စစ်ဘေးဒဏ်ကြောင့် ပြည်တွင်းနေရပ် စွန့်ခွာသူများ (IDPs) ကို ပြန်လည်စိစစ်ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းမစိုက်ပျိုးသည့် နေရာများ၌ မြေနေရာပေးသွားရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောသည်။
တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က “ဆီအုန်းစိုက်ပြီးသား နေရာမှာတော့ မြေနေရာ ပြန်ပေးလို့ မရပါဘူး။ ဆီအုန်းပင် မစိုက်ထားတဲ့ စိုက်လည်း မစိုက်တော့တဲ့ နေရာတွေကို သူတို့ကို ပြန်ပေးလို့ရတယ်။ ဒီနေရာတွေကို ကျမတို့ ပြန်သိမ်းနေပါတယ်”ဟု ဧရာဝတီကို ပြောသည်။
တိုင်းဒေသကြီး အစိုးရက ဆီအုန်း ကုမ္ပဏီပိုင် မြေနေရာများကို ပြန်လည်သိမ်းယူရာတွင် လက်ရှိ ဆီအုန်းမစိုက်ပျိုးထား သည့် မြေနေရာများကို တိုင်းထွာမှု ပြုလုပ်နေကြောင်း၊ ပြန်လည် သိမ်းယူရမည့် မြေဧက ၃ သိန်း ကျော်ရှိကြောင်း ၎င်းက ဆက်သည်။
လတ်တလော၌ မူရင်းနေရပ်သို့ ပြန်လည်နေထိုင်မည့် IDPs ၂၀၀ နီးပါး ရှိသော်လည်း ၎င်းတို့က တိုင်းအစိုးရ ချထားပေး မည့် မြေနေရာတွင် နေထိုင်ရန် ငြင်းဆန်နေသောကြောင့် ထပ်မံညှိနှိူင်းရမည် ဖြစ်ကြောင်းနှင့် ဆီအုန်း စိုက်ပျိုးထားသည့် နေရာများတွင် ကျူးကျော်ဝင်ရောက် နေထိုင်သည်ဟု စွပ်စွဲခံရပြီး တရားစွဲဆိုခံနေရသည့် IDPs များ၏ အမှုကိုလည်း ရပ်ဆိုင်းထားကြောင်း ဒေါက်တာ လဲ့လဲ့မော် က ပြောဆိုသည်။
၂၀၁၆ ခုနှစ်အတွင်း၌ ဆီအုန်း စီမံကိန်းများအတွင်း ကျူးကျော်သည်ဟု ဆိုကာ ရွှေပဒုမ္မာ ဆီအုန်းထုတ်လုပ်မှု လုပ်ငန်း ကုမ္ပဏီက ထားဝယ်ခရိုင် အတွင်းရှိ ကျေးဇူးတော်ရွာသား ၄ ဦးကို ပိုင်နက်ကျူးလွန်မှုဖြင့် လည်းကောင်း၊ အေးရှားဝေါလ် ကုမ္ပဏီက မြိတ်မြို့နယ်အတွင်းရှိ ဘန်မဲ့နှင့် တုံးဗျော ကျေးရွာမှ ရွာသား ၂ ဦးကို ပိုက်နက်ကျူးလွန်မှု၊ အကျိုးစီးပွား ပျက်စီး စေမှုများဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
တရားစွဲဆိုခံရသူများကို လိုက်လံ ကူညီပေးနေသည့် ထားဝယ်အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းတခုဖြစ်သော တနင်္သာရီ မိတ်ဆွေအဖွဲ့မှ နော်ပီသလောက “လက်ရှိမှာ အမှု ၂ ခုစလုံး ရုံးချိန်းသွားနေရဆဲပါ။ အေရှားဝေါလ်က ရုံးချိန်း ၇ ချိန်း၊ ကျေးဇူးတော်က ရုံးချိန်း ၃ ချိန်း ရှိပြီ။ ပြန်ပေးမယ်လို့ တရားဝင်ကြားတာတော့ မရှိဘူး။ ရွာသားတွေဘက်က ယခင် ဘိုးဘွားပိုင် နေရာတွေမှာပဲ ပြန်နေချင်ကြတယ်။ နေရာသစ်ကျတော့ သူတို့နဲ့ သဟဇာတ မဖြစ်ဘူး။ စိုက်ပျိုးဖို့ အခက် အခဲ တွေ ဖြစ်တယ်။ ရွာသားတွေလည်း အများကြီးဆိုတော့ တာဝန်ရှိတဲ့သူတွေ စီစဉ်ပေးတဲ့အပေါ်မှာ အများကြီး ညှိနှိုင်းရဦး မယ် ထင်ပါတယ်” ဟု ပြောသည်။
မြေနေရာ ပြန်လည်သိမ်းယူရာတွင် IDPs များ လုပ်ကိုင် စားသောက်ရန် အဆင်ပြေရေးအတွက် တဆက်တည်းမြေ ရရှိ ရေးကို ဦးစားပေး တွက်ချက်ရကြောင်း၊ မြေစာရင်း သွားရောက်တိုင်းယူရာ၌ တဖက်ကုမ္ပဏီ မြေပိုင်ရှင်က ပျိုးပင်များ စိုက်ပျိုးထားသည့်အတွက် ပျိုးပင်စိုက်လောက်သည့် မြေနေရာကို ပေးနေရသဖြင့် အချိန်ကြန့်ကြာဦးမည် ဖြစ်ကြောင်း ဒေါက်တာ လဲ့လဲ့မော်က ဆိုသည်။
မူရင်းနေရပ်သို့ ပြန်လည်ဝင်ရောက်လာမည့် IDPs များအတွက် ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်တွင် နီပွန် ဖောင်ဒေးရှင်း၏ အကူအညီဖြင့် အိမ်အလုံး ၄၀၀ တည်ဆောက်နေပြီး ၎င်းတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန် စက်မှုဇုန်တခု ဖော်ဆောင်ပေးနေမှုသည် ၅၀ ရာခိုင်နှုန်းခန့် ပြီးနေပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
တနင်္သာရီ တိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးမှုကို နအဖ စစ်အစိုးရ လက်ထက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီ ၄၄ ခုကို ဆီအုန်းစိုက်ပျိုးရန် ကော့သောင်း၊ မြိတ်နှင့် ထားဝယ်မြို့နယ်များ၌ မြေဧက ၁၀ သိန်း ချထားပေးခဲ့ကြောင်း၊ လက်ရှိ တွင် ဧက ၃ သိန်းခွဲကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း စက်မှုသီးနှံဖွံ့ဖြိုးရေးဌာန၏ ၂၀၁၄ ခုနှစ် မှတ်တမ်းများတွင် ဖော်ပြ ထားသည်။