သတင်း

အမျိုးသမီးများကို အကြမ်းဖက်မှု ဆန့်ကျင်သည့် ထာဝရ ဖဲကြိုးဖြူ လှုပ်ရှားမှု ပြုလုပ်မည်

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ လူမှုအသိုင်းအဝိုင်းတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်သည့် ရည်ရွယ်ချက်ဖြင့် ထာဝရ ဖဲကြိုးဖြူ သီချင်းဆိုပြိုင်ပွဲ ရန်ကုန်မြို့တွင် နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“ဒီဖဲကြိုးဖြူ သင်္ကေတဟာ အမျိုးသမီးတွေအပေါ် အကြမ်းမဖက်ပါဘူး ဆိုတာ ကတိကဝတ်ပြုတဲ့ အထိမ်းအမှတ်ဖြစ်တယ်။ အဓိကတော့ ဖဲကြိုးဖြူ တပ်ဆင်တဲ့ ကမ်ပိန်းပေါ့လေ။ ဒီလှုပ်ရှားမှုကို အထူးသဖြင့် လူငယ်တွေပိုပြီးသိအောင် ဆိုပြီး ထာဝရ ဖဲကြိုးဖြူ ဆိုတဲ့နာမည်နဲ့ သီချင်းဆိုပြိုင်ပွဲ ရှိပါတယ်”ဟု ကျား/မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် (GEN)မှ ဒါရိုက်တာ ဒေါ် မေစပယ်ဖြူ က ဧရာဝတီကို ပြောသည်။

ဆက်လက်၍ ၎င်းက သီချင်းဆိုပြိုင်ပွဲကို ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အရပ်ဘက် လူမှုအဖွဲ့အစည်း ကွန်ရက် ၃၀ ပါဝင်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု လုပ်ငန်းအဖွဲ့မှ စီစဉ် ကျင်းပခြင်း ဖြစ်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လူထုအသိပညာပေး အစီအစဉ်ကဏ္ဍ တခုဖြစ်ကြောင်း ရှင်းပြ သည်။

ထာဝရဖဲကြိုးဖြူ သီချင်းဆိုပြိုင်ပွဲအား ဂီတဝါသနာပါသည့် ပြိုင်ပွဲဝင်များကို ကူညီရွေးချယ်ရန် တေးရေး မြင့်မိုးအောင်၊ တေးရေးစိမ့်၊ တေးသံရှင် ဖြူဖြူကျော်သိန်း တို့က ဒိုင်လူကြီးများ အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အသေးစိတ် အချက် အလက်များကို သိလိုပါက “ထာဝရဖဲကြိုးဖြူ သီချင်းဆိုပြိုင်ပွဲ White Ribbon” လူမှုကွန်ရက် စာမျက်နှာတွင် ဝင်ရောက် ကြည့်ရှုနိုင်သည်ဟုလည်း ဒေါ်မေစပယ်ဖြူ က ပြောသည်။
သီချင်းဆိုပြိုင်ပွဲကို အသက်အရွယ် မရွေး၊ ကျား/မ မရွေး၊ မသန်စွမ်းသူများနှင့် လိင်စိတ်ခံယူမှု ကွဲပြားသူများပါမကျန် ပါဝင် ယှဉ်ပြိုင်နိုင်သည်ဟု ထာဝရဖဲကြိုးဖြူ သီချင်းဆိုပြိုင်ပွဲ White Ribbon” လူမှုကွန်ရက် စာမျက်နှာတွင် ဖိတ်ခေါ်ထားသည်။

ပါဝင်ယှဉ်ပြိုင်မည့် သူများသည် ဖောင်များကို နိုဝင်ဘာ ၄ ရက်တွင် နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ပြီး အဆင့် ၄ ဆင့် ပါဝင် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း၊ ပထမ ဆုရှင်ကို ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်မည်ဖြစ်ပြီး အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု ပပျောက်ရေး အသိပညာပေး လှုပ်ရှားမှုများတွင် အခမဲ့ အသုံးပြုသွားမည့် အသိပညာပေး တေး Album တွင် ပါဝင် သီဆိုရ မည်ဖြစ်ကြောင်း သိရသည်။

သီချင်းဆိုပြိုင်ပွဲ အစီအစဉ်အပြင် Myanmar Cable News နှင့် ပူးပေါင်းပြီး အနုပညာရှင်များနှင့် တွဲဖက်ကာ စကားဝိုင်း အစီအစဉ်များကို မြန်မာ့ ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ အနှံ့အပြားတွင်လည်း လူထုအသိပညာပေး ဟောပြောပွဲများ ပြုလုပ်သွားရန်ရှိကြောင်း အမျိုးသမီး အဖွဲ့ အစည်း များက ပြောသည်။

“ကမ္ဘာပေါ်မှာ အမျိုးသမီးနဲ့ ကလေးတွေကို အနိုင်ကျင့် အကြမ်းဖက်မှု ရာခိုင်နှုန်း အများဆုံး ဖြစ်နေတယ်။ ဒါကြောင့် ဇောင်းပေးပြီး လုပ်တာပါ။ အနိုင်ကျင့်၊ အကြမ်းဖက်တယ်ဆိုတာ တကယ်တော့ ရှင်းရှင်းလေးပါ။ တခြားသူတွေရဲ့ လို အပ်ချက်ကို ထည့်မစဉ်းစားဘဲ မိမိရဲ့လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့သာလုပ်တဲ့ လုပ်ရပ်တိုင်းဟာ အနိုင်ကျင့်၊ အကြမ်း ဖက်ခြင်းပါပဲ”ဟု အခရာ အမျိုးသမီးအဖွဲ့မှ ဒေါ်နန်းထွေးက ပြောဆိုသည်။

ယခုကဲ့သို့ အမျိုးသမီး အဖွဲ့အစည်းများ၏ ဆောင်ရွက်မှုကြောင့် ပြည်သူလူထုအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက် ခြင်းသည် ပြစ်မှုဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်း နားလည်လာသည်နှင့်အမျှ လူအများသိစေရန် ထုတ်ဖော် ပြောဆိုမှုများ ပြုလုပ်လာခြင်း၊ သတင်းမီဒီယာများတွင် အာရုံထား ဖော်ပြလာခြင်းနှင့် အစိုးရနှင့် မူဝါဒရေးဆွဲသူများ အနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းကို ကြီးမားသည့် ပြဿနာတရပ်အဖြစ် သိမြင်မှု မြင့်မားလာခြင်းတို့သည် တိုးတက်မှုများ ဖြစ်ကြောင်း ဒေါ်မေစပယ်ဖြူကလည်း ပြောသည်။

ကမ္ဘာတဝန်းလုံးတွင် နိုဝင်ဘာ ၂၅ မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအဖြစ် အမျိုးသမီးအရေး ဆောင်ရွက်သူများက နှစ်စဉ်ကျင်းပလေ့ရှိပြီး မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှ စတင်ကာ နှစ်စဉ်ကျင်းပခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading