မွတ်စလင် အများစု နေထိုင်ရာ ဒေသတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများ တိုက်ခိုက်ခံရပြီးနောက် တိုက်ခိုက်သူများအား ဖမ်းဆီးနှိမ်နင်းများ ပြုလုပ်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့များက လက်နက်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်း၊ ရွာများကို မီးရှို့ခြင်းနှင့် တရားမဲ့ ဖမ်းဆီးခြင်း စသည့် စွပ်စွဲမှုများ ထွက်ပေါ်ခဲ့ခြင်းနှင့် ပတ်သတ်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူများက တောင်းဆိုခဲ့ကြသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီးက “တိုက်ခိုက်သူတွေလို့ စွပ်စွဲထားတဲ့လူတွေကို ရှာဖွေဖို့ အာဏာပိုင်တွေက စစ်ဆင်ရေးတွေ ပြုလုပ်တဲ့ နေရာမှာ ထင်တိုင်းကြဲ ဖမ်းဆီးမှုတွေ တရားလက်လွတ် သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတယ်လို့ ပြောဆိုစွပ်စွဲတာတွေ ကြားရပါတယ်”ဟု ပြောသည်။
“ကျမတို့ရဲ့ အကြီးမားဆုံး ပြဿနာက လက်ရှိအချိန်မှာ ဖြစ်နေတဲ့ အခြေအနေမှန်ကို သေသေချာချာ ချင့်ချိန် အကဲဖြတ်ခွင့် နည်းပါးနေတာပါပဲ။ အားလုံးကို ထိန်းချုပ်ထားတဲ့ လုံခြုံရေး ဆောင်ရွက်မှုတွေကြောင့် ဒေသခံတွေရဲ့ စားနပ်ရိက္ခာ လုံလောက်မှုနဲ့ အသက်မွေးဝမ်းကြောင်းမှုတွေ အတွက် စိုးရိမ်နေတဲ့ လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းတွေကို အဟန့်အတား ဖြစ်စေပါတယ်” ဟု အောက်တိုဘာလ ၂၄ ရက်နေ့က ဂျနီဗာတွင် ထုတ်ပြန်သော ထုတ်ပြန်ချက်တခု တွင် မစ္စ ယန်ဟီးလီးက ပြောသည်။
အောက်တိုဘာလ ၉ ရက်နေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ရဲဌာနစခန်း သုံးခုအား လက်နက်ကိုင် အမျိုးသားများက ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားကတည်းက မွတ်စလင်အများဆုံးဟု ယူဆရသော လူဦးရေ ၁ သောင်းခွဲခန့် နေရပ်ကို စွန့်ခွာကြရကြောင်း အကူအညီပေးရေး အဖွဲ့အစည်းများက ပြောသည်။
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရက လုံခြုံရေးတပ်ဖွဲ့များသည် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့တွင် တိုက်ခိုက်သူများအား ရှာဖွေမှုကို ဦးတည်၍ စနစ်တကျ ဆောင်ရွက်ကြောင်း ပြောဆို ထားသည်။
နယ်စပ်ရဲဌာနမှ ဒါဇင်ပေါင်းများစွာသော လက်နက်များကို ယူဆောင်သွားသည့် စစ်သွေးကြွဟု သံသယရှိသူ အယောက် ၄၀၀ ကို ရှာဖွေရာတွင် လုံခြုံရေးတပ်ဖွဲ့များက တိုက်ခိုက်သူ အယောက် ၃၀ အား သတ်ခဲ့ပြီး သံသယရှိသူ ၅၃ ဦးကို ထိန်းသိမ်းခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် နိုင်ငံမဲ့ ရိုဟင်ဂျာ အဖွဲ့များမှ သတင်းအရင်းအမြစ်များက ဒေသခံများမှာ စစ်တပ် ဦးဆောင်သော စစ်ဆင်ရေး၏ ဖိအားများကို ခံစားနေကြရကြောင်း Reuters သတင်းဌာနသို့ ပြောသည်။ အဆိုပါ ပဋိပက္ခ အတွင်း သေဆုံးမှုအရေအတွက်မှာ သတင်းထုတ်ပြန်သော အရေအတွက်ထက် ပိုများကြောင်း သူတို့က ပြောသည်။
သေဒဏ်စီရင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ပြည်တွင်း ပြောင်းရွှေ့ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် များကလည်း စွပ်စွဲမှုများနှင့် ပတ်သက်၍ တိကျ သေချာစွာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် မစ္စ ယန်ဟီးလီးနှင့်အတူ တောင်းဆို ခဲ့ကြသည်။
အောက်တိုဘာလ ၂၃ ရက်နေ့တွင် စစ်သားများက လူပေါင်း ၂၀၀ ခန့်အား ၎င်းတို့ နေအိမ်မှ စွန့်ခွာရန် အမိန့်ထုတ်ခဲ့သည့် အတွက် ရာပေါင်းများစွာသော လူများမှာ ၎င်းတို့ရွာအနီးရှိ စပါးခင်းများတွင် ပုန်းခိုနေရကြောင်း မွတ်ဆလင် အသိုင်းအဝိုင်းမှ ခေါင်းဆောင်များနှင့် ဒေသခံများက အောက်တိုဘာလ ၂၄ရက်နေ့တွင် Reuters သတင်းဌာနသို့ ပြောသည်။
အကူအညီထောက်ပံ့သော အဖွဲ့အစည်းများမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မိမိတို့၏ ရွာမှ ပြောင်းရွှေ့နေထိုင်ရသူများအား ယခုထိ ကူညီခွင့်မရသေးကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အဆိုအရ သိရသည်။ ထိုနေရပ်စွန့်ခဲ့သူ လူဦးရေမှာ ၁ သောင်းမှ ၁ သောင်းခွဲကြား အထိ ရှိသည် ဟုဆိုသည်။
ရခိုင်တိုင်းရင်းသား ဗုဒ္ဓဘာသာဝင် အသိုင်းဝိုင်းမှ လူဦးရေ ၃ထောင်ခန့် မှာလည်း ဘုန်ကြီးကျောင်းများ၊ စာသင် ကျောင်း များ နှင့် ယာယီစခန်းများတွင် ခိုလှုံနေကြရကြောင်း ထိုအကူအညီပေးသော အဖွဲ့အစည်းများက အောက်တိုဘာ လ ၂၄ ရက်နေ့တွင် ပြောသည်။
အစားအစာ လိုအပ်နေသော လူပေါင်း ၅ သောင်း နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (World Food Programme) မှ အကူအညီများ ပုံမှန်လက်ခံရရှိနေသော မောင်တောမြို့ရှိ ကျောင်းသား ၆သောင်းခွဲ ထံသို့ စားနပ်ရိက္ခာများ မရောက်ရှိ နိုင်သေးကြောင်း UNOCHA ကပြောသည်။