ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့များက စစ်ဆင်ရေး ပြုလုပ်ရာတွင် မည်သည့် တရားဥပဒေမဲ့ လုပ်ရပ်ကိုမျှ မလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုပြီး လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များကို ငြင်းပယ်ခဲ့သည်။
ယခုလ အစောပိုင်းတွင် နယ်စပ်ရဲဌာနစခန်း ၃ ခုအား ဝင်ရောက်တိုက်ခိုက်ခဲ့သူများကို မောင်တောမြို့နယ်တွင် အာဏာပိုင်များက ရှာဖွေရာတွင် တရားမဲ့ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ဗလီနှင့် နေအိမ်များကို မီးရှို့ခြင်း ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်နေသောကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူများက မြန်မာအစိုးရအား ထိုကိစ္စနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုမှုအပေါ် ဦးဇော်ဌေးက တုံပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သမ္မတရုံးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက လုံခြုံရေးတပ်များက တရားမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် ရွာများကို မီးရှို့သည်ဆိုခြင်းမှာ စွပ်စွဲချက်များသာ ဖြစ်ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
စစ်သွေးကြွများဟု သံသယရှိသူများက မည့်သည့် သက်သေများကိုမဆို ဖျောက်ပစ်ရန် သေနတ်များ ဖွက်ထားသော နေရာ အိမ်များကို မီးရှို့ထွက်ပြေးပြီးနောက် လုံခြုံရေး တပ်ဖွဲ့များက မီးငြှိမ်းရသည့် အနေအထား ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။
“လုံခြုံရေး အဖွဲ့တွေက သက်သေအထောက်အထား မရှိဘဲနဲ့ ဘယ်သူ့ကိုမှ မဖမ်းပါဘူး။ ကျနော်တို့ ဖမ်းမိထားတဲ့ တိုက်ခိုက်သူတွေကို စစ်ဆေးမေးမြန်းပြီးတော့ ရတဲ့ သတင်းအချက်အလက်တွေအရ ဘယ်သူတွေပါတယ် သိရတယ်အခါမှာ ပြန်ပြီးတော့ ရှာဖွေ ဖမ်းဆီးပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။
သတ်ဖြတ်မှုများအကြောင်းကို မေးမြန်သောအခါ ဦးဇော်ဌေးက လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် သံသယရှိသူများကို ရှာဖွေစဉ် ၎င်းတို့အား အန္တရာယ်ပြုရန် ကြိုးစားလာသူများကိုသာ ပြန်လည်တုံ့ပြန်ခြင်း ဖြစ်ပြီး “ဒီကိစ္စနဲ့ ပတ်သတ်ပြီး သတင်းအချက်အလက်တွေလည်း ထုတ်ပြန်ပေးထားပြီးပါပြီ” ဟု ၎င်းက ဆိုသည်။
အောက်တိုဘာလ ၉ရက်နေ့တွင် နယ်စပ် ရဲဌာန သုံးခု တိုက်ခိုက်ခံခဲ့ရာ၌ ထိုတိုက်ခိုက်သူများကို ရှာဖွေစဉ် ရဲတပ်ဖွဲ့ဝင် ၉ ဦးနှင့် စစ်သား ၅ ဦး ကျဆုံးခဲ့သည်။ ထို့ပြင် အစိုးရတပ်ဖွဲ့ဝင်များက စစ်ဆင်ရေး ပြလုပ်ရာတွင် စုစုပေါင်း တိုက်ခိုက်သူ ၃၂ဦး သေဆုံးခဲ့ပြီး ၅၁ဦး ဖမ်းမိခဲ့သည်။
ဦးဇော်ဌေးက နယ်စပ် ရဲဌာနများ တိုက်ခိုက်ခံရပြီးနောက် မြန်မာစစ်တပ်က မွတ်စလင် ရွာသားများအား အတင်းအဓမ္မ နှင်ထုတ်ခြင်းဟူသော လုံခြုံရေးတပ်ဖွဲ့များ လာလျှင် ရွာသားများက ထွက်ပြေးရသည်ဟု ဆိုသော စွပ်စွဲချက်များကို ငြင်းပယ်ခဲ့သည်။
“ကျနော်တို့က သူတို့ကို ထွက်ပြေးဖို့ထက် ကိုယ့်အိမ်တွေမှာ ကိုယ်ပြန်နေဖို့ ပြောနေရတာပါ။ သူတို့ ထွက်ပြေးရင် သူတို့ကြားထဲမှာ ပုန်းနေတဲ့ တိုက်ခိုက်သူတွေကို ရှာဖို့ ပိုခက်ပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။
အောက်တိုဘာလ ၂၄ ရက်နေ့က ဂျနီဗာတွင် ထုတ်ပြန်သော ထုတ်ပြန်ချက်တခုတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီးက “ကျမတို့ရဲ့ အကြီးမားဆုံး ပြဿနာက လက်ရှိအချိန်မှာ ဖြစ်နေတဲ့ အခြေအနေမှန်ကို သေသေချာချာ ချင့်ချိန် အကဲဖြတ်ခွင့် နည်းပါးနေတာပါပဲ။ အားလုံးကို ထိန်းချုပ်ထားတဲ့ လုံခြုံရေး ဆောင်ရွက်မှုတွေကြောင့် ဒေသခံတွေရဲ့ စားနပ်ရိက္ခာ လုံလောက်မှုနဲ့ အသက်မွေးဝမ်းကြောင်းမှုတွေ အတွက် စိုးရိမ်နေတဲ့ လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းတွေကို အဟန့်အတား ဖြစ်စေပါတယ်” ဟု ထုတ်ပြန်သည်။
ကုလသမဂ္ဂ၏ အခြား အထူးကိုယ်စားလှယ်များကလည်း စွပ်စွဲမှုများနှင့် ပတ်သက်၍ တိကျ သေချာစွာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် မစ္စ ယန်ဟီးလီးနှင့်အတူ တောင်းဆိုခဲ့ကြသည်။