ထိုင်းနိုင်ငံတွင် ခိုလှုံနေသော မြန်မာဒုက္ခသည်များထဲမှ ပထမ အသုတ်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး (UNHCR) နှင့် ထိုင်းနိုင်ငံ အာဏာပိုင်များက နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယခုအသုတ်တွင် လူ ၆၈ ယောက် ပါဝင်ကြောင်း သိရသည်။
ဒါဇင်နှင့် ချီသော ဒုက္ခသည်များကို သူတို့၏ ဆန္ဒအလျှောက် ကရင်ပြည်နယ်အတွင်းရှိ မြဝတီ၊ ကော့ကရိတ် နှင့် ကြာအင်း ဆိပ်ကြီး မြို့နယ်များ အပါအဝင် ဒေသများတွင် ပြန်လည်နေရာ ချထားပေးမည်ဟု ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ၏ အဆိုအရ သိရသည်။
ကရင်ပြည်နယ်တွင် ပြန်လည်အခြေချမည့် ဒုက္ခသည်များက အောက်တိုဘာလ ၂၅ ရက်နေ့တွင် မြဝတီ-မဲဆောက် ထိုင်-မြန်မာ ချစ်ကြည်ရေးတံတားကို ဖြတ်ကျော် ရောက်ရှိလာကြပြီး ကရင်ပြည်နယ် အစိုးရ တာဝန်ရှိသူများက ၎င်းတို့ကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် သွားရောက်တွေ့ဆုံမည်ဟု ဒေါ်နန်းခင်ထွေးမြင့်က ဧရာဝတီသို့ ပြောသည်။
တနင်္သာရီတိုင်းတွင် ပြန်လည် အခြေချမည့် အခြားဒုက္ခသည်များကို အခြားနယ်စပ် ဂိတ်များမှတဆင့် ပို့ဆောင်မည် ဖြစ် သည်ဟုလည်း သိရသည်။
“ကျမတို့ သူတို့ကို မနက်ဖြန်ကျရင် ကြိုဆို လက်ခံသွားမှာပါ။ မြဝတီ-မဲဆောက် ဂိတ်ကနေ ဒုက္ခသည် ၅၈ ယောက်ပို့ မယ်လို့ ကျမတို့ ကြားရပါတယ်” ဟု သူကပြောသည်။
ဒုက္ခသည်အများစုမှာ နိုဘိုးဒုက္ခသည် စခန်းမှ ရောက်လာကြသူ ဖြစ်ပြီး သူတို့၏ အပြန်ခရီးကို UNHCR က စီစဉ်ပေးခဲ့ ခြင်း ဖြစ်သည်ဟုလည်း ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။
UNHCR ၏ senior field coordinator တဦးဖြစ်သည့် Iain Hall က ပြန်ကြမည့် သူများသည် မြန်မာနိုင်ငံရှိ သူတို့၏ မိသားစုဝင်များထံမှ ပြန်ရန် လုံခြုံစိတ်ချမှုရှိကြောင်း သတင်းများရရှိခဲ့ပြီးနောက် အိမ်ပြန်ရန် ကိုယ်ပိုင် ဆုံးဖြတ်ချက် ချခဲ့သူများြ ဖစ်သည်ဟု Reuters သတင်းဌာနသို့ ပြောသည်။
“မြန်မာ အစိုးရက လာရောက်စစ်ဆေးပြီးတော့ သူတို့ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြောင်း အသိအမှတ်ပြု လက်မှတ် တွေ ထုတ်ပေးခဲ့ပါတယ်” ဟု Iain Hall က Reuters သို့ပြောသည်။ ထိုသို့ ပြန်သွားနိုင်ခြင်းက မှတ်တိုင် တခု ဖြစ်သည်ဟုလည်း သူကဆိုသည်။
ယခု ကိစ္စမှာ ထိုင်းနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော် နေထိုင်ခဲ့သည့် မြန်မာနိုင်ငံသား ဒုက္ခသည် ၁၂၀၀၀၀ ကျော်ထဲမှ ပထမဆုံး အနေဖြင့် တရားဝင် ပြန်ပို့ပေးနိုင်ခြင်း ဖြစ်သည်။ ပြည်တွင်းစစ်ကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည့် ဒုက္ခသည် အများစုမှာ မြန်မာစစ်တပ်၏ ဖိနှိပ်မှုကို ရင်ဆိုင်ခဲ့ရသည့် ကရင်တိုင်းရင်းသား အသိုင်းအဝိုင်းများမှ ဖြစ်ပါသည်။