ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက တရားလိုပြုလုပ် ကာ မအူပင်မဲဆန္ဒနယ် (၂) တိုင်းဒေသကြီးကိုယ်စာလှယ် ဦးသက်ကိုလေး အပါအဝင် လေးဦးကို အောက်တိုဘာ ၂၂ ရက်နေ့က အသရေဖျက်မှု၊ လိမ်လည်မှုများဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။
၎င်းလက်မှတ်ရေးထိုးထားသည့်စာတွင် ဖြတ်ညှပ်ကပ်များပြုလုပ်ကာ ပြည်သူထံ ဖြန့်ဝေ ခဲ့ခြင်းဖြင့် ဂုဏ်သိက္ခာငြိုးနွမ်းအောင်ပြုလုပ်သည့်ဟုဆိုကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက အော့ချက်(ဒ်) (Orchard) ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာမြင့်စိန်၊ NLD လွှတ်တော်ကိုယ်စားလှယ် ဦးသက်ကိုလေး၊ မောင်မောင်နှင့် စည်သူအောင် ဆိုသူတို့ကို အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက “ဒေါက်တာ မြင့်စိန်ကို အဓိကထားပြီးအမှုဖွင့်ထားတာပါ၊ ကိုယ်စားလှယ်တွေကတော့ ပါဝင်ပတ်သက်သွားတာပေါ့၊ ဒါက ဖြေရှင်းပြီးတဲ့အခါ သူတို့လွတ်ရင် လွတ်သွားမှာပါ” ဟု ဧရာဝတီသို့ပြောသည်။
ဦးစိန်ဝင်း၏ တိုင်ကြားမှုနှင့် ပတ်သက်ပြီး မအူပင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ- ၄၂၀/၅၀၀ ဖြင့် အမှုဖွင့်ထာပြီး တိုင်ကြားခံရသူများအား စစ်ဆေးရန်ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။
ဦးစိန်ဝင်း လက်မှတ်ရေးထိုးထားသည့် “လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူ များနစ်နာမှု မရှိစေရေးအတွက် ဖြေရှင်းဆောင်ရွက်ရမည့် ဆွေးနွေးလမ်းညွန်ချက်များ” စာအုပ်မျက်နှာဖုံးတွင် ဒေါက်တာမြင့်စိန်က စာသားများ ဖြတ်ညှပ်ကပ်ပြုလုပ်ကာ ကိုယ်စားလှယ်ထံ တင်ပြတိုင်ကြား ခဲ့သည့် စာကို မအူပင်မြို့နယ် မလက်တိုကျေးရွာတွင် အောက်တိုဘာ ၁၄ ရက်ကနေ့က ဖြန့်ဝေခဲ့ခြင်းဖြစ် ကြောင်းသိရှိရသည်။
အမှုဖွင့်တိုင်ကြားခံရမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ကိုလေးက “ကျနော့်ကို အမှုဖွင့်ထားတယ်လို့တော့ကြားတယ်။ တရားဝင် အကြောင်းကြားလာတာတော့ မရှိသေးပါဘူး။ သေချာမသိသေးတဲ့အတွက် ဘာမှမပြောချင်သေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
တိုင်ကြားမှုနှင့် ပတ်သက်၍လည်း ဦးစိန်ဝင်းက NLD ပါတီ ဗဟိုအလုပ်အမှု ဆောင် အဖွဲ့ထံသို့လည်း အထူးအစီအရင်ခံစာ တစောင်ကို အောက်တိုဘာ ၂၄ ရက်နေ့ရက်စွဲဖြင့် ပေးပို့ ထားကြောင်းလည်း သိရသည်။
မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းသည် ပြည်သူ့လွှတ်တော် တောင်သူလယ်သမား နှင့် အလုပ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌဖြစ်ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း မအူပင်မြို့နယ်မှပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူဖြစ်သည်။
အမှုဖွင့်တိုင်ကြားခံထားရသည့် ဒေါက်တာမြင့်စိန်၏ အော့ချက်(ဒ်)ကုမ္ပဏီမှာ မလက်တိုကျေးရွားတွင် ငါးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီဖြစ်ကြောင်း ဒေသခံတဦးကပြောသည်။
မလက်တိုကျေးရွာ အုပ်စုအတွင်း အော့ချက်(ဒ်) ကုမ္ပဏီက ၁၉၉၆ ခုနှစ်တွင် သိမ်းဆည်းခဲ့သည့် လယ်မြေ ၅၅၀ ဧကကို တောင်သူများထံ ပြန်လည်ပေးအပ်ရေး တောင်းဆိုရာမှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ တွင် တောင်သူများနှင့် လုံခြုံရေးယူပေးသော ရဲတပ်ဖွဲ့အကြား အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးကာ ၃၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး တောင်သူများဘက်မှလည်း ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်။