မောင်တောဒေသတွင်း စစ်ဆင်ရေးကဲ့သို့ အဖြစ်မနေစစ်ပွဲများကို အထောက်အကူပြုရန် လိုအပ်ချက်အရ မဟုတ်သည့် တိုင်းရင်းသားဒေသ စစ်ပွဲများရပ်တန့်ဖို့လိုကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွ့ဲချုပ် (SNLD) ပါတီ တည်ထောင်ခြင်း ၂၈ နှစ်ပြည့် အခမ်းအနားကို ယနေ့ မနက်ပိုင်းက ရန်ကုန်မြို့ရှိ Panda Hotel တွင် ပြုလုပ်ခဲ့ရာ၌ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဦးခွန်ထွန်းဦး ပြောဆိုချက်နှင့် ပတ်သက်ပြီး SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “ ရခိုင်ဒေသမှာ လိုအပ်ချက်အရ တိုက်နေရတဲ့ စစ်ပွဲတွေကို ကျနော်တို့ ကန့်ကွက်လို့ မရဘူး။ အခုလို ငြိမ်းချမ်းရေး တည်ဆောက်ရေနေချိန်မှာ တိုင်းရင်းသားဒေသတွေက စစ်ပွဲတွေကို ရပ်သင့်ပါတယ်” ဟု ပြောသည်။
မောင်တောဒေသတွင် ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက် နံနက်ပိုင်း၌ နယ်ခြားစောင့်ဌာနများ အကြမ်းဖက် တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်ပြီး အစိုးရက မောင်တောဒေသကို စစ်ဆင်ရေးမြေအဖြစ်သတ်မှတ်၍ တပ်မတော်က အကြမ်းဖက် တိုက်ခိုက်ခဲ့သူများကို နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၌ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင်နိုင်ရေးကို ဆောင်ရွက်လျက်ရှိပြီး SNLD အနေဖြင့် တပါတီတည်းရပ်တည်သည့် မူဝါဒကို မယုံကြည်သောကြောင့် မဟာမိတ်ဖွဲ့စည်းခြင်း မူဝါဒကို အလေးအနက်ထားပါကြောင်း ပါတီ၏ထုတ်ပြန်တွင် ဖော်ပြထားသည်။
SNLD ပါတီ၏ ထုတ်ပြန်ချက်တွင် တပ်မတော်နှင့် ပြည်တွင်းအဖွဲ့အစည်းတချို့ အကြား စစ်ရေးတင်းမာနေမှုကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်း ဖြေရှင်းကြရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။
ထို့အပြင် SNLD ပါတီ၏ ထုတ်ပြန်ချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်နေသည့် အစိုးရအဖွဲ့က အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်လာအောင် ကြိုပမ်းနေရဆဲဖြစ်သည်ကို တွေ့မြင်ရကြောင်းနှင့် တရားဥပဒေ စိုးမိုးရေး လိုအပ်ချက်နှင့် စီးပွားရေး တုံ့ဆိုင်းနေမှုများအပေါ် ပူပင်မှုများကို အမြန်းဆုံးကုစားဖို့ လိုအပ်ကြောင်း ထောက်ပြခဲ့သည်။
လက်ရှိအချိန်တွင် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့အတွင်း အစိုးရ တပ်မတော်နှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA) ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ထို့အပြင် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နှင့် မိုင်းလားတပ်ဖွဲ့အကြား စစ်ရေးအရ တင်းမာနေကြောင်း သိရသည်။