဲ့ကြောင်း ခုံရုံးဥက္ကဌဦးကျော်ဟိုးက မီဒီယာများသို့ ပြောသည်။
NLD ပါတီ၏ ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင်တဦး ဖြစ်သူဦးဝင်းထိန်၏ ရှမ်းပြည်နယ် ခရီးစဉ်အတွင်းရှမ်းပြည်နယ် NLD ဥက္ကဌဒေါ်ခင်မိုးမိုး၊ ပါတီဝင် ဒေါ်မီးမီးနှင့် ဒေါ်ယူမီဇော်တို့ကိုရာထူးမှ ချထားခြင်း၊ တောင်ကြီးခရိုင် NLD ဥက္ကဌဦးတင်မောင်တိုးကို နှုတ်မိန့်ဖြင့် ထုတ်ပယ်ခြင်းတို့ ဆောင်ရွက်ခဲ့သဖြင့် ကာယကံရှင်များက ပါတီသို့ အယူခံတင်သွင်းရာ ယခုပါတီ၏ အယူခံခုံရုံးပေါ်ပေါက် လာပြီးနောက် ဦးဝင်းထိန်ကို စတင် ကြားနာစစ်ဆေးခြင်း ဖြစ်သည်။
အယူခံအဖွဲ့ခေါင်းဆောင် NLD ပါတီမှ တရားလွှတ်တော် ရှေ့နေဦးကျော်ဟိုးက“ဦးဝင်းထိန်ကိုစစစ်တာပေါ့။ ပြီးသွားတယ်။ ဒါပေမယ့် အပြန်အလှန်မေးခွန်းမေးတာမှာ မပြီးဘူး။ဦးဝင်းထိန်က အရေးကြီး အစည်းအဝေးရှိလို့ ပြန်သွားတယ်။ အဲဒါကြောင့် မနက်ဖြန် ၁ နာရီ ပြန်ချိန်းလိုက်တယ်။လောလောဆယ်က ဒါပါပဲ”ဟု မီဒီယာများသို့ ပြောသည်။
၂ ဖက်စလုံးတွင် ရှိသော အထောက်အထားများ၊ သက်သေများကို ခုံရုံးသို့ တင်ပြနိုင်ရန် အခွင့်အရေးပေးထားကြောင်း၊ ယခုကိစ္စကို ခုံရုံးတွင် အပြီးသတ် ဆုံးဖြတ်နိုင်သည့် အာဏာရှိသော်လည်း ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့(CEC)က အတည်ပြုပေးရမည် ဖြစ်ကြောင်း၊ ခုံရုံး၏ ဆုံးဖြတ်ချက်ကို CEC က ပြစ်ဒဏ်တိုးလျော့ လုပ်နိုင်ပြီး မကျေနပ်သူက နိုင်ငံလုံးဆိုင်ရာပါတီညီလာခံသို့ အယူခံတက်နိုင်ကြောင်း ဦးကျော်ဟိုးက ရှင်းပြသည်။
ဦးဝင်းထိန်ကမူ ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီကိုယ်စား အရေးယူခဲ့ခြင်းကို အရေးယူခံရသူများက အယူခံဝင်သဖြင့် ယခုကဲ့သို့ စစ်ဆေးခံရခြင်း ဖြစ်ပြီး စစ်ဆေးမှုတွင် ဥပဒေကြောင်းအရပြောဆိုမှုများမှာ “လေကြောရှည်”နေသောကြောင့် ယနေ့တွင် အပြီးမသတ်နိုင်သေးကြောင်း မီဒီယာများသို့ ပြောသည်။
“ကျနော်ပြောတာက ဒေါ်ခင်မိုးမိုးဟာ ပါတီအပေါ်မှာ သစ္စာမရှိဘူး။ ပါတီစည်းကမ်းဖောက်တယ်။ ပြည်နယ် ဥက္ကဌတာဝန်ယူထားပြီး ပြည်နယ် ဥက္ကဌတာဝန် မကျေဘူး။ အဲဒါကို သူကဥပဒေကြောင်းအရ လျှောက်မေးနေတော့ လေတွေ ရှည်ကုန်တာပေါ့”ဟု ဦးဝင်းထိန်ကပြောသည်။
ယနေ့ ဖြစ်စဉ်တွင် ဦးဝင်းထိန်၏ စွပ်စွဲချက်အားလုံးသည် တဆင့်ကြားများသာ ဖြစ်ပြီးတောင်ကြီးနှင့် ရှမ်းပြည်နယ်မှ လွှတ်တော် အမတ်များ၏ ပြောဆိုမှု စာရွက်စာတမ်းများကို သက်သေခံအဖြစ် တင်သွင်းခဲ့သည့်အပေါ် လက်မခံကြောင်း၊ ထို့ကြောင့် ခုံရုံးကလည်း လက်မခံဘဲ ၎င်းတို့အားလုံးကို ဆင့်ခေါ်ရန် ခုံရုံးက ဆုံးဖြတ်လိုက်ကြောင်း ဒေါ်ခင်မိုးမိုးကမီဒီယာများသို့ ပြောသည်။
ဒေါ်ခင်မိုးမိုးက “သက်သေမှာပါတဲ့သူတွေ ကိုယ်တိုင် ရုံးရှေ့မှာ လာပြီးတော့ ထွက်ဆိုတဲ့အချိန်ကျမှ ဒါကို လက်ခံပါမယ်။ အခု ကျမကန့်ကွက်တာကို ခုံရုံးက လက်ခံပါတယ်။ လောလောဆယ် သူ့သက်သေ ၆ ယောက် ရှိပါတယ်”ဟု ပြောသည်။
ရှမ်းပြည်နယ်မှ အမျိုးသားနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဦးစိုင်းဆန်ခပ်၊ ဦးဘုန်းမောင်၊ ဦးနေမျိုး၊ ဦးဇော်မင်းလတ်၊ ဒေါက်တာဒေါ်သန်းငွေနှင့် လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်ခဲ့သူ ဒေါ်စန်းစန်းမော်တို့ကို ဦးဝင်းထိန်ကသူ၏ သက်သေများအဖြစ် တင်သွင်းထားကြောင်း သိရသည်။
“အယူခံခုံရုံးက မျှတပါတယ်။ အတတ်နိုင်ဆုံးတော့ မျှတအောင် လုပ်ပေးပါတယ်။ မနက်ဖြန်ခါ ဦးဝင်းထိန်က ဆက်စစ်မယ်။ ဦးဝင်းထိန်က သူ့သက်သေတွေကို ဖုန်းဆက်ခေါ်နေတာ ကြားပါတယ်။ တကယ်လက်တွေ့ ရောက်မရောက်ကတော့ ကျမတို့လည်း မသိသေးပါဘူး”ဟု ဒေါ်ခင်မိုးမိုးကပြောသည်။
ဒေါ်ခင်မိုးမိုးက ဆက်၍ “ဒီနေ့က သူ(ဦးဝင်းထိန်) တယောက်ထဲကို စစ်တာပါ။ ကျမတို့က နားထောင်ပြီးတော့ အပြန်အလှန် မေးခွန်းမေးဖို့အတွက် ဝင်ထိုင်ရတာပါ။ စပြီးမေးတုန်းမှာပဲသူကလည်း စိတ်ကနည်းနည်းတိုတော့ မေးရတာ အဆင်မပြေဘူး။ ကျမက အထောက်အထားရှိလားမေးရင် အထောက်အထား မလိုဘူး။ ဒါက လုပ်လို့ရတယ် ဆိုပြီး ပြောသွားတော့ မေးရတာ အဆင်မပြေဘူး”ဟုလည်း ပြောသည်။
ယခုစစ်ဆေးမှုတွင် အမှု ၃ မှု ရှိရာ ဒေါ်ခင်မိုးမိုးတမှုတည်းကို စတင်စစ်ဆေးနေရခြင်း ဖြစ်သဖြင့် ခုံရုံးအနေဖြင့် ၁ လခန့် အချိန်ယူရမည် ဖြစ်ကြောင်း၊ အယူခံခုံရုံး၏ လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍လည်း တိတိကျကျ မပြောနိုင်သေးဘဲ အခြေအနေအားလုံးကို ကြည့်၍ သုံးသပ်နေရကြောင်း ခုံရုံးအဖွဲ့ ခေါင်းဆောင် ဦးကျော်ဟိုးက မီဒီယာများသို့ ပြောဆိုခဲ့သည်။